ဇွန် ၁၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် -အီရန်ကို အစ္စရေးတိုက်ခိုက်မှု တရုတ်ရှုတ်ချ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်ရဲ့အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ နယ်မြေပိုင်နက်ဆိုင်ရာဂုဏ်သိက္ခာကို အစ္စရေးကချိုးဖောက်မှုကို တရုတ်က ရှုတ်ချတယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ဖူဆုံက ကုလလုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးမှာ ပြောပါတယ်။
လက်ရှိအခြေအနေက အီရန်နျူကလီးယားဆွေးနွေးမှုတွေအပေါ် အဖျက်သဘောသက်ရောက်လို့ တရုတ်က အင်မတန်စိုးရိမ်နေပြီး အစ္စရေးအနေနဲ့ နောက်ထပ်စစ်ရေးအခြေအနေတွေ မဆိုးရွားသွားဖို့အတွက် စစ်ရေးအရလုပ်ဆောင်မှုတွေကို အချိန်မဆိုင်းဘဲ ရပ်ဆိုင်းဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။
နျူလက်နက်မပြန့်ပွားရေးစာချုပ်လက်မှတ်ထိုးထားတဲ့နိုင်ငံအနေနဲ့ အီရန်ရဲ့ နျူစွမ်းအင်ကို ငြိမ်းချမ်းရေးအတွက် အသုံးပြုခွင့်ကို အပြည့်အဝလိုက်နာသင့်
တယ်လို့ သူကပြောပါတယ်။
တရုတ်ဟာ အီရန်ရဲ့ အဓိကစီးပွားဖက်နိုင်ငံဖြစ်ပြီး အထူးသဖြင့် စွမ်းအင်နဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နေပါတယ်။
မတ်တုန်းက တရုတ်ဟာ အီရန်နဲ့ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြိးတွေကို ပေကျင်းမှာ လက်ခံတွေ့ဆုံခဲ့ပြီး သူတို့ဟာ အီရန်ရဲ့ နျူကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။
အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းသင့်တယ်လို့ တရုတ်ကတိုက်တွန်းခဲ့ပါတယ်။
ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို လေကြောင်းတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Beyond The Chindwin Organization-BCO
F-7 တိုက်လေယာဥ် ဆုံးရှုံးခဲ့တဲ့ပုလဲမြို့နယ်ထဲက မင်းတိုင်ပင်ကျေးရွာကို ဒီနေ့ ဇွန် ၁၄ ရက် မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
မင်းတိုင်ပင်ရွာထဲကို လေကြောင်းကနေ မနက် ကိုးနာရီခွဲမှာ တစ်ကြိမ်၊ ဆယ်နာရီခွဲလောက်မှာ တစ်ကြိမ် ဂျက်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ပြည်သူ နှစ်ယောက် ထိခိုက်ခဲ့ပြီး နေအိမ် ၁၀ လုံး ပျက်စီးသွားတယ်လို့ ပြောပါတယ်။
ပုလဲမြို့နယ်ထဲက စစ်ကောင်စီ ကန်ဒေါင့်စခန်းနဲ့ ဒေသအခေါ် ဇီးဖြူကုန်း ပျူစောထီးကျေးရွာစခန်းကို ဇွန် ၁၀ ရက်ကစပြီး ထိုးစစ်ဆင်နေတာ ဒီနေ့အထိ တိုက်ပွဲဖြစ်နေတာပါ။
"တိုက်ပွဲဖြစ်တဲ့နေရာကိုတော့ လေကြောင်းဗုံးကြဲတာ မဟုတ်ဘူး။ တိုက်ပွဲနဲ့ နီးတဲ့ရွာကို လေကြောင်းဗုံးကြဲသွားတာ။ ထောက်ပို့တွေ ရှိတယ်လို့ ယူဆပြီး ပစ်တယ်ထင်ပါတယ်"လို့ မြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်တုန်းက စစ်လေယာဉ်ကို တော်လှန်ရေးအဖွဲ့တွေ ပစ်ချခဲ့တာကြောင့် ပျက်ကျခဲ့တဲ့ စပါးစေ့ရွာ၊ တိုက်ပွဲဖြစ်တဲ့ ကန်ဒေါင့်စခန်း၊ ဇီးဖြူကုန်းရွာ၊ ဒီနေ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ မင်းတိုင်ပင်ရွာတွေက တစ်ရွာနဲ့တစ်ရွာ နီးတယ်လို့လည်း ပြောပါတယ်။
စပါးစေ့ရွာမှာ စစ်လေယာဉ်ပျက်ကျတာကြောင့် ပြည်သူ အမျိုးသား ၄ ယောက်၊ အမျိုးသမီးတစ်ယောက် သေဆုံးတယ်လို့လည်း သိရပါတယ်။
CDM မဝင်တဲ့ ဝန်ထမ်းတွေကို တရားစွဲအရေးယူနိုင်တဲ့ CDM ဥပဒေ ပြဋ္ဌာန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို တရားစွဲတဲ့အထိ အရေးယူနိုင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေကို ဇွန် ၁၃ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြဋ္ဌာန်းလိုက်ပါတယ်။
တရားစွဲ အရေးယူမယ့် ကိစ္စရပ်တွေထဲမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုမှာ ပူးပေါင်းပါဝင်တာ၊ အာဏာသိမ်းတာကို ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်တာ၊ အဂတိလိုက်စားမှုကျူးလွန်ပြီး မတရားတဲ့နည်းနဲ့ နိုင်ငံပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို ရယူသုံးစွဲ၊ ပျက်စီးဆုံးရှုံးစေတာ ဒါမှမဟုတ် ဖျက်ဆီးတာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို တနည်းနည်းနဲ့ ဆုံးရှုံးအောင်လုပ်တာ၊ ပြည်သူလူထုအပေါ် တနည်းနည်းနဲ့ ဖိနှိပ်တာ ဒါမှမဟုတ် နစ်နာဆုံးရှုံးစေတယ်ဆိုရင်လည်း တရားစွဲတဲ့အထိ အရေးယူမယ်လို့ ဥပဒေက ပြဋ္ဌာန်းလိုက်ပါတယ်။
ဒီဥပဒေမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကို ချီးမြှင့်တာ၊ ပြန်လည်ကုစားတာတွေ ပါဝင်သလို Non CDM လို့ ခေါ်တဲ့ စစ်ကောင်စီလက်အောက်က ဝင်ထမ်းတွေကိုလည်း အရေးယူမယ့် အချက်တွေ ထည့်သွင်းထားပါတယ်။
စစ်ကောင်စီရဲ့ အာဏာသိမ်းကာလထဲမှာ CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေ ရာထူးတိုးမြှင့်တာကို တရားမဝင်ဘူးလို့ သတ်မှတ်သလို ပြည်တွင်း/ပြည်ပ ဝန်ထမ်းစာမေးပွဲရလဒ်တွေ အသိအမှတ်မပြုဘူးလို့လည်း ဆိုပါတယ်။
Non CDM ဝန်ထမ်းတွေ ကျူးလွန်တဲ့ အပြစ်၊ ပျက်ကွက်မှု အလိုက် ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်တာ၊ စစ်ကောင်စီကို အထောက်အကူပြု၊ အားပေးကူညီမှု အဆင့်အလိုက် ပြည်ပထွက်ခွာခွင့် ယာယီပိတ်တာ၊ အာဏာသိမ်း ကာလအတွင်းမှာ ခံစားရယူထားတဲ့ ရာထူးတိုးနဲ့ နှစ်တိုးလစာ၊ စရိတ် အပါအဝင် ခံစားခွင့်တွေ ပြန်အပ်ရတာ၊ ဘွဲ့တံဆိပ်တွေကို အသိအမှတ် မပြုတာတွေလည်း ပါဝင်ပါတယ်။
CDM ဝန်ထမ်းကို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခဲ့တာ၊ ခြိမ်းခြောက် ဖိအားပေးတာ၊ အကျပ်ကိုင် ဖိနှိပ်တာတွေ၊ တရားစွဲဆိုအောင် အားပေးကူညီတာ၊ အရေးယူအပြစ်ပေးတာတွေကို လုပ်ဆောင်ခဲ့တဲ့ Non CDM ဝန်ထမ်းဆိုရင် ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခံရမှာ ဖြစ်ပါတယ်။
တကယ်လို့ CDM မဝင်ပေမဲ့ တော်လှန်ရေးအောင်မြင်အောင် ဆောင်ရွက်မှုတစ်ခုခုမှာ ထိထိရောက်ရောက် ပါဝင်ကူညီခဲ့တယ်လို့ အထောက်အထား တွေ့ရှိရင်တော့ အရေးယူမှု တစ်ခုခုကနေ ကင်းလွတ်တာ ဒါမှမဟုတ် သက်သာခွင့် ပြုနိုင်တယ်လို့လည်း ဆိုပါတယ်။
ထိုင်းမှာ မြန်မာအလုပ်သမား ၂၀၀ ကျော် အလုပ်ပြုတ်

ဓာတ်ပုံ ရင်းမြစ်, WAG
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ လယောင်းမြို့က အလူမီနီယမ် ခဲပတ် စက်ရုံက မြန်မာအလုပ်သမား အယောက် ၂၀၀ ကျော် အလုပ်ထုတ်ခံလိုက်ရတယ်လို့ အလုပ်သမားတွေကို အကူအညီပေးနေတဲ့ အလုပ်သမား မဟာမိတ်အဖွဲ့ -WAGက ကိုမုန်တိုင်းက ပြောပါတယ်။
အလုပ်ရှာပေးတဲ့ ကြားကုမ္ပဏီကနေတဆင့် တရုတ်လုပ်ငန်းရှင်ပိုင် အလူမီနီယမ် ခဲပတ်လုပ်ငန်းမှာ မြန်မာအလုပ်သမား ၃၀၀ နီးပါး အလုပ်လုပ်ကိုင်နေတာ တစ်နှစ်နီးပါး ရှိနေကြတာပါ။
အဲဒီထဲက အလုပ်သမား ၆၅ ယောက်ကိုသာ အလုပ်ဆက်ခန့်ပြီး ကျန်တဲ့သူတွေကို အလုပ်ဖြုတ်မှာ ဖြစ်တဲ့အကြောင်း စက်ရုံက ဇွန် ၁၁ ရက်မှာ ပြောခဲ့တယ်လို့ သိရပါတယ်။
"ဘာ့ကြောင့် အလုပ်နားတယ်ဆိုတာကို အလုပ်သမားတွေကို သေချာမပြောဘူး။ အလုပ်နားမယ်ဆိုတာကိုပဲ အလုပ်သမားတွေနဲ့ အလုပ်ရှာပေးတဲ့ ကြားစပ်ကုမ္ပဏီကိုပဲ ပြောတာ"လို့ ကိုမုန်တိုင်းက ပြောပါတယ်။
အလုပ်နားတယ်ဆိုတာကို ကြိုတင်လည်း အကြောင်းမကြားသလို တစ်လစာ လုပ်အားခကိုလည်း မပေးတာကြောင့် လူမှုဖူလုံရေးရုံးကို တိုင်ကြားထားတယ်လို့လည်း သိရပါတယ်။
လယောင်းမြို့မှာ မြန်မာအလုပ်သမားတစ်ယောက်ဟာ အလုပ်ရှာချင်တယ်ဆိုရင် ကြားစပ်ကုမ္ပဏီကို ဘတ်ငွေ အနည်းဆုံး ၁၃,၀၀၀ (မြန်မာငွေ- ဆယ့်ခုနှစ်သိန်းဝန်းကျင်) ပေးရပါတယ်။
အခုလို အလုပ်နားခံရလို့ နောက်ထပ် အလုပ်ရှာရရင်လည်း အလုပ်ရှာခထပ်ပေးရမှာ ဖြစ်တာကြောင့် မြန်မာအလုပ်သမားတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်လို့လည်း ပြောပါတယ်။
ကိုဝေမိုးနိုင် ထောင်ပြောင်းချိန် အရိုက်ခံရပြီး ထောင်ဆေးရုံကို ပို့ထားရ

ဓာတ်ပုံ ရင်းမြစ်, Social Media
မုံရွာအကျဉ်းထောင်ကနေ မန္တလေး အိုးဘိုအကျဉ်းထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုဝေမိုးနိုင်ဟာ အိုးဘိုထောင်ဘူးဝမှာ ရိုက်နှက်ခံရပြီးနောက်ပိုင်း ထောင်ဆေးရုံကို ပို့ထားရတယ်လို့ အိုးဘိုထောင်နဲ့နီးစပ်သူတစ်ယောက်က အတည်ပြုပါတယ်။
" မုံရွာကနေ မန္တလေးကို နေပူကြီးထဲမှာ ထောင်ကားစီးလာရတဲ့ အရှိန်ရယ်၊ ရောက်ရောက်ချင်းမှာ အရိုက်ခံရပြီး ရတဲ့ ဒဏ်ရာတွေရယ်၊ နဂိုက သွေးတိုးအခံရှိတာကြောင့် ထောင်ဆေးရုံတင်ထားရတယ်။ ဒဏ်ရာဘယ်လောက်ပြင်းလဲဆိုတာတော့ မသိရသေးဘူး" လို့ အိုးဘိုထောင်နဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။
မုံရွာသပိတ်ကော်မတီ ခေါင်းဆောင်ဖြစ်တဲ့ ကိုဝေမိုးနိုင်ဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြတာ၊ မုံရွာမြို့မှာ ရဲနှစ်ယောက် သေဆုံးတာနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၇၄ နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။
မုံရွာ အကျဉ်းထောင်ကနေ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား အပါအဝင် တခြား ရာဇဝတ် အကျဉ်းသား စုစုပေါင်း ၂၀၀ ဝန်းကျင်ဟာ ဇွန် ၁၃ ရက်နေ့လယ်ချိန်မှာ မန္တလေးအကျဉ်းထောင်ကို ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မနေ့က ထုတ်ပြန်ထားပါတယ်။
ကိုဝေမိုးနိုင်ပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ တခြားအကျဉ်းသားတွေဟာ အိုးဘိုထောင်ဘူးဝကို ရောက်ချိန်မှာ အကျဉ်းဦးစီးဝန်ထမ်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရောဘာတုတ်၊ သစ်သားတုတ်တွေနဲ့ ဝိုင်းရိုက်တာလို့ PPNM က ရရှိထားတဲ့ အချက်အလက်တွေကို ထုတ်ပြန်ထားပါတယ်။
အရိုက်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသား အယောက် ၅၀ ဟာ ခေါင်း၊ လက်နဲ့ နောက်ကျောတလျှောက်မှာ ထိရှ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ထောင်အပြောင်းအလဲတွေမှာ ရွှေ့ပြောင်းရတဲ့ထောင်ကိုရောက်ရင် "ဦးချိုး" တဲ့အနေနဲ့ ရိုက်နှက်တာတွေ လုပ်လေ့ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားတချို့က ပြောပါတယ်။
"သူတို့က ဦးကျိုးအောင်ဆိုပြီး ဘာအကြောင်းပြချက်မှ မရှိဘဲ ရိုက်နှက်တာ၊ ထိခိုက်ဒဏ်ရာ တော်တော်များများ ရကြတယ်"လို့ PPNM က ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ဒီလို ရိုက်နှက်တာတွေဟာ နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသားတွေရဲ့ အသက်ရှင်သန်ပိုင်ခွင့်ကို ခြိမ်းခြောက်ခံနေရတာ ဖြစ်တယ်လို့လည်း PPNM က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မန္တလေး အိုးဘိုထောင်က အကျဉ်းသားတွေကိုလည်း မြင်းခြံနဲ့ မကွေး အကျဉ်းထောင်တွေဘက်ကို ထပ်ပြီးရွှေ့ပြောင်းဖို့ ပြင်ဆင်နေတယ်လို့ PPNM က ပြောပါတယ်။
ဒေးဗစ်ဘက်ခမ်း ဆာဘွဲ့ရ

ဓာတ်ပုံ ရင်းမြစ်, David Beckham
အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း ဆာဘွဲ့ချီးမြှင့်ခံရပြီး 'ဆာ ဒေးဗစ်ဘက်ခမ်း' ဖြစ်လာပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်နည်းပြ ဆာအဲလက်ဖာဂူဆန်ရဲ့ နာမည်ကျော် ၁၉၉၂ အကယ်ဒမီမျိုးဆက်ကထွက်လာတဲ့ ဘောလုံးသမားတစ်ဦး ဆာဘွဲ့ ရတဲ့အထိ ပေါက်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒေးဗစ်ဘက်ခမ်းရဲ့ ခမ်းနားတဲ့ ဘောလုံးကမ္ဘာအတွက်သာမက သူ့ရဲ့ လူထုအကျိုးပြုစွမ်းဆောင်မှုတွေကြောင့်ပါ ဆာ ဘွဲ့ နဲ့ သူကောင်းပြုခံရတာဖြစ်ပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ သံတမန်ဖြစ်ပါတယ်။
ကစားသမားဘ၀မှာ မန်ယူ၊ ရီးရဲမက်ဒရစ်၊ LA ဂလက်ဆီ၊ ပါရီစိန့်ဂျာမိန်း PSG၊ အေစီမီလန် စတဲ့ ကလပ်တွေမှာ အောင်မြင်တဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ကမ္ဘာကျော်ကစားသမား မက်ဆီ ကစားနေတဲ့ အင်တာမီယာမီ ကလပ်ကို ပိုင်ဆိုင်ထားပါတယ်။
ကွင်းတွင်းကွင်းပြင် လူနေမှုဘဝမှာ အောင်မြင်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ဇနီးဖြစ်သူ Spice Girls အဖွဲ့ဝင်ဟောင်း နဲ့ ထင်ရှားတဲ့ ဒီဇိုင်နာ ဗစ်တိုးရီးယားနဲ့ အောင်မြင်တဲ့ မိသားစုဘဝကိုလည်း ပိုင်ဆိုင်ထားပါတယ်။
တိုင်းနဲ့ပြည်နယ် ရှစ်ခုမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးဇလသတိပေး

ဓာတ်ပုံ ရင်းမြစ်, CJ
ရှမ်းပြည်နယ် ညောင်ရွှေမှာ နေအိမ်တွေထဲ ရေဝင်နေ
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းတာကနေ အားအလွန်ကောင်းတဲ့အခြေအနေတွေကြောင့် တိုင်းနဲ့ပြည်နယ် ရှစ်ခုမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကချင်၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တာပါ။ ရှမ်း၊ နေပြည်တော်၊ စစ်ကိုင်း တို့မှာလည်း နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ပြောထားပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာ ဇွန် ၁၀ ရက်ကနေ ဆက်တိုက်ရွာနေတဲ့ မိုးကြောင့် နေအိမ်တွေထဲ ရေဝင်နေသလို အင်းလေးကန်မှာလည်း စိုက်ခင်းတွေ နစ်မြုပ်နေတယ်လို့ ညောင်ရွှေမြို့ခံတစ်ယောက်က ပြောပါတယ်။
"အခုဆို ညောင်ရွှေမှာက ငါးပေအထိ ရေမြင့်လာတယ်။ မနှစ် ရေကြီးတုန်းက စက်တင်ဘာမှာ ဖြစ်ခဲ့တာ၊ အခုက မိုးဦးကတည်းက ရေကြီးတော့ လူတွေလည်း တစ်ခါမှ မကြုံဖူးတော့ ကြိုပြင်ဆင်တာ မရှိလိုက်ဘူး"လို့ ညောင်ရွှေမြို့ခံက ပြောပါတယ်။
ညောင်ရွှေမြို့နယ်ထဲက မြေနိမ့်ရပ်ကွက်မှာ ရှိနေတဲ့ မိုးစပါး စိုက်ဧက သုံးထောင်ဝန်းကျင်ဟာ ရင့်မှည့်နေပြီး နောက်ထပ် ငါးရက်လောက်မှာ ရိတ်သိမ်းရမယ့် အခြေအနေ ရှိပေမဲ့ အခုချိန်မှာတော့ ရေအောက်ကို ရောက်ကုန်ပြီလို့လည်း ပြောပါတယ်။
ညောင်ရွှေမြို့က စပါးစိုက်တောင်သူတွေ ဆုံးရှုံးမှုများသလို အင်းလေးကန်ထဲက မြေပဲနဲ့ လယ်စိုက်သူတွေလည်း ရေမြုပ်လို့ ထိခိုက်ပျက်စီးတာတွေ ရှိနေပါတယ်။
စစ်ကြောင်းထိုးနေတဲ့ ဖားကန့်မှာ လူသုံးယောက် အသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Tarlin Maung
စစ်ကြောင်းထိုးနေတဲ့ ကချင်ပြည်နယ်၊ ကျောက်စိမ်းဒေသ ဖားကန့်မြို့နယ်က မှော်စီစာ၊ တောင်ယာကုန်းရွာမှာ အရပ်သား သုံးယောက် ဇွန် ၁၃ ရက်က အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)၊ ပြည်သူစစ်တွေပါတဲ့ စစ်ကြောင်းဟာ မေ လကုန်ပိုင်းကစပြီး စစ်ကြောင်းထိုးနေခဲ့တာဖြစ်ပြီး ဇွန် ၁၃ ရက်အထိ အသတ်ခံရသူ အရပ်သား ၂၃ ယောက်ရှိတယ်လို့ လူသေဆုံးတာတွေကို စာရင်းပြုစုထားတဲ့ ဒေသခံက ပြောပါတယ်။
မှော်စီစာ ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက တောင်ယာကုန်းကျေးရွာကို ရောက်ရှိလာပြီး လမ်းမှာတွေ့ရှိတဲ့သူ သုံးယောက်ကို ဖမ်းဆီးပြီးနောက် စစ်ကြောင်းထွက်သွားချိန်မှာ သူတို့ရုပ်အလောင်းတွေကို တွေ့ရှိရတာ ဖြစ်ပါတယ်။
ရုပ်အလောင်းတွေကိုရေတွင်းထဲပစ်ချသွားသလို ဆာလာအိတ်ထဲထည့်ပြီး ပစ်သွားတာ တွေ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
သေဆုံးသူတွေဟာ ဒေသခံတွေလား၊ ရွှေ့ပြောင်းအလုပ်သမားလား၊ ခရီးသွားတွေလားဆိုတာလည်း မသိကြရသေးပါဘူး။
စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၂ ရက်က တောင်ယာကုန်းမှာ တပ်ချခဲ့ပြီး ဇွန် ၁၃ ရက်မှာ တချို့တဝက်က မှော်စီစာ တောင်ပေါ်ကျောင်းမှာ တပ်စွဲထားသလို တချို့ကတော့ ဖားကန့်ဘက်ကို ဦးတည်သွားတယ်လို့လည်း သိရပါတယ်။
ဒီနေ့မှာတော့ အဲဒီစစ်ကြောင်းဟာ ဖားကန့်မြို့ မှော်ဝမ်းကျောက်လှိုင်ဂူ ဘုန်းကြီးကျောင်းမှာ တပ်ချထားပြီး တော်လှန်ရေးအဖွဲ့တွေကလည်း အဲဒီနေရာကို ပစ်ခတ်သလို စစ်ကောင်စီတပ်တွေကလည်း ပြန်လှန် ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။ စစ်ကြောင်းထိုးတာကြောင့် မှော်စီစာဝန်းကျင်က ဒေသခံတွေလည်း တိမ်းရှောင်နေကြရပါတယ်။
မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား ၁ သန်းကျော်ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား ၁ ဒသမ ၁၂၅ သန်း ရှိနေတယ်လို့ နေ့စဉ်ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ် ကျရောက်တာတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ကလေးအလုပ်သမား လျှော့ချဖို့အတွက် စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ကလေးအလုပ်သမားတွေ များလာတာရဲ့ အကြောင်းအရင်းကလည်း ဒီအချက်တွေကြောင့် အများဆုံးဖြစ်နေပြီး နောက်ဆက်တွဲအနေနဲ့ လူမှု၊ စီးပွား နိမ့်ကျမှုတွေ ရှိလာတဲ့အတွက် ကလေးတွေဟာ စာသင်ခန်းကနေထွက်ပြီး အလုပ်လုပ်ရတာတွေ ဖြစ်လာတယ်လို့ ပညာရှင်တစ်ယောက်က ထောက်ပြပါတယ်။
"ပဋိပက္ခတွေကြောင့် ထွက်ပြေးကြရတယ်။ သဘာဝဘေးတွေကြောင့် လယ်ယာ၊ စီးပွားရေးတွေ ထိခိုက်ကြတဲ့အခါ မိဘတွေက ရွှေ့ပြောင်းကြရတယ်။ တခြားနေရာမှာ ပြန်ရပ်တည်ဖို့အတွက် ကလေးတွေပါ အလုပ်လုပ်ကြရတာပေါ့"လို့ သူက ပြောပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ကျောင်းတွေ မဖွင့်နိုင်တာ၊ အခြေခံပညာ သင်ကြားရေးတွေ မပြီးဆုံးခင်မှာ ကျောင်းထွက်လိုက်ကြရတာတွေကလည်း ကလေးအလုပ်သမား ပြဿနာ တစိတ်တပိုင်း ဖြစ်နေပါတယ်။
မိသားစုအတွက် တစ်စိတ်တစ်ပိုင်း ဝင်ငွေရဖို့ အလုပ်လုပ်ကြရတဲ့ ကလေးသုံးပုံတစ်ပုံဟာ အိမ်အကူအလုပ်၊ စိုက်ပျိုးရေးအလုပ်၊ ကုန်ထုတ်လုပ်ငန်း၊ လက်လီလက်ကား ရောင်းဝယ်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတယ်လို့ သတင်းစာအယ်ဒီတာ့ အာဘော်က ဆိုပါတယ်။
"စားသောက်ဆိုင်တွေ လက်ဖက်ရည်ဆိုင်က စားပွဲထိုးအလုပ်တွေဆိုလည်း ကလေးတွေ ပိုများလာတယ်၊ ဘယ်ကလာလဲမေးလိုက်ရင် နာဂစ်ဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်း၊ အခု စစ်ပွဲတွေ ရှိနေတဲ့ စစ်ကိုင်းဘက်လည်းပါတယ်။ ရှမ်းတို့ ရခိုင်ဘက်က ကလေးတွေလည်း တွေ့ရတယ်" လို့ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။
ကလေးလုပ်သား အများစုဟာ လုပ်ခ နည်းနည်းနဲ့ အချိန်ကြာအောင် လုပ်ကိုင်နေကြရတာဖြစ်တယ်လို့လည်း သိရပါတယ်။
ကလေးလုပ်သားတွေ လျော့နည်းပပျောက်တဲ့အထိ လျှော့ချဖို့ဆိုရင် သူတို့တွေရဲ့ လူမှုဘဝ လုံခြုံဖို့၊ ဘေးအန္တရာယ် မကျရောက်အောင် အကာအကွယ်ပေးဖို့၊ အခွင့်အရေးတွေ မှန်မှန်ကန်ကန် ရရှိဖို့၊ ပညာရေးစနစ်တစ်ခုခုမှာ ပညာသင်ခွင့် ရရှိဖို့တို့ကို ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။








