၂၀၂၃ အတွက် အာကာသစူးစမ်းမှု စီမံကိန်းများ

အာကာသအကြောင်း စိတ်ဝင်စားကြသူတွေ အတွက်တော့ ၂၀၂၃ ဟာ ရင်ခုန်စရာ ဖြစ်လာမှာပါ။

၂၀၂၂ ကုန်ဆုံးခါနီးမှာ Artemis 1 အာကာသ ခရီးစဉ်အဖြစ် လဆီကို လူမပါတဲ့ အာကာသယာဉ် လွှတ်တင်ခဲ့ကြပါတယ်။

ဒီနှစ်ထဲမှာလည်း အာကာသ ခရီးစဉ်တွေ အများကြီး စီစဉ်ထားကြတာမို့ ဒုံးပျံကြီးတွေ အကြိမ်ကြိမ် လွှတ်တင်ကြတာကို မြင်ကြရဖို့ ရှိပါတယ်။ အဲဒီထဲက အများစုကတော့ လဆီကို လူတွေ တကျော့ပြန် ခြေချနိုင်ရေးအတွက် ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။

ဆိုတော့ ဒီ ၂၀၂၃ ထဲ ဘာတွေ စီစဉ်ထားကြသလဲ ကြည့်ကြရအောင်ပါ။

လ ခရီးစဉ်များ

လပတ်လမ်းထဲမှာ ပတ်ပျံသန်းပြီး ကမ္ဘာမြေကို ပြန်လာခဲ့တဲ့ Orion ရဲ့ လ ခရီးစဉ် အောင်မြင်ခဲ့ပြီး နောက်မှာ နာဆာက နောက်ထပ် အာကာသခရီးစဉ်တွေအတွက် လိုအပ်မယ့် ပစ္စည်းကိရိယာတွေကို စမ်းသပ်ဖို့နဲ့ တခြား သိပ္ပံဆိုင်ရာ ဓာတ်ခွဲလေ့လာမှုတွေ လုပ်ဖို့ အတွက် အာကာသခရီးစဉ် အသစ်တွေ စီစဉ်ထားပါတယ်။ သူတို့က လာမယ့် ၂၀၂၅ မှာ လဆီကို လူအာကာသယာဉ်မှူးတွေ လွှတ်တင်ရေးအတွက် အသင့်ဖြစ်အောင် ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

ဒီနှစ်ထဲ လွှတ်တင်ဖို့ စီစဉ်ထားကြတဲ့ အထဲမှာ Nova-C lunar lander ကို လွှတ်တင်ရေးလည်း ပါဝင်ပါတယ်။ အဲဒီ ယာဉ်နဲ့ သိပ္ပံဆိုင်ရာ ပစ္စည်းကိရိယာ ၅ မျိုးကို သယ်ဆောင်သွားမှာ ဖြစ်ပြီး လ ရဲ့ Ocean of Storms ဆိုတဲ့ နေရာမှာ ချထားပေးမှာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေအတွက် လဆီကို လူတွေ မစေလွှတ်သေးခင် ကမ္ဘာမြေကနေပဲ ဒီပစ္စည်းတွေကို ကြိုတင်စမ်းသပ်မှုတွေ လုပ်နေနိုင်လောက်တဲ့ အထိ အဆင့်မြင့်နည်းပညာတွေ အသုံးပြုထားပါတယ်။

ဖရီကွင်စီ နိမ့် ရေဒီယိုစနစ်တွေ၊ အာရုံခံ ဆင်ဆာတွေနဲ့ ကင်မရာတွေ ကိုလည်း အနာဂတ်ခရီးစဉ်တွေအတွက် အရေးကြီးတဲ့ အချက်အလက် စုဆောင်းမှုပိုင်းနဲ့ မှတ်တမ်းတင်မှုတွေမှာ ဘယ်လောက် အလုပ်ဖြစ်သလဲ ဆိုတာကို စမ်းသပ်ကြမှာ ဖြစ်ပါတယ်။

လပေါ် လူတွေ လွှတ်နိုင်ဖို့ ပြင်ဆင်နေကြတဲ့ အထဲမှာ Vulcan Centaur ဒုံးပျံနဲ့ Peregrine လဆင်းယာဉ် လွှတ်တင်ရေးလည်း ပါဝင်ပါတယ်။

အဲဒီ လဆင်းယာဉ်မှာ အင်ဂျင် ၅ လုံး ပါပြီး လပေါ်ကို ပစ္စည်းကိရိယာတွေ ပို့ဆောင်ပေးရာမှာ သုံးစွဲဖို့ အတွက် ရည်ရွယ်ထားကြပါတယ်။ ကုန်သယ် ကုန်ပို့ အာကာသယာဉ် တမျိုးလို့ ဆိုရမှာ ဖြစ်ပါတယ်။

အာကာသ ခရီးသွားလုပ်ငန်း

ဒီနှစ်ထဲမှာ နိုင်ငံတကာ အာကာသစခန်း (ISS) ဆီကို သွားမယ့် အာကာသ ခရီး ၂ ခု ရှိပါတယ်။ အခကြေးငွေနဲ့ ခရီးသွားတွေကို ကမ္ဘာပတ်လမ်းထဲမှာ ၁၀ ရက်တာ နေဖို့ ပို့ဆောင် ပေးကြမှာ ဖြစ်ပါတယ်။

အဲဒီ ခရီးသည်တွေ အဖို့တော့ မမေ့နိုင်စရာ မြင်ကွင်းတွေကို မြင်ကြ ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

ဒီ ခရီးစဉ်တွေအပြင် ဂျပန်က ဘီလျံနာ သူဌေးကလည်း သူ Space X နဲ့ လ ကို ပတ်မယ့် အာကာသခရီးမှာ သူနဲ့ အတူ လိုက်ပါဖို့ အတွက် လူ ၈ ယောက်ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စုက စည်းကမ်းထိန်းသိမ်းသူတွေကတော့ ဒီခရီးစဉ်အတွက် ဘာမှ မီးစိမ်းပြထားတာမျိုး မရှိသေးပါဘူး။

ISS အတွက် ထောက်ပို့ ခရီးစဉ်များ

မကြာသေးတဲ့ နှစ်ပိုင်းတွေအတွင်းက စပြီး နိုင်ငံတကာ အာကာသစခန်း (ISS) အတွက် ထောက်ပို့ ခရီးစဉ်တွေမှာ ဘီလျံနာ သူဌေး အီလွန်မာ့စ်ခ်ပိုင်တဲ့ ကုမ္ပဏီ Space X ရဲ့ Crew Dragon အာကာသယာဉ်တွေကို အောင်မြင်စွာ အသုံးပြုလာကြပါတယ်။ အဲဒီ ကုမ္ပဏီကို နိုင်ငံတကာ အာကာသစခန်း အတွက် လူနဲ့ ကုန်ပစ္စည်းတွေ တင်ပို့တာနဲ့ ပြန်လည် သယ်ဆောင်ရာတွေမှာ အသုံးပြုတာ ဖြစ်ပါတယ်။

၂၀၂၃ အတွင်းမှာလည်း နာဆာက အလားတူ အာကာသခရီးစဉ်တွေ စေလွှတ်ဖို့ စီစဉ်ထားပါတယ်။

ဒါပေမယ့် ဒီနှစ်ထဲမှာ နာဆာရဲ့ အာကာသ ယာဉ်မှူးတွေကို သယ်ဆောင်ပေးမှာက ဒီ Dragon အာကာသယာဉ်တွေချည်း မဟုတ်ပါဘူး။ Boeing ကုမ္ပဏီရဲ့ CST-100 Starliner နဲ့လည်း သယ်ဆောင်ပေးဖို့အတွက် စီစဉ်ထားပြီး ဖြစ်တာကြောင့် ဒီခရီးစဉ်ကိုလည်း မြင်ကြရဦးမှာပါ။

Boeing CST-100 Starliner ကို နိုင်ငံတကာ အာကာသစခန်းနဲ့ ကမ္ဘာပတ်လမ်းနိမ့်ထဲက တခြားနေရာတွေကို လူတွေ ပို့ဆောင်ပေးနိုင်ဖို့အတွက်နဲ့ အကြိမ်ကြိမ် ပြန်လည် သုံးစွဲလို့ ရအောင် ဒီဇိုင်းထုတ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အကြိမ်ကြိမ် ဆိုရာမှာလည်း ၁၀ ကြိမ်အထိ သုံးစွဲနိုင်မှာ ဖြစ်ပြီး တက်ဘလက်နဲ့ ဝိုင်ယာလက်စ် အင်တာနက် အပါအဝင် အဆင့်မြင့် နည်းပညာသစ်တွေကို တပ်ဆင်ပေးထားပါတယ်။ ဒီနှစ်ထဲမှာ ဒီအာကာသယာဉ်ရဲ့ ခရီးစဉ်တခုကို စမြင်ကြရမှာ ဖြစ်ပါတယ်။

ရေခဲခြုံ လများ

ဥရောပ အာကာသ အေဂျင်စီ (ESA) ကလည်း အာကာသ စီမံကိန်းတွေ ချမှတ်ထားကြပါတယ်။ အဲဒီထဲမှာ ဂျူပီတာခေါ် ကြာသပတေးဂြိုဟ်ကြီးရဲ့ အေးခဲနေတဲ့ ဂြိုဟ်ရံလတွေဆီကို စူးစမ်းလေ့လာမယ့် အာကာသယာဉ် လွှတ်ဖို့လည်း ပါဝင်ပါတယ်။

ဒီ စီမံကိန်းတွေကတော့ အတော် သည်းခံ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အဲ့ဒီကို အရောက်သွားဖို့က အချိန်အားဖြင့် ၈ နှစ်ကြာမှာ ဖြစ်ပါတယ်။

၈ နှစ်စောင့်ပြီး ရောက်သွားတဲ့ အခါမှာတော့ ဂျူပီတာနဲ့ သူ့ရဲ့ ရေခဲပြင်တွေ ဖုံးလွှမ်းသိုင်းခြုံထားတဲ့ ဂြိုဟ်ရံလတွေကို စူးစမ်းလေ့လာမှုတွေ စတင်သွားမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ မတိုင်ခင်မှာလည်း Psyche လို့ အမည်ပေးထားတဲ့ သတ္တုပါဝင်မှု များတဲ့ ဂြိုဟ်စိုင်ကြီး တခုကို သွားရောက်လေ့လာမယ့် အာကာသခရီးစဉ်တခုကို Space X ရဲ့ Falcon Heavy နဲ့ နာဆာက လွှတ်တင်သွားဖို့ စီစဉ်ထားကြပါတယ်။ တကယ်တော့ ဒီခရီးစဉ်က ပြီးခဲ့တဲ့ ၂၀၂၂ အတွင်းက လွှတ်တင်ဖို့ စီစဉ်ခဲ့ကြတာပါ။

ဒါပေမယ့် နည်းပညာပိုင်းနဲ့ ဆော့ဖ်ဝဲတချို့ အလုပ်မလုပ်တာကြောင့် နှောင့်နှေးသွားတာ ဖြစ်ပါတယ်။ ဆိုတော့ ဒီခရီးစဉ် ပြီးဆုံးဖို့ ၂၀၂၉ အထိ စောင့်ကြည့်ရမှာပါ။ သူ့ခရီးဆုံး မရောက်သေးခင် လမ်းမှာ မားစ် ခေါ် အင်္ဂါဂြိုဟ် ကို ဖြတ်ပြီး ပျံသန်း လေ့လာဖို့ ရှိပါတယ်။

ထိပ်တန်း လျှို့ဝှက်

အာကာသနဲ့ပတ်သက်လို့ သိသလောက် အချက်အလက်တွေကိုတော့ ဝေမျှပေးပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မသိသေးတာတွေလည်း ရှိပါသေးတယ်။

အမေရိကန်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ နောက်ဆုံး ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ တခု ရှိပါတယ်။ The US Space Force လို့ ခေါ်ပါတယ်။ မြန်မာလိုဆိုရင်တော့ အမေရိကန် အာကာသ တပ်ဖွဲ့လို့ပဲ ခေါ်ရမှာပါ။ အဲဒီ တပ်ဖွဲ့ကလည်း ဒီနှစ်ထဲမှာ အာကာသ ခရီးစဉ်တချို့ လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။ ဘာအတွက်ကြောင့် လွှတ်တင်မှာလဲ၊ ဘာတွေ သယ်သွားမှာလဲ ဘာမှ မသိရပါဘူး။ အာကာသ ဆိုင်ရာ တပ်ဖွဲ့နဲ့ ပတ်သက်လို့ မေးခွန်းသစ်တွေသာ ထပ်များလာနေပါတယ်။

ဒီလို မေးခွန်းတွေ တိုးလာနေပေမယ့် ဒီအာကာသ တပ်ဖွဲ့နဲ့ပတ်သက်လို့ အချက်အလက်တွေ အများကြီးက ထိပ်တန်း လျှို့ဝှက် အဆင့်ဖြစ်ပါတယ်။ ဆိုတော့ အထူးအခွင့်အရေးရသူ တချို့သာလျှင် ကြည့်မြင်ခွင့် ရှိပါတယ်။ ဒါကို ကြည့်ရင်ပဲ အမေရိကန် အစိုးရရဲ့ ထိပ်တန်းအရာရှိကြီးတွေဟာ သူတို့လျှို့ဝှက်ထားတာတွေကို အကုန်ပေးမသိချင်ဘူး ဆိုတာ ပြနေပါတယ်။

သိသလောက်ပြောရရင်တော့ ဒီတပ်ဖွဲ့ဟာ မနှစ်က အာကာသ ယာဉ်ပျံ တစင်းလွှတ်တင်ခဲ့ပါတယ်။ အဲဒီ ယာဉ်ပျံဟာ ကမ္ဘာကြီးကို ၉၀၈ ရက်ကြာ စံချိန်တင်ပတ်ပြခဲ့ပါတယ်။

အထက်မှာ ပြောခဲ့တာတွေက အခု ၂၀၂၃ ထဲမှာ ကြုံတွေ့လာရနိုင်တဲ့ အာကာသ စူးစမ်းမှု ခရီးစဉ်တွေ ဖြစ်ပါတယ်။ ကမ္ဘာ့အပြင်ဘက် စူးစမ်းမှုတွေကို ဝါသနာပါသူ စိတ်ဝင်စားသူတွေအတွက် ဘီဘီစီက ဒီလို အာကာသဆိုင်ရာ သတင်းတွေကို တနှစ်တာ ပတ်လုံးမှာ ထူးရင် ထူးသလို ဆက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။