ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ကိုပစ်မှတ်ထားတဲ့ အမေရိကန်နည်းပညာစစ်ပွဲ
တရုတ်နိုင်ငံရဲ့ ဆီမီးကွန်ဒတ်တာလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနိုင်အောင် အမေရိကန်ပြည်ထောင်စုဟာ အရှိန်ဟုန်မြှင့် ကြိုးစားအားထုတ်လာပါတယ်။
ဆီမီးကွန်ဒတ်တာဟာ စမတ်ဖုန်းတွေကနေ စစ်လက်နက်တွေမှာအထိ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းပါ။
အောက်တိုဘာလထဲမှာ တရုတ်နိုင်ငံဆီ ချစ်ပ်တွေတင်ပို့တဲ့ကုမ္ပဏီတွေဟာ လိုင်စင်လျှောက်ထားဖို့လိုတယ်ဆိုပြီး အမေရိကန်အစိုးရက ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်တဲ့အနေနဲ့ ကြေညာလိုက်ပါတယ်။
အမေရိကန်ကိရိယာ၊ အမေရိကန်ဆော့ဖ်ဝဲတွေကို အသုံးပြုထားတယ်ဆိုရင် ကမ္ဘာ့ဘယ်နေရာမှာ ထုတ်လုပ်တဲ့ချစ်ပ်ကို မဆို အဲသလို ထိန်းချုပ်လိုက်တဲ့အထဲမှာ အကျုံးဝင်ပါတယ်။
အမေရိကန်နိုင်ငံသားတွေနဲ့ ဂရီးန်ကတ်ကိုင်ဆောင်ထားသူတွေကိုပါ တရုတ်ချစ်ပ်ကုမ္ပဏီတွေမှာ လုပ်ကိုင်လို့မရအောင် ထိန်းချုပ်တာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဂရီးန်ကတ်ကိုင်ဆောင် ခွင့်ရသူဆိုတာဟာ အမေရိကန်နိုင်ငံထဲမှာ အမြဲတန်းနေထိုင်ခွင့်ရပြီး အလုပ်လုပ်ခွင့်ရှိသူတွေဖြစ်ပါတယ်။
ဒါဟာ ဆီမီးကွန်ဒတ်တာ အဆင့်မြင့်နည်းပညာနဲ့ပတ်သက်ပြီး အမေရိကန်သော့ချက်နည်းပညာတွေ တရုတ်နိုင်ငံဘက်ကို စီးဆင်းခွင့်မရအောင် လမ်းကြောင်းဖြတ်တောက်လိုက်တာလည်း ဖြစ်ပါတယ်။
ဘာ့ကြောင့် အခုလိုလုပ်သလဲ
အဆင့်မြင့်ချစ်ပ်တွေကို ဆူပါကွန်ပျူတာတွေ၊ အေအိုင်ဉာဏ်ရည်တုတွေနဲ့ စစ်ရေးလက်နက်ကိရိယာတွေမှာ အသုံးပြုပါတယ်။
တရုတ်ဟာ အမေရိကန်လုံခြုံရေးကို နည်းပညာအသုံးပြုပြီး ခြိမ်းခြောက်ဖို့ ခြေလှမ်းပြင်နေပြီလို့ အမေရိကန်ကဆိုပါတယ်။
စစ်ရေးမှာအသုံးပြုနိုင်တဲ့ အကဲဆတ်နည်းပညာတွေကို တရုတ်ကမရရှိနိုင်အောင် ဘာမဆိုလုပ်ဆောင်ဖို့ ရည်ရွယ်တယ်လို့ အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးဌာနရဲ့ လက်ထောက်အတွင်းဝန်အလန်အိစ်ဗက်ဇ်က ကြေညာပါတယ်။
လုံခြုံရေးကိုခြိမ်းခြောက်သူ ဘယ်သူလဲဆိုတာဟာ အမြဲလိုလို ပြောင်းလဲနေပါတယ်။ ဒါ့ကြောင့် စိန်ခေါ်မှုတွေကို အကာအကွယ်ပြုနိုင်ဖို့ရာ အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို အမြဲတန်းအချိန်နဲ့အညီအကဲဖြတ်နေရတယ်လို့လည်း ဆိုပါတယ်။
တရုတ်ကတော့ အမေရိကန်အစိုးရရဲ့ လုပ်ရပ်ဟာ “နည်းပညာအကြမ်းဖက်ဝါဒ” လို့ခေါ်ဆိုသုံးနှုန်းပါတယ်။
ဒီနည်းပညာစစ်ပွဲဟာ တကမ္ဘာလုံးမှာရှိတဲ့ ထုတ်လုပ်သူတွေအပေါ် ဘယ်လောက် သက်ရောက်မှုရှိမလဲဆိုပြီး ထိုင်ဝမ်၊ စင်္ကာပူ၊ တောင်ကိုရီးယား စတဲ့အာရှနိုင်ငံတွေမှာရှိတဲ့ ချစ်ပ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက စိုးရိမ်နေကြပါတယ်။
အခုလို ချစ်ပ်နဲ့ပတ်သက်ပြီး နည်းပညာပဋိပက္ခဖြစ်လာတာဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ အဆင့် ၃ ဆင့်ပြောင်းလဲဖြစ်ပေါ်လာတာပါ။
တရုတ်ကုမ္ပဏီတွေကို ကန့်သတ်စာရင်းထဲပိုမိုထည့်သွင်းလိုက်ခြင်း
ဘိုင်ဒန်အစိုးရဟာ အဓိက ချစ်ပ်ကုမ္ပဏီကြီးဖြစ်တဲ့ YMTC အပါအဝင် တရုတ်ကုမ္ပဏီ ၃၆ ခုကို ကန့်သတ်အဖွဲ့အစည်းစာရင်းထဲ ထပ်မံထည့်သွင်းလိုက်ပါတယ်။
ဒါက ဘာအဓိပ္ပာယ်လဲဆိုတော့ အမေရိကန်ကုမ္ပဏီတွေဟာ အဲဒီကန့်သတ်ကုမ္ပဏီတွေဆီ နည်းပညာနဲ့ပတ်သက်ပြီး ရောင်းချင်တယ်ဆိုရင် အစိုးရဆီက ခွင့်ပြုချက်တောင်းခံရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ခွင့်ပြုချက်တောင်းရင်လည်း ရခဲပါတယ်။
အမေရိကန်နဲ့ ဗြိတိန်အစိုးရရဲ့ ထိန်းချုပ်မှုကြောင့် အလီဘာဘာအပါအဝင် တရုတ်လုပ်ငန်းတွေကို အဆင့်မြင့် ချစ်ပ်ဒီဇိုင်းတွေ ရောင်းချလို့မရဘူးလို့ ဗြိတိန်အခြေစိုက် ချစ်ပ်ဒီဇိုင်းကုမ္ပဏီ အမ်းက အတည်ပြုပြောကြားပါတယ်။
အမ်းကုမ္ပဏီဟာ ပို့ကုန်ဥပဒေနဲ့ တရားရေးဆိုင်ရာစည်းမျဉ်းမှန်သမျှကို လိုက်နာဖို့သန္နိဋ္ဌာန်ချထားတယ်လို့ ဆိုပါတယ်။
တရုတ်က ကမ္ဘာ့ကုန်သွယ်အဖွဲ့ချုပ်ထံတိုင်ကြား
တရုတ်က အမေရိကန်ရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ကုန်သွယ်အဖွဲ့ချုပ် World Trade Organization (WTO)ထံစောဒကဖွင့်ဆိုတိုင်ကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဂျိုးဘိုင်ဒန် သမ္မတဖြစ်လာပြီးနောက်ပိုင်းမှာ တရုတ်က ကမ္ဘာ့ကုန်သွယ်အဖွဲ့ချုပ်ကို အမေရိကန်အစိုးရနဲ့ ပတ်သက်ပြီး ပထမဆုံးတိုင်ကြားတဲ့အမှုဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ သူတို့ရဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ ထုတ်လုပ်မှုကဏ္ဍတွေမှာ ဦးဆောင်မှုရနေတာကို အခွင့်ကောင်းယူပြီး ပို့ကုန်လုပ်ငန်းအပေါ်မှာ မလျော်တဲ့နည်းနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတာလို့ တရုတ်က အဲဒီတိုင်ကြားချက်ထဲမှာ စွပ်စွဲဖော်ပြထားပါတယ်။
အမေရိကန်ရဲ့ တားမြစ်ပိတ်ပင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းရဲ့ တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်အစိုးရဟာ တရုတ်ပို့ကုန် ၂၈၀၀ နီးပါးကို ကန့်သတ်မှုတွေလုပ်ခဲ့ပြီး အဲဒီအထဲက ၁၈၀၀ ကသာ နိုင်ငံတကာကုန်သွယ်စည်းမျဉ်းနဲ့ ကိုက်ညီတယ်လို့ တရုတ်နိုင်ငံရဲ့ စောဒကတင်ပြချက်ထဲမှာ ဖော်ပြထားပါတယ်။
အမေရိကန်က အခုတိုင်ကြားချက်ကို ရက်ပေါင်း ၆၀ အတွင်းဖြေရှင်းရမှာ ဖြစ်ပါတယ်။ မဖြေရှင်းခဲ့ရင် အဲဒီအမှုကို သုံးသပ်စစ်ဆေးဖို့အတွက် ခုံအဖွဲ့ဖွဲ့စည်းဖို့ တရုတ်နိုင်ငံက တောင်းဆိုခွင့် ရှိပါတယ်။
အမျိုးသားလုံခြုံရေးနဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုကို ကုန်သွယ်ရေးအဖွဲ့အစည်းထံတိုင်ကြားတာဟာ မှန်ကန်တဲ့နေရာဌာနမဟုတ်ဘူးလို့ အမေရိကန်ဘက်က တုံ့ပြန်ပါတယ်။
အဆင့်မြင့်နည်းပညာတွေကို ရယူခွင့်မပြုဘဲ ပြတ်ပြတ်သားသားငြင်းဆိုဖို့ အမေရိကန်အမျိုးသားလုံခြုံရေး အကျိုးစီးပွားအရ လိုအပ်နေတယ်လို့ အမေရိကန်ကုန်သွယ်ရေးနဲ့ ပို့ကုန်ဌာန လက်ထောက်အတွင်းဝန် သီယာကန်ဒလာကဆိုပါတယ်။
သမ္မတထရမ့်လက်ထက်တုန်းက သံမဏိနဲ့အလူမီနီယံအပေါ် အခွန်အတုပ်ချမှတ်ခဲ့တာဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်စည်းမျဉ်းကို ချိုးဖောက်တာဖြစ်တယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်က ဒီလစောစောပိုင်းမှာပဲ ဆုံးဖြတ်ချက်ချခဲ့ပါသေးတယ်။ တရုတ်ကနေ အမေရိကန်ကိုတင်ပို့တဲ့ ကုန်ပစ္စည်းတွေရဲ့ ၃ ပုံ ၂ ပုံဟာ အခွန်အတုပ်ပေးဆောင်ရပါတယ်။
ကမ္ဘာ့ကုန်သွယ်အဖွဲ့ချုပ်ရဲ့ သံမဏိ၊ အလူမီနီယံဆုံးဖြတ်ချက်ကို အမေရိကန်အစိုးရက ပြင်းထန်စွာပယ်ချလိုက်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ သူတို့ရဲ့သတ်မှတ်ချက်ကို ရုပ်သိမ်းပေးမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဂျပန်၊ နယ်သာလန်တို့နဲ့ ပြောဆိုမှု
ဂျပန်နဲ့ နယ်သာလန်တို့ကလည်း တရုတ်ပို့ကုန်တွေအပေါ်မှာ ထိန်းချုပ်လာနိုင်ပါတယ်။ တရုတ်စျေးကွက်ထဲကို နည်းပညာ အဆင့်မြင့်ပစ္စည်းတွေရောင်းလို့ မရအောင် ဂျပန်ကုမ္ပဏီ၊ နယ်သာလန်ကုမ္ပဏီတွေကို ကန့်သတ်နိုင်ပါတယ်။
ချစ်ပ် အဓိကထုတ်လုပ်တဲ့ နိုင်ငံကြီး ၂ နိုင်ငံဖြစ်တဲ့ ဂျပန်၊ နယ်သာလန်တို့နဲ့ ဆွေးနွေးပြောဆိုနေတယ်လို့ အမေရိကန်အစိုးရ အိမ်ဖြူတော် လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က တနင်္လာနေ့မှာပြောကြားပါတယ်။ တရုတ်အပေါ် အမေရိကန်ထိန်းချုပ်သလို ထိန်းချုပ်ဖို့ ဆွေးနွေးတာပါ။
အသေးစိတ်ကို နောက်ထပ်ထုတ်ပြန်ကြေညာမှာ မဟုတ်ဘူးလို့ မစ္စတာဆူလီဗန်က သတင်းသမားတွေကိုပြောခဲ့ပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။
အမေရိကန်တို့ရဲ့ ပစ်မှတ်ဟာ ချစ်ပ် စျေးကွက်သာမကပါဘူး။ ချစ်ပ်ပြုလုပ်တဲ့ ကိရိယာတွေ ထုတ်လုပ်မှုအပေါ်မှာပါ သက်ရောက်ပါတယ်။ ဂျပန်နဲ့ နယ်သာလန်ကုမ္ပဏီကြီးတွေ အနေနဲ့ အမေရိကန်ဆွေးနွေးသလို လုပ်ရင် ကြီးမားတဲ့ဝယ်လက်ကြီးတွေဆုံးရှုံးမှာပါ။
နယ်သာလန် ချစ်ပ်ကုမ္ပဏီ ASML Holding NV ရဲ့အမှုဆောင် အရာရှိချုပ် ပီတာဝန်းနစ်က နယ်သာလန်အနေနဲ့ တရုတ်ပို့ကုန်အပေါ်ထိန်းချုပ်သင့်ရဲ့လားလို့ မေးခွန်းထုတ်ပါတယ်။
အမေရိကန်အစိုးရရဲ့ ဖိအားကိုလိုက်လျောပြီး နယ်သာလန်အစိုးရကကန့်သတ်ခဲ့လို့ သူတို့ကုမ္ပဏီဟာ အဆင့်မြင့် လစ်သိုဂရပ်ဖီစက်ပစ္စည်းတွေကို တရုတ်နိုင်ငံကို ၂၀၁၉ ခုနှစ်ကတည်းက မရောင်းဘဲ ရပ်ခဲ့ရပြီးပြီလို့ ထောက်ပြပါတယ်။
အမေရိကန်နဲ့ စားပွဲဝိုင်းပေါ်ချပြီး ဆွေးနွေးသင့်ပါပြီ။ ဒါပေမဲ့ သူတို့ကုမ္ပဏီအနေနဲ့ကတော့ ဆုံးရှုံးခဲ့ရပြီးပြီလို့ သူကသတင်းမီဒီယာတွေကို ပြောပါတယ်။
ဘာဆက်ဖြစ်မလဲ
ကုန်ပစ္စည်းအသစ်တွေထုတ်လုပ်ဖို့အတွက် ချစ်ပ်ထုတ်လုပ်သူတွေဟာ ပိုမိုအဆင့်မြင့်တဲ့ နည်းပညာကို အမြဲလိုလိုရှာဖွေနေရပါတယ်။
ဥပမာ Apple ကုမ္ပဏီရဲ့ လက်ပ်တော့အသစ်မှာ အသုံးပြုမဲ့ ချစ်ပ်ဟာ ထိုင်ဝမ်ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေးကုမ္ပဏီ Taiwan Semiconductor Manufacturing Company ကထုတ်လုပ်မယ့် ၃ နာနိုမီတာနည်းပညာပါဝင်မှာ ဖြစ်ပါတယ်။
၃ နာနိုမီတာဆိုတာ ဘယ်လောက်သေးငယ်ကြောင်းမြင်သာအောင် နှိုင်းယှဉ်ပြရရင် လူ့ဆံပင်တချောင်းဟာ နာနိုမီတာ ၅ သောင်းကနေ ၁ သိန်းရှိပါတယ်။
အမေရိကန်ရဲ့ ထိန်းချုပ်မှုဟာ တရုတ်ကို ချစ်ပ်နည်းပညာနဲ့ပတ်သက်ပြီး တခြားနိုင်ငံတွေနောက် ပြန်ကျန်ရစ်ခဲ့အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ သုံးသပ်သူတွေကဆိုပါတယ်။
တရုတ်ကတော့ ဆီမီးကွန်ဒတ်တာထုတ်လုပ်မှုကို သူတို့အနေနဲ့ ဦးစားပေးဆောင်ရွက်လိုကြောင်း ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖော်ပြောဆိုပါတယ်။
အခုနောက်ဆုံးလုပ်ဆောင်ချက်ဟာ အောက်တိုဘာလတုန်းက လုပ်ဆောင်ချက်လောက်မများပြားပေမဲ့ အမေရိကန်အစိုးရဟာ တရုတ်ချစ်ပ် ထုတ်လုပ်မှုလုပ်ငန်းကို သိသိသာသာ အထီးကျန်ဖြစ်စေဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။