တရုတ် နယ်စပ် နိုင်ငံကူးလက်မှတ်ဝင်ခွင့်- မြန်မာ အလုပ်သမားတွေရဲ့ မျှော်လင့်ချက်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
မြန်မာနဲ့ တရုတ် နှစ်နိုင်ငံသားတွေကို နိုင်ငံကူးလက်မှတ်နဲ့ နယ်စပ်ကနေ ဝင်ထွက်သွားလာခွင့် ပြုတော့မယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို နိုင်ငံကူးလက်မှတ် လက်၀ယ်ရှိထားသူတွေကိုပါ ခွင့်ပြုလိုက်မယ်ဆိုတဲ့အတွက် တရုတ်နိုင်ငံထဲကို တစ်ပတ်ခန့် အလည်သွားလို့ရတဲ့ ကတ်တွေနဲ့ သွားပြီးအလုပ်ရှာနေကြရတဲ့ မြန်မာလုပ်သားတွေအတွက် တရုတ်နိုင်ငံထဲကိုသွားဖို့ အခွင့်အလမ်းတစ်ခု ဖြစ်လာဖို့ ရှိပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံဘက်ကလည်း မြန်မာနိုင်ငံထဲကို နယ်စပ်ကနေ ဝင်ရောက်ခွင့်ရလာမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံဘက်ကို တရုတ်နိုင်ငံသားတွေ အရင်ထက်ပိုပြီး လွယ်လွယ်ကူကူ ရောက်လာဖို့ရှိနေပါတယ်။
မြန်မာနဲ့ တရုတ်နှစ်နိုင်ငံကြား နယ်စပ်ကနေ တစ်ဆင့် ကူးလူးဆက်ဆံမှုတွေ များလာတဲ့အတွက် အဆင်ပြေမြန်ဆန်စေရေး နှစ်နိုင်ငံ နယ်စပ်ကနေ နိုင်ငံကူးလက်မှတ်နဲ့ ခွင့်ပြုဖို့ အခုလို သဘောတူခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဘယ်တော့လောက် ဒီအစီအစဥ် စတင်မယ်ဆိုတာ ထုတ်ပြန်တာမရှိသေးပဲပေမဲ့ လာမယ့် အောက်တိုဘာလ အတွင်းမှာ စတင်မယ်လို့ မူဆယ်နယ်စပ်နေထိုင်သူတွေက ခန့်မှန်းကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Image
မြန်မာ ဘက်ကနေ တရုတ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်သန်းသွားလာခွင့်ရရှိ ဖို့အတွက် မြန်မာနိုင်ငံက သောင်းနဲ့ချီတဲ့ လူတွေဟာ မူဆယ်မြို့ကို စက်တင်ဘာလ ဆန်းကစပြီး အစုလိုက် ရောက်ရှိလာနေကြပြီး ရက်ပေါင်းများစွာ နယ်စပ်ဖြတ်ကျော်ခွင့်ကတ် ရဖို့ စောင့်ဆိုင်းနေကြရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က လူ ၆၀၀၀ ခန့်ကို တိုကင်တွေ ဝေပေးခဲ့ပြီး အခု နယ်စပ်ကို ဖြတ်ခွင့်ကတ်ကို တိုကင်ရသူတွေကိုပဲ ထုတ်ပေးနေတယ်လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပြပါတယ်။
အပြင်စျေးကွက်မှာ ယာယီနယ်စပ်ဖြတ်ခွင့်ကတ်ပြားရရှိဖို့ ပွဲစားတွေနဲ့ ချိတ်ဆက် လုပ်ရတာရှိပြီး ငွေကျပ် နှစ်သိန်းကနေ ငါးသိန်းအထိ ပေါက်စျေးရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“တချို့တွေကတော့ စားရိတ်ပြတ်လို့ လမ်းဘေးမှာ ဖျာခင်းပြီး အိပ်နေကြရတယ်။ မူဆယ်မှာ စောင့်နေကြသူတွေ အများစုက ရခိုင်လူမျိုးတွေ များတယ်”လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပြပါတယ်။
မြန်မာနိုင်ငံတွင်းမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် တရုတ်နိုင်ငံမှာ အလုပ်တစ်ခုရရှိဖို့ အတွက် မူဆယ်မြို့ကို လာရောက်ပြီး ဝင်ခွင့်စောင့်နေကြသူတွေ အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နယ်စပ်ကနေ ဝင်ခွင့်ရမယ့် တစ်ပတ်ကတ် တိုကင်ကို လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့မှ ပြန်ပေးဖို့ရှိတယ် လို့ သိရကြောင်း မူဆယ်ဒေသခံက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုင်ငံကူးလက်မှတ်နဲ့ ဝင်ခွင့်ပြုနိုင်ရေးကို စတင်နိုင်ဖို့ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေကို စစ်ကောင်စီဘက်က အခုရက်ပိုင်း တိုးချဲ့ပြင်ဆင်နေပါတယ်။
မြန်မာနဲ့ တရုတ် အကြား နယ်စပ်ကနေ ဝင်ထွက်သွားလာမယ်ဆိုရင် အခု လက်ရှိမှာတော့ မူဆယ်၊ နန့်ခမ်းဒေသခံတွေကို နယ်စပ်ဖြတ်ကျော်ခွင့်ပြုကတ် အနီနဲ့ မြန်မာနိုင်ငံ တခြားတိုင်းဒေသကြီးက လူတွေကို ကတ်အစိမ်းဆိုပြီး ခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။
မြန်မာ-တရုတ် နယ်စပ် ဖြတ်သန်းခွင့် တစ်ပတ် ယာယီကတ်ပြားကို စက်တင်ဘာ ၄ ရက်နေ့ ကစလို့ ပြန်လည် ခွင့်ပြုလိုက်တဲ့နောက် မြန်မာပြည်ဘက်က ဒီဖြတ်သန်းခွင့် ကတ်တွေ နဲ့ တရုတ်ဘက်ကို သွားရောက်လိုသူ များပြားနေခဲ့တာ ဖြစ်ပါတယ်။
၆ ညအိပ်၊ ၇ ရက် ကြာနေထိုင်နိုင်မယ့် နယ်စပ်ဖြတ်ကျော်ခွင့် အစိမ်းရောင်ကတ်နဲ့ မြန်မာတွေက တရုတ်နိုင်ငံထဲကို သွားပြီး အလုပ်ရှာနေကြတာများတယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်က မှတ်ပုံတင်နဲ့ တရုတ်နိုင်ငံဘက်သွားသူတွေကတော့ ဒီကတ်ပြားလုပ်ရင် မှတ်ပုံတင်သာမက အိမ်ထောင်စုစာရင်းပါ လိုတယ်လို့ လည်း ကတ်ပြုလုပ်သူ တချို့က ပြောပါတယ်။
ဒီကတ်နဲ့ တရုတ်နိုင်ငံဘက် ဝင်ရောက်ခွင့်ကို ကုန်တင်ယာဥ်မောင်းတွေက မူဆယ်မြို့ ကျင်စန်းကျော့ဂိတ်မှာ လုပ်ရမှာဖြစ်ပြီး လူဖြတ်သန်းသွားလာခွင့်ကိုတော့ မူဆယ်မြို့ နန်းတော်ဂိတ်၊ မန်ဝိန်းဂိတ်နဲ့ ဆင်ဖြူဂိတ်တို့မှာ ဂိတ်နေရာအလိုက် မှတ်ပုံတင် စစ်ဆေးတာ၊ မျက်လုံး စကင်န်ဖတ်တာ စတဲ့ အဆင့်ဆင့်စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ တရုတ်ပြည်ဘက် ဝင်ရောက်ခွင့်ရပြုတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မေတ္တာ ပန်းခင်း
တရုတ်နိုင်ငံထဲကို သွားလို့ရတဲ့ ဒီတစ်ပတ်ကတ်ဟာ အလည်အပတ်သက်သက်လို့ ပြောကြပေမဲ့ အလုပ်သမားနဲ့ရင်းနှီးတဲ့ အလုပ်ရှင်တွေက ထောက်ခံပေးမယ်၊ နေထိုင်ခွင့်လုပ်ဖို့ ကူညီပေးမယ်ဆိုရင် အလုပ်လုပ်ဖို့ အဆင်ပြေတယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီလို အကူအညီမရရင်တော့ တရုတ်နိုင်ငံထဲနေပြီး အလုပ်လုပ်ခွင့်အတွက် ကြိုးစားမယ်ဆိုရင် မြန်မာငွေ သိန်း ၅၀ ခန့် ကုန်ကျတယ်လို့ ဆိုပါတယ်။
အခုလို အလုပ်လုပ်ခွင့်ကို တရုတ်ကိုရောက်ပြီး တစ်ပတ်အတွင်း အဆင်မပြေရင်တော့ သူတို့ဟာ မြန်မာနိုင်ငံထဲကို ပြန်လာကြပြီး နောက်တစ်ခေါက် ပြန်လာပြီး လုပ်ကြရတာ ဖြစ်ပါတယ်။
မူဆယ်ဘက်ကနေ သွားလာခွင့်ကတ် နှစ်မျိုးနဲ့ တစ်ရက်ကို မြန်မာ နိုင်ငံက လူဦးရေ ၁၄၀၀ ဝန်းကျင် သွားလာနေကြတယ်လို့ သိရပါတယ်။
နိုင်ငံကူးလက်မှတ်ပတ်စပို့နဲ့ နယ်စပ်ကနေ ဝင်ခွင့်ရမယ်ဆိုရင်တော့ ပတ်စပို့နဲ့ သွားလုပ်တာက မြန်မာအလုပ်သမားတွေအတွက် ပိုပြီး တွက်ခြေကိုက်တယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပြပါတယ်။
နိုင်ငံကူးလက်မှတ်နဲ့ သွားရင် မြန်မာတွေ စားရိတ်အကုန်ကျ သက်သာမယ်၊ ဗီဇာ သက်တမ်း ရှိသလောက်နေလို့ ရနိုင်တာ ဖြစ်သလို သွားလာခွင့်က နယ်မြေက ပိုပြီးများလာနိုင်မယ်လို့ အလုပ်သမားတွေက ယူဆနေ ကြပါတယ်။
"Border Pass က ရွှေလီပတ်ဝန်းကျင်ပဲ သွားလို့ရပြီး၊ အလုပ်လုပ်ခွင့်ကို ထပ်လုပ်ရလို့ နိုင်ငံကူးလက်မှတ်က ပို အဆင်ပြေနိုင်တယ်”လို့လည်း မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံကူးလက်မှတ် လုပ်တဲ့နေရမှာလည်း အွန်လိုင်းက ရက်ချိန်းယူရတာ အပါအဝင် အကန့်အသတ်တွေရှိလို့ အနည်းဆုံး ၃ လက နေ ၆ လ လောက်အထိ စောင့်ရနိုင်တယ်လို့ လည်း နိုင်ငံကူးလက်မှတ် လုပ်နေသူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
နိုင်ငံကူးလက်မှတ် အနီရောင်ပတ်စ်ပို့နဲ့ နှစ်နိုင်ငံ သွားလာခွင့်ပြုမယ်ဆိုတာကို အသေးစိတ်သိရဖို့အတွက် စစ်ကောင်စီရဲ့ မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည့်သူ့အင်အားဦးစီးဌာနနဲ့ မြို့နယ်ထွေအုပ်ရုံးတွေဆီကို ဘီဘီစီက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
အခုလို နိုင်ငံကူးလက်မှတ်နဲ့ တရုတ်နိုင်ငံထဲ ဝင်ခွင့်ပြုပြီး အလုပ်လုပ်ခွင့် ခွင့်ပြုလိုက်ရင်တော့ ထိုင်းနဲ့ မလေးရှားကို သွားလုပ်နေကြတဲ့ မြန်မာနိုင်ငံတွင်းက လုပ်သားတွေလိုပဲ တရုတ်နိုင်ငံဘက်ကို သွားပြီး မြန်မာတွေ အလုပ်လုပ်ဖို့ အခွင့်အလမ်း ပိုပြီးများလာနိုင်ပါတယ်။
ကိုဗစ်ကာလကတည်းက ရပ်တန့်ထားခဲ့ရတဲ့ နယ်စပ်ကုန်သွယ်ရေးဟာလည်း အခုအချိန်မှာ ပြန်လည်စတင်လာနိုင်ပြီး နိုင်ငံကူးလက်မှတ်နဲ့ပါ ခွင့်ပြုမယ်ဆိုရင် တရုတ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေး လက်ရှိ အခြေအနေထက်ပိုပြီး လုပ်ဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ လူဝင်မှု ကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မူဆယ်ကို လာရောက်တဲ့ခရီးစဥ်မှာ ပြောဆိုထားပါတယ်။
ဒါပေမဲ့ နိုင်ငံကူးလက်မှတ်နဲ့ ခွင့်ပြုမှာက ယူနန်ပြည်နယ်ထဲလား၊ တရုတ် တစ်နိုင်ငံလုံးလား၊ ဗီဇာလိုမလား ၊ တရားဝင် အလုပ်လုပ်ခွင့်ရမလား ဆိုတာတွေကတော့ အခုအချိန် အထိ သေသေချာချာ သဲသဲကွဲကွဲ မသိရသေးလို့ အလုပ်သွားလုပ်မယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေက သိချင်နေကြပါတယ်။








