တရုတ်ဘက်ကို မြန်မာတွေ ဘာသွားလုပ်ကြတာလဲ

ဓာတ်ပုံ ရင်းမြစ်, မေတ္တာ ပန်းခင်း
မြန်မာ-တရုတ်နယ်စပ် မူဆယ် နန်းတော်ဂိတ် အနီးမှာ တန်းစီနေတဲ့ ရာချီတဲ့လူတန်းကြီး ကို ဒီကနေ့ စက်တင်ဘာလ ၅ ရက်နေ့က ထူးထူးခြားခြားတွေ့ရပါတယ်။
ဒီလို တန်းစီနေတဲ့ လူတန်းကြီးဟာ မူဆယ်မြို့က နန်းတော်ဂိတ် မရောက်ခင် မျက်စိတဆုံး ရှည်လျားပြီး တရုတ်နိုင်ငံထဲ ဝင်ခွင့်ရဖို့ သူတို့ဟာ နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံနယ်စပ် မူဆယ်မြို့က တဆင့် တရုတ်နိုင်ငံ ရွှေလီမြို့ကို ယာယီ ဝင်ထွက်ခွင့်ကတ်တွေကို စက်တင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီက စပြီး အကန့်အသတ်မရှိ ခွင့်ပြုထုတ်ပေးနေခဲ့တဲ့နောက်ပိုင်း တရုတ်နိုင်ငံထဲ မြန်မာနိုင်ငံသားတွေ ဝင်ဖို့အခုလို ကြိုးစားနေကြတာ ဖြစ်ပါတယ်။
အချို့ တွေက ညကတည်းက တန်းစီပြီး တရုတ်နိုင်ငံထဲ ဝင်ဖို့ ကြိုးစားနေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူက အရမ်းများတော့ ကတ်ရပြီး တရုတ်နိုင်ငံဘက်ကို ဝင်လို့မရတဲ့ သူတွေလည်းရှိတယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ ညနေပိုင်းမှာတော့ ရှေ့က ကြားဖြတ်တန်းစီကြတာ နေရာဦးပြီး ရောင်းစားတာတွေကြောင့် လူတန်းကြီးထဲက လူအချို့ ဟာ ဝင်ခွင့်မရဘဲ ကျန်ခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မေတ္တာ ပန်းခင်း
တရုတ်နိုင်ငံထဲကို ဝင်ခွင့်ရဖို့ တန်းစီနေကြတဲ့ လူတန်းဟာ မူဆယ်နယ်စပ် နန်းတော်ဂိတ်ကနေ မင်္ဂလာ မူဆယ် အနီးအထိကို ရောက်တာကို တွေ့ရတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့ချိန်ကစလို့ သုံးနှစ်ခန့်ကြာ ပိတ်ထားခဲ့တဲ့ မြန်မာ-တရုတ် နယ်စပ် ဖြတ်သန်းခွင့် တစ်ပတ်တာ ယာယီကတ်ပြားကို စက်တင်ဘာ ၄ ရက်နေ့ ကစလို့ ပြန်လည် ခွင့်ပြု လိုက်တဲ့နောက် မြန်မာပြည်ဘက်က ဒီဖြတ်သန်းခွင့် နဲ့ တရုတ်ဘက်ကို သွားရောက်လိုသူ များပြားနေတာ ဖြစ်ပါတယ်။
၆ ညအိပ် ၇ ရက် ကြာနေထိုင်နိုင်မယ့် နယ်စပ်ဖြတ်ကျော်ခွင့် အစိမ်းရောင်ကတ်ကို နှစ်နိုင်ငံခွင့်ပြုချက်နဲ့ မနေ့ကမွန်းလွဲ ၁၂ နာရီက စလို့ စတင် ထုတ်ပေးနေပြီလို့ မူဆယ်ခရိုင် နယ်စပ်ကုန်သွယ်ရေးဌာနက ဘီဘီစီကို ပြောပါတယ်။
ဒီကတ်နဲ့ တရုတ်နိုင်ငံဘက် ဝင်ရောက်ခွင့်ကို ကုန်တင်ယာဥ်မောင်းတွေက မူဆယ်မြို့ ကျင်စန်းကျော့ဂိတ်မှာ လုပ်ရမှာဖြစ်ပြီး လူဖြတ်သန်းသွားလာခွင့်ကိုတော့ မူဆယ်မြို့ နန်းတော်ဂိတ်၊ မန်ဝိန်းဂိတ်နဲ့ ဆင်ဖြူဂိတ်တို့မှာ ဂိတ်နေရာအလိုက် မှတ်ပုံတင် စစ်ဆေးတာ၊ မျက်လုံး စကင်န်ဖတ်တာ စတဲ့ အဆင့်ဆင့်စစ်ဆေးမှုတွေပြုလုပ်ပြီးမှ တရုတ်ပြည်ဘက် ဝင်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်က မှတ်ပုံတင်နဲ့ တရုတ်နိုင်ငံဘက်သွားတဲ့ သူတွေက တော့ ဒီကတ်ပြားလုပ်ရင် မှတ်ပုံတင်သာမက အိမ်ထောင်စုစာရင်းပါ လိုတယ်လို့ လည်း ကတ်ပြုလုပ်သူ တချို့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
၂၀၁၉ ခုနှစ်က တရုတ်ပြည်ဘက်မှာ ကိုဗစ်ရောဂါစတင်ဖြစ်ပေါ်ခဲ့ပြီး အဲဒီနှစ် ဒီဇင်ဘာလမှာပဲ လူအဝင်အထွက် ဖြတ်သန်းခွင့်ကို ပိတ်လိုက်တာ ဖြစ်ပါတယ်။
အခုတော့ မြန်မာမှတ်ပုံတင် ကိုင်ဆောင်ထားသူမှန်သမျှ တပတ်စာ အစိမ်းရောင် ကတ်နဲ့ နယ်စပ်ဖြတ်ကျော်ခွင့် ရလာပြီ ဖြစ်တဲ့အတွက် တရုတ်ပြည်ဘက် သွားရောက် အလုပ်လုပ်မယ့်သူတွေအတွက် အဆင်ပြေသွားတယ်လို့ နယ်စပ်ကုန်သည်ကြီးတစ်ဦးက ပြောပါတယ်။
“မြန်မာအလုပ်သမားတွေ အများစု တရုတ်ပြည်က အဝင်မခံလို့ ပိတ်မိနေတာ အများကြီးပဲ အခုလိုဖွင့်ပေးလိုက်တော့ အလုပ်အကိုင် အခွင့်အရေး အများကြီး ရသွားပြီ”လို့ မူဆယ် အခြေစိုက်ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။
“မြန်မာပြည်ဘက်မှာ အလုပ်မှ မရှိတာ ဟိုဘက်မှ အလုပ်က ပေါတယ်၊ တရုတ်စကားပြောနိုင်သူဆို ပိုက်ဆံပိုရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံသား မည်သူမဆို တစ်ပတ်အကြာ ကတ်ပြားထုတ်ပြီး ဝင်ခွင့်ပေးလိုက်တာဟာ တရုတ်နိုင်ငံထဲမှာ အလုပ်သမားဦးရေနည်းနေပြီး အလုပ်အကိုင်လိုအပ်ချက်ရှိလို့ဖြစ်တယ်လို့ လည်း နယ်စပ်ကုန်သည်တွေက သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မူဆယ်-တရုတ်နယ်စပ် ဖြတ်ကျော်ခွင့်မှာ အစိမ်းရောင်နဲ့ အနီရောင်နှစ်မျိုး သတ်မှတ်ထားပြီး အစိမ်းရောင်ကတ်က တရုတ်ပြည်ဘက် ခရီးသွားသူတွေနဲ့ လေ့လာသူတွေအတွက် တပတ်စာခွင့်ပြုထားတာ ဖြစ်ပါတယ်။
အနီရောင်ကတော့ တနှစ်စာ အဝင်အထွက် ဖြစ်ပြီး မူဆယ်ခရိုင် မှတ်ပုံတင်ကိုင်ဆောင်သူကိုသာ ခွင့်ပြုထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန် တရုတ်နယ်စပ်ဖြတ်ကျော်ခွင့်ဂိတ်မှာ မြန်မာပြည်ဘက်က အဝင်တွေ တန်းစီတာ များနေပြီး တရုတ်ပြည်ဘက်က အထွက်မရှိသလောက်ပဲလို့ မူဆယ်ဒေသခံတဦးက ပြောပြပါတယ်။
"ဒီဘက်က အလုပ်သွားလုပ်မယ့်သူတွေများလို့ အခုဒီရက်ပိုင်းကတော့ အလုပ်သွားမယ်သူတွေနဲ့ ဂိတ်ကတော့ ပြည့်နေမှာပဲလို့ မူဆယ်မြို့ခံတွေက ဆိုပါတယ်။
တရုတ်ဘက်မှာက အလုပ်ဝင်ဝင်ချင်း တစ်လကို တရုတ်ငွေ ယွမ် ၂၀၀၀ လောက်ရတယ် ( မြန်မာငွေ ၁၀ သိန်းကျော်ခန့်) မြန်မာပြည်မှာ ဘွဲ့ရပြီးတောင် တစ်လ ၄ သိန်းလောက်ပဲ ရတော့ တရုတ်ဘက်ကို သွားကြတာလို့ မြန်မာလုပ်သမားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မေတ္တာ ပန်းခင်း
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၁၉ နှစ် မကုန်ခင်တုန်းက မူဆယ်-တရုတ်နယ်စပ်မှာ နယ်စပ်ဖြတ်ကျော်ခွင့် ယာယီကတ်နဲ့ တစ်ရက်ကို လူပေါင်း တထောင်ဝန်းကျင်လောက် အဝင်အထွက် ရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၉ နောက်ပိုင်းကစလို့ နယ်စပ်ကို တရုတ်ဘက်က ပိတ်လိုက်တဲ့နောက် တရုတ်ဘက်မှာရော မြန်မာဘက်မှာပါ ပိတ်မိနေတဲ့ မြန်မာအလုပ်သမားတချို့ရှိပြီး နေရပ်မပြန်ဘဲ ရရာအလုပ် လုပ်ကိုင်နေထိုင်ကြသူတချို့လည်း ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသားတွေဟာ တရုတ်နိုင်ငံသားတွေထက် လုပ်ခလစာနှုန်းထား သက်သာလို့ တရုတ်လုပ်ငန်းရှင်တွေဘက်က မြန်မာအလုပ်သမားတွေကို ပိုပြီး အသုံးပြုလိုကြတယ်လို့ သိရပါတယ်။
ဒီကနေ့တော့ ကတ် ၆၀၀ ခန့်ထုတ်ပေးခဲ့တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် ဒေသတွင်းသတင်းမီဒီယာတွေက ရေးပါတယ်။
တရုတ်ဘက်မှာ အလုပ်သွားလုပ်လိုသူတွေများနေလို့ ဒီအလည်အပတ်ကတ်နဲ့ တရုတ်ပြည်ထဲကို ဝင်ခွင့်ရဖို့ ကြိုးစားသူအချို့ စက်တင်ဘာလ ၅ ရက်နေ့မှ ကတ်မရဘဲ ကျန်ခဲ့သူတွေရှိတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။
သူတို့ အလည်အပတ်ကတ်နဲ့ဝင်ပြီး ဟိုဘက်မှာ တချို့က အလုပ်လုပ်ခွင့်ဆက်လျှောက်ကြတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၅ ရက်နေ့ က လူတန်းရှည်ကြီးနောက်ဆုံးဘက်က ကတ်မရခဲ့သူတွေဟာ တရုတ်နိုင်ငံထဲ ဝင်ဖို့ ကတ်ရရေးအတွက် ညအိပ်စောင့်နေကြတာတွေ့ရတယ်လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။








