ဘင်္ဂလားဒေ့ရှ်မှာ တိုက်ပွဲဝင်ခဲ့တဲ့ဂျန်ဇီတို့အသံ ဘာကြောင့်ပျောက်သွားတာလဲ

ဓာတ်ပုံ ရင်းမြစ်, NurPhoto via Getty Images
ဆယ်စုနှစ်ပေါင်းများစွာအတွင်း ထူးထူးခြားခြားရလာတဲ့ အောင်မြင်မှုရလဒ် ရွေးကောက်ပွဲတခုက ဘင်္ဂလားဒေ့ရှ်မှာ ပေါ်ထွန်းလာခဲ့ပါတယ်။
လူဦးရေ ၁၂၇ သန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဖေဖော်ဝါရီ ၁၂ ရက် ကြာသပတေးနေ့က ရွေးကောက်ပွဲ လုပ်ခဲ့ပါတယ်။ ကျောင်းသားတွေ ဦးဆောင်တဲ့အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးက ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှာ အစိုးရကို ဖြုတ်ချနိုင်ခဲ့တဲ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်မှာ ပထမဆုံး ပြန်ပေါ်လာတဲ့ရွေးကောက်ပွဲပါ။
နှစ်များစွာ နိုင်ငံရေးအရ ကသောင်းကနင်း မတည်မငြိမ် ဖြစ်လာတာ၊ ဖိနှိပ်ဖြိုခွဲမှုတွေ၊ လူအစုလိုက်အပြုံလိုက် ဖမ်းဆီးတာတွေ ဖြစ်လာတာ၊ ဒါတွေကို ဒီရွေးကောက်ပွဲက အဆုံးသတ်ပေးနိုင်ပြီး ဒီမိုကရေစီ ပြန်နာလန်ထူလာနိုင်မှာပါလား။
ကမ္ဘာမှာ ဂျန်ဇီတို့ ဦးဆောင်မှုနဲ့ ပထမဆုံးအကြိမ် အောင်မြင်ခဲ့တဲ့ နိုင်ငံရေးအောင်ပွဲဆိုပေမဲ့ ဘင်္ဂလားဒေ့ရှ်တော်လှန်ရေးရဲ့အဲဒီလူငယ်တွေ အခုဘယ်ရောက်နေကြပါလဲ။ အာဏာအတွက် သူတို့ ဘာကြောင့် မပြင်ဆင်ခဲ့ကြတာပါလဲ။
ဘင်္ဂလားဒေ့ရှ်မှာ ဂျန်ဇီ တော်လှန်ရေး ဘယ်လို စတင်ခဲ့တာလဲ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နေရာကို ကာလအရှည်ကြာဆုံး ယူခဲ့တဲ့ ရှိတ် ဟာစီနာဟာ လွန်ခဲ့တဲ့ ၂ နှစ် ကျော်လောက်တုန်းက ဝန်ကြီးချုပ်တာဝန် ၄ ကြိမ်မြောက် ယူဖို့ မဲနိုင်ခဲ့ပါတယ်။
အဲဒီအချိန်က အဓိကအတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (Bangladesh Nationalist Party - BNP) က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာကြောင့် ဟာစီနာရဲ့ အဝါမီလိခ် ပါတီကို သိပ်ယှဥ်နိုင်တဲ့ပါတီ မရှိခဲ့သလို အဲဒီရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲလို့ ဝေဖန်မှုတွေကလည်း အကြီးအမားပါ။
နောက်ပိုင်း အဲဒီနှစ်အတွင်းမှာပဲ အစိုးရအလုပ်တွေမှာ အချိုးကျစနစ်နဲ့ အလုပ်ခန့်တာကို ဖျက်သိမ်းဖို့ ကျောင်းသားတွေက ဦးဆောင်တောင်းဆိုတဲ့ဆန္ဒပြပွဲတွေ ဖြစ်လာပါတယ်။
ဝန်ကြီးချုပ် ဟာစီနာက မြို့တော် ဒါကာနဲ့ နိုင်ငံတလွှားမှာ ဖြစ်နေတဲ့ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့သုံးပြီးအကြမ်းဖက် နှိမ်နင်းစေပါတယ်။
ဂျန်ဇီတို့ရဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို အစိုးရက ဘယ်လိုတုံ့ပြန်ခဲ့လဲ

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဝါမီလိခ်ပါတီ အစိုးရက ဒစ်ဂျစ်တယ်လုံခြုံရေးဥပဒေကို သုံးပြီး အင်တာနက်တွေကို ပိတ်၊ အတိုက်အခံတွေကို ဖမ်းဆီးပါတယ်။ ကျည်ဆန်အစစ်တွေသုံးပြီး လှုပ်ရှားတက်ကြွသူ ကျောင်းသူကျောင်းသားတွေကို ပစ်ခတ်ခဲ့ပါတယ်။
ရှိတ် ဟာစီနာဟာ သူ့ကို ရာထူးကနေ ဆင်းဖို့ တောင်းဆိုခံနေရချိန်မှာပဲ ဆန္ဒပြပွဲလှုံ့ဆော်သူတွေကို "အကြမ်းဖက်သမားတွေ" လို့ ခေါ်ဝေါ်ရှုတ်ချခဲ့ပါတယ်။ သူက ရာနဲ့ချီတဲ့လူတွေကို ထောင်ထဲကို ပို့ခဲ့သလို နောက်ထပ် ရာနဲ့ချီတဲ့လူတွေကိုလည်း ရာဇဝတ်ပုဒ်မတွေနဲ့ တရားစွဲပါတယ်။
အများပြည်သူဆီ ပေါက်ကြားထွက်လာတဲ့ အသံဖိုင်တစ်ခုထဲမှာ ဝန်ကြီးချုပ် ဟာစီနာက ဆန္ဒပြသူတွေကို "လူသေစေတဲ့လက်နက်သုံးပြီး" နှိမ်နင်းဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို အမိန့်ပေးတာကို ကြားကြရပါတယ်။ သူကတော့ လက်နက်မဲ့အရပ်သားတွေကို ပစ်ခတ်ဖို့ အမိန့်ပေးခဲ့တာမျိုး တစ်ခါမှ မရှိခဲ့ဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။
သွေးအစွန်းဆုံးနေ့တွေထဲမှာ သြဂုတ်လ ၅ ရက် (၂၀၂၄) လည်း ပါဝင်ခဲ့ပြီး အဲဒီနေ့မှာ ဝန်ကြီးချုပ် ဟာစီနာဟာ ရဟတ်ယာဉ်နဲ့ အိန္ဒိယကို ထွက်ပြေးသွားသလို အဲဒီနောက် ဒါကာမြို့က သူ့ နေအိမ်ကိုလည်း လူစုလူဝေးကြီးက ဝင်စီးနင်းခဲ့ကြပါတယ်။
ရဲတွေက အိမ်ဝန်းကျင်မှာ အဲဒီနေ့က လူပေါင်း အနည်းဆုံး ၅၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး နိုင်ငံ့ သမိုင်းတလျှောက်လုံး ရဲတွေရဲ့အကြမ်းဖက်မှု အဆိုးဆုံးအဖြစ်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
အဲဒီဆန္ဒပြပွဲကာလအတွင်း လူပေါင်း ၁,၄၀၀ သတ်ဖြတ်ခံခဲ့ကြရပြီး အများစုက လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့သတ်ဖြတ်မှုကို ခံခဲ့ရတာလို့ ကုလသမဂ္ဂက ပြောပါတယ်။
ရှိတ် ဟာစီနာနဲ့ အဝါမီလိခ် ပါတီတို့ ဘာဖြစ်သွားပြီလဲ

ဓာတ်ပုံ ရင်းမြစ်, MD Abu Sufian Jewel/NurPhoto via Getty Images
ဟာစီနာဟာ ပြည်ပမှ တိမ်းရှောင်နေပြီး အခုအိန္ဒိယနိုင်ငံ ဒေလီမြို့မှာ နေထိုင်နေပါတယ်။ ဆန္ဒပြပွဲတွေကို ဖြိုခွဲပုံတွေအတွက် သူ့ကို အရင်နှစ်တုန်းက ဘင်္ဂလားဒေ့ရှ် စစ်ရာဇဝတ်မှု ခုံရုံးကနေ မျက်ကွယ် သေဒဏ်ချမှတ်ထားပါတယ်။
အဝါမီလိခ်က ထိပ်တန်းခေါင်းဆောင်တွေလည်း သူနဲ့အတူ အိန္ဒိယမှာ ခိုလှုံနေကြပါတယ်။ ပါတီခေါင်းဆောင်အချို့ကတော့ ဘင်္ဂလားဒေ့ရှ်မှာပဲ အဖမ်းခံထားရပါတယ်။
ဟာစီနာ ပြုတ်ကျသွားပြီးတဲ့နောက် နိုဘဲယ်လ် ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ်က ကြားဖြတ်အစိုးရကို တာဝန်ယူခဲ့ပါတယ်။ ယူနွတ်စ်တို့အစိုးရက ပထမဆုံးချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တွေထဲ နိုင်ငံမှာ သက်တမ်းအရှည်ကြာဆုံး နိုင်ငံရေးပါတီလည်းဖြစ်၊ အမြဲတမ်းလိုလို ရွေးကောက်ပွဲမှာ မဲ ၃၀% လောက် ရတတ်လေ့ရှိတဲ့ အဝါမီလိခ်ပါတီကို နိုင်ငံရေးလှုပ်ရှားမှုတွေ မလုပ်ဖို့ ပိတ်ပင်လိုက်တာ ပါဝင်ပါတယ်။ အဲဒီပါတီနဲ့ ညွန့်ပေါင်းဖွဲ့ထားတဲ့ ပါတီတွေကိုလည်း အလားတူ တားမြစ်ခဲ့ပါတယ်။
အခုရွေးကောက်ပွဲအတွက်လည်း အဝါမီလိခ်က မှတ်ပုံတင်ခွင့် မရပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်က ပိတ်ပင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ တာရစ်ခ် ရာမန် ဦးဆောင်တဲ့ ဘီအန်ပီ (BNP - Bangladesh Nationalist Party) က သူတို့ကိုယ်သူတို့ လစ်ဘရယ်ဒီမိုကရက်အင်အားစု တစ်စုအဖြစ် ပုံသွင်ပြောင်းလာခဲ့ကာ ဘင်္ဂလားဒေ့ရှ်မှာ အကြီးဆုံးနိုင်ငံရေးပါတီ ဖြစ်လာပါတယ်။
ဂျန်ဇီ တော်လှန်ရေးသမားတွေ ဘာဖြစ်သွားလဲ

ဟာစီနာ အာဏာကနေ ဆင်းသွားရတာက ခေတ်သစ်တခုကို မွေးဖွားပေးသလို ဖြစ်ခဲ့ပုံပါ။ ကျောင်းသားခေါင်းဆောင်တချို့ ကြားဖြတ်အစိုးရက အဓိကကျတဲ့နေရာတွေကို ရလာကြပြီး လမ်းမတွေပေါ်ထွက်ပြီး သူတို့ တိုက်ပွဲဝင်ခဲ့တာတွေအတွက် အရင်းတည်တဲ့နိုင်ငံအဖြစ် ပုံဖော်နိုင်အောင် ကြိုးပမ်းကြပါတယ်။
နိုင်ငံရဲ့အုပ်ချုပ်စီမံရေးပိုင်းမှာ သူတို့ အရေးပါလာမယ်လို့ အများက မှန်းဆခဲ့ကြပေမယ့် လူငယ်တွေနဲ့ အဓိကထား ဖွဲ့စည်းထားတဲ့ သူ့တို့ရဲ့ပါတီ National Citizen Party (NCP) ပါတီဟာ ကွဲပြဲနေပါပြီ။
NCP မှာ ပထမဆုံးကွဲမယ့်လက္ခဏာတွေက ဘင်္ဂလားဒေ့ရှ်ရဲ့ ထိပ်တန်းတက္ကသိုလ်တွေက ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေ ရွေးပွဲမှာ စပြီး ပေါ်လာပါတယ်။ အဲဒီသမဂ္ဂ ရွေးကောက်ပွဲတွေမှာ အရင်တုန်းက နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံခဲ့ရတဲ့ အစ္စလာမ်မစ်ပါတီ ဂျမဲလ် အီ အစ္စလာမ်မီ (Jamaat-e-Islami) ရဲ့ သြဇာလွှမ်း ကျောင်းသားအစုအဖွဲ့က ကိုယ်စားလှယ်တွေ သောင်ပြိုကမ်းပြို အနိုင်ရကြပြီးတဲ့နောက် အကွဲအပြဲလမ်းကြောင်းဖြစ်လာပါတယ်။
နိုင်ငံလွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ရဲ့ ဂုဏ်သိက္ခာကြီး ဒါကာတက္ကသိုလ်မှာ ပထမဆုံးအကြိမ်အဖြစ် အစ္စလာမ်မစ်ပါတီ တစ်ခုက သြဇာလွှမ်းထားတဲ့ ကျောင်းသားသမဂ္ဂ ပေါ်ထွန်းလာခဲ့ပါတယ်။
ဒါကြောင့် NCP ဟာ ရွေးချယ်မှုတစ်ခု လုပ်ရပါတော့တယ်။ ဒီဇင်ဘာလမှာ ဂျမဲလ် အီ အစ္စလာမ်မီရဲ့ ညွန့်ပေါင်းမဟာမိတ်ထဲ သူတို့ ဝင်လိုက်ပါတယ်။
ကျောင်းသားခေါင်းဆောင်တွေရဲ့အောင်မြင်မှု လွှဲယူခံလိုက်ရတာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျမဲလ်ပါတီရဲ့ ခေါင်းဆောင် ရှဖီကာ ရာမန်က သူတို့ ပါတီအနေနဲ့ လာဘ်စားမှုတွေကို အဆုံးသတ်အောင်လုပ်မယ်၊ တရားစီရင်ရေး လွတ်လပ်မှုရှိအောင် ပြန်တည်ဆောက်မယ်လို့ ကတိပြုထားကြောင်း ဘီဘီစီကို ပြောပါတယ်။ ဒီအရေး ၂ ခု က နိုင်ငံအတွင်းမှာ နှစ်ပေါင်းရှည်ကြာ အမြစ်တွယ်နေတာကြောင့် သူတို့ ပြောသလို တိုက်ဖျက်ဖို့ ဆိုတာက လွယ်တဲ့ကိစ္စမဟုတ်ကြောင်း အများက သိကြပါတယ်။
လူငယ်တွေရဲ့ NCP ကလည်း လာဘ်စားမှုကို အမြစ်ဖြုတ်မယ်လို့ ကတိပြုပါတယ်။ သူတို့ပါတီရဲ့ ကြေညာစာတမ်းထဲမှာ လူငယ်မဲဆန္ဒရှင်တွေကို ရည်ရွယ်စည်းရုံးတဲ့တခြား အဆိုပြုချက်တွေကိုလည်း ထည့်သွင်းထားပါတယ်။
- လူထုအုံကြွမှုအတွင်း သတ်ဖြတ်ခံခဲ့ရတဲ့ သူတွေရဲ့မိသားစုတွေအတွက် တရားမျှတမှု ပြန်လည် ရရှိစေရေး
- မဲပေးနိုင်ခွင့်ရှိသူရဲ့ အသက်ကို ၁၆ နှစ် အထိ လျှော့ချရေး
- အခွန်နဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကနေတဆင့် အလုပ်အကိုင်ဖန်တီးရေးတို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ဂျမဲလ် ပါတီက NCP ပါတီကနေ ကိုယ်စားလှယ် ၃၀ သာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ခွင့်ပြုပါတယ်။ အဲဒီထဲမှာ အမျိုးသမီးက ၂ ယောက်သာ ပါဝင်ပါတယ်။
ဂျမဲလ် ပါတီက သူတို့အတွက် ကိုယ်စားလှယ်လောင်း ၂၀၀ ဝင်ပြိုင်စေပြီး အားလုံး အမျိုးသားတွေပါ။ တခြား ပါတီငယ်လေးတွေ ရှိကြ ဝင်ပြိုင်ကြပေမဲ့ ဒီရွေးကောက်ပွဲမှာ အဓိကက သူတို့နဲ့ BNP တို့သာ ပြိုင်ကြမှာပါ။
ပြန်လည် ရှင်သန်လာတဲ့ BNP ပါတီက ကျောင်းသားတွေရဲ့ ပါတီ အပေါ် ဘယ်လို သက်ရောက်သလဲ

အဝါမီလိခ် ပါတီ အာဏာရှိတဲ့ ကာလမှာ BNP ဟာ ထောင်ချီတဲ့ ထောက်ခံသူတွေ၊ ပါတီ ထိပ်တန်းခေါင်းဆောင်တွေ ထောင်ထဲထည့်ခံရတာကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ အခု ပြန်လည် အသက်ဝင်လာတာနဲ့အတူ ကျောင်းသားပါတီအဖို့ ကြီးထွားလာရေးမှာ အကန့်အသတ်ရှိခဲ့ပါတယ်။
နိုင်ငံတည်ထောင်သူလို့ တင်စားကြတဲ့ ရှိတ် မူဂျီဘာ ရာမန်ရဲ့ သမီးဖြစ်သူ ရှိတ် ဟာစီနာက အဝါမီလိခ်မှာ ခေါင်းဆောင်ဖြစ်သလို BNP ခေါင်းဆောင်ကလည်း နိုင်ငံရေးမျိုးဆက်ကနေ ဆင်းသက်လာသူပါ။
ပြည်ပမှာ တိမ်းရှောင်ပြီး လန်ဒန်မှာ ၁၇ နှစ်ကြာ နေထိုင်ခဲ့ရတဲ့ BNP ခေါင်းဆောင် တာရစ် ရာမန်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ခါလီဒါ ဇီယာရဲ့ သားပါ။ ခါလီဒါ ဇီယာက သမ္မတဖြစ်သူ သူ့ခင်ပွန်း စစ်အာဏာသိမ်းမှုအတွင်း လုပ်ကြံခံခဲ့ရတဲ့နောက် နိုင်ငံရေး ရာထူး ရယူခဲ့တာပါ။
ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ အဓိက ထားတာက ဘာအရေးကိစ္စတွေပါလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘင်္ဂလားဒေ့ရှ်မှာ ကုန်စျေးနှုန်းကြီးတာ၊ အလုပ်အကိုင် ရှားပါးတာ၊ လာဘ်စားမှု မြင့်တာ၊ တည်ငြိမ်မှု ကင်းတာ စတဲ့အရေးတွေက စိုးရိမ်စရာ ဖြစ်နေတာနဲ့အတူ အစိုးရသစ်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်မလား၊ ဒီမိုကရေစီ လုပ်ငန်းစဥ်တွေကို အာမခံနိုင်မလား စတာတွေအပေါ်လည်း လူထုက မေးခွန်း ထုတ်နေပါတယ်။
နိုင်ငံရေးသမားတွေကို နှိပ်ကွပ်တာ၊ ဆန္ဒပြပွဲတွေကို ရက်စက်စွာ ဖြိုခွင်းတာ၊ လူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးတာ စတာတွေက ဘင်္ဂလားဒေ့ရှ်မှာ မြင်ခဲ့ရတာ နှစ်တွေနဲ့ ချီကြာပါပြီ။
အရင် အစိုးရတွေလက်ထက်က အနိုင်ကျင့်ဖိနှိပ်မှုတွေအတွက် အရေးယူပေးဖို့ကို တောင်းဆိုတာတွေကလည်း မြင့်တက်နေပါတယ်။
လာဘ်စားမှုတွေကလည်း အဓိကအရေးကိစ္စတစ်ခုဖြစ်ပြီး အစိုးရဌာနတွေမှာ ဖြစ်နေတာက ပိုများပါတယ်။
ကမ္ဘာ့ဘဏ်က ၂၀၂၅ ခုနှစ်မှာ ထုတ်တဲ့အစီရင်ခံစာအရ ဘင်္ဂလားဒေ့ရှ်မှာ ဆင်းရဲမွဲတေမှု ပိုတိုးလာပြီး အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် အလုပ်အကိုင် ပိုနည်းနေတာဖြစ်ပါတယ်။
အသက် ၁၈ နှစ်နဲ့ ၃၇ နှစ်အကြား မဲဆန္ဒရှင်တွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်က အလုပ်အကိုင်ရရှိရေးနဲ့ ဘေးကင်း လုံခြုံရေးတွေကို သူတို့လိုလားတဲ့အရေးတွေထဲ ထိပ်ဆုံးမှာ ထည့်ထားကြပါတယ်။
မဲဆန္ဒရှင်အများစုကတော့ ဒီရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ နောက်ခေါင်းဆောင်သစ်တွေဟာ နိုင်ငံတည်ငြိမ်မှု၊ မျှတမှုနဲ့ သာမန်ပြည်သူလူထုတို့ရဲ့ ကောင်းကျိုးကို ဆောင်နိုင်လိမ့်မယ်လို့ မြင်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ စနစ်က ဘယ်လိုပါလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်သူ အကုန်ယူ စနစ်နဲ့ မဲဆန္ဒနယ် တစ်နယ်ကို အမတ် တစ်ယောက်ရွေးတဲ့နည်းနဲ့ ဘင်္ဂလားဒေ့ရှ် တလွှားမှာ အမတ်ပေါင်း ၃၀၀ ကို ရွေးချယ်ပါတယ်။
ဒီရွေးကောက်ပွဲမှာ နိုင်ငံခြားမှာနေထိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအဖို့ ပထမဆုံးအကြိမ် စာတိုက်မဲ စနစ်နဲ့ မဲထည့်နိုင်ကြပါတယ်။
မဲပုံးပေါင်း ၈၀၀,၀၀၀ ကျော်ကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားပြီး မဲရုံအရာရှိတွေက ကြီးကြပ်ပါတယ်။
ရွေးကောက်ပွဲ ပွင့်လင်းမြင်သာအောင်လို့ဆိုပြီး တခြားအစီအမံတွေအဖြစ် လူမျက်နှာကို မှတ်ထားပြီး စာရင်းသွင်းတဲ့နည်းတွေ၊ မိုဘိုင်း အက်ပ်နဲ့ ခြေရာခံစနစ် သုံးတာတွေကို ကော်မရှင်က ကြိုးပမ်းထားပါတယ်။
လူထုဆန္ဒခံယူပွဲလည်း လုပ်

ဓာတ်ပုံ ရင်းမြစ်, CA Press Wing
ဇူလိုင် ပဋိညာဉ်စာတမ်း (ဇူလိုင် ချာတာ) လို့ ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ့ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဘောင်ကိုလည်း လူထုဆန္ဒခံယူခဲ့ပါတယ်။
ဒီချာတာကို ကြားဖြတ်အစိုးရနဲ့ နိုင်ငံရေးပါတီတွေက ရေးဆွဲခဲ့ပါတယ်။
ဒီ ချာတာရဲ့ရည်ရွယ်ချက်ကတော့ စီမံခန့်ခွဲမှုပိုင်းမှာ အာဏာတွေ စုပြုံနေတာကို လျှော့ချတာ၊ အာဏာ ထိန်းကျောင်းမှုတွေကို အားဖြည့်တာ၊ နိုင်ငံရေး အင်အားစု တစ်ခုတည်းက အာဏာလွှမ်းတာကို လျှော့ချတာ စတဲ့အချက်တွေ ပါဝင်ပါတယ်။
တကယ်လို့ လူထုဆန္ဒခံယူပွဲမှာ အများက ထောက်ခံခဲ့ရင် အစိုးရသစ်အနေနဲ့ လွှတ်တော်မှာ အထက်နဲ့ အောက်လွှတ်တော်အဖြစ် လွှတ်တော် ၂ ရပ်ကို ပြုလုပ်နိုင်မှာ အပါအဝင် ပြောင်းလဲမှု ၈၄ ခုကို လုပ်ဆောင်နိုင်မှာပါ။
၂၀၂၆ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲက တောင်အာရှအတွက် ဘယ်လို သဘောဆောင်လဲ

ဓာတ်ပုံ ရင်းမြစ်, ပါကစ္စတန် ဝန်ကြီးချုပ်ရုံး
တောင်အာရှရဲ့ နိုင်ငံရေးက ဘာသာရေး၊ ဘယ်သူဘယ်ဝါဆိုတဲ့ အချက်တွေနဲ့ ယှက်နွှယ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ရလဒ်ဟာ ဒေသတွင်း နိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲစေနိုင်သလို ရွှေ့ပြောင်းအခြေချမှုနဲ့ နယ်စပ်လုံခြုံရေးရာတွေအတွက် သက်ရောက်နိုင်ပါတယ်။
ဘယ်သူက အစိုးရဖွဲ့တာလဲဆိုတဲ့အချက်က ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ၊ ပါကစ္စတန်တို့နဲ့ ဆက်ဆံရေးကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။
ဟာစီနာက အိန္ဒိယမှာ ခိုလှုံသွားချိန်ကတည်း အိန္ဒိယနဲ့ ဆက်ဆံရေးက တင်းမာနေတာပါ။ ဒါပေမဲ့ ၁၉၇၁ မှာ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး စစ်ပွဲနဲ့ ဆက်ဆံရေး တင်းမာခဲ့တဲ့ ပါကစ္စတန်နဲ့တော့ ဆက်ဆံရေး ပြန်ကောင်းလာတဲ့ပုံကို ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း တွေ့လာရပါတယ်။
အမေရိကန်နဲ့ တရုတ်ကြားက ဗျူဟာမြောက် အားပြိုင်ပွဲမှာလည်း ဘင်္ဂလားဒေ့ရှ်က ဗဟိုချက် ဖြစ်နေပါတယ်။ တောင်အာရှကို သွားတဲ့ဝင်လမ်းပေါက်အဖြစ် ဘင်္ဂလားဒေ့ရှ်ကို တရုတ်က မြင်ထားသလို သူတို့ရဲ့ ခေတ်သစ် ပိုးလမ်းမ ကုန်သွယ်ရေးစီမံကိန်းကြီးအတွက် အရေးပါတဲ့ အချိတ်အဆက်အဖြစ် သဘောထားပါတယ်။
တောင်အာရှမှာ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ တည်ငြိမ်မှုက ဒေသတွင်း သံတမန်ရေး အခင်းအကျင်းကို ပုံသွင်းနိုင်ပါတယ်။












