တော်ဝင်မင်းသားဟောင်းအင်ဒရူးအမှု ဘာဆက်ဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဇာရာ ဖာတီးမား
- ရေးသားသူ, ဟက်ဖ်ဆာ ခါလီလ်
- ဖတ်ရန်အချိန်: မိနစ် ၉
အများပြည်သူနဲ့ဆိုင်တဲ့ ရာထူးတာဝန်ထမ်းဆောင်ချိန်အတွင်း မလျော်ကန်တဲ့ လုပ်ဆောင်မှုတွေ ရှိခဲ့နိုင်တယ်ဆိုတဲ့သံသယနဲ့ ဗြိတိသျှ တော်ဝင်မင်းသားဟောင်းအင်ဒရူး မောင့်ဘက်တန် ဝင်ဆာကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က ခေတ္တဖမ်းဆီးခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုအောက်မှာ ပြန်လွှတ်ပေးထားပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက်နေမှာဖြစ်ပြီး လိုအပ်ရင် သူ့ကို ပြန်လည်ခေါ်ယူစစ်ဆေးနိုင်ကြောင်းဆိုပါတယ်။
ဒါပေမဲ့ နောဖော့ခ် ခရိုင်မှာရှိတဲ့ရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး အပြီးသတ်လိုက်ပြီလို့ ပြောပါတယ်။
မင်းသားဟောင်းကိုထိန်းသိမ်းခဲ့ပြီးနောက် တတိယမြောက် ချားလ်စ်ဘုရင်က "ဥပဒေနဲ့အညီ ဖြစ်ရမယ်"လို့ ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့အနေနဲ့ သူ့ဆီကနေ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု ရရှိမှာဖြစ်ကြောင်း အတည်ပြုပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
မင်းသားဟောင်းဟာ ဗြိတိန်ရဲ့ အထူးကုန်သွယ်ရေး ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ချိန်က အစိုးရရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်းကို မျှဝေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
အမေရိကန်တရားရေးဌာနက ထုတ်ပြန်ထားတဲ့ အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ ဖိုင်တွေထဲမှာ သူတို့နှစ်ဦးကြားက ဆက်သွယ်ပြောဆိုမှုတွေ ပါဝင်နေပါတယ်။
မစ္စတာ မောင့်ဘက်တန် ဝင်ဆာကတော့ သူ့အနေနဲ့ ဘယ်လို အမှားအယွင်းမှ ကျူးလွန်မထားကြောင်း တစ်လျှောက်လုံး တုံ့ပြန်ထားခဲ့ပါတယ်။
ဝင်ဆာက သူ့အိမ်ကနေ ထွက်ခွာခဲ့ရချိန်ကစလို့ မင်းသားဟောင်းနေထိုင်နေတဲ့ ကင်းစ်နောဖော့ခ် အိမ်တော်ရဲ့အပြင်ဘက်မှာ တံဆိပ်မပါတဲ့ ရဲကားတွေ ရပ်ထားတာကို မြင်တွေ့ရပါတယ်။
ဝင်ဆာဂရိတ်ပါ့ခ် အရပ်က အင်ဒရူးရဲ့ အရင်အိမ် ရွိုင်ရယ်လော့ချ် ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေခဲ့တယ်လို့ ဘီဘီစီက သိရှိထားပါတယ်။ ယူနီဖောင်း ဝတ်မထားတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကိုလည်း ဂိတ်တံခါးအလွန်မှာ တွေ့ခဲ့ရပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာတဲ့အနေနဲ့ အင်ဒရူးရဲ့အမည်ကို မထုတ်ဖော်ဘဲ အမှုဟာ လက်ရှိမှာ စုံစမ်းစစ်ဆေးနေဆဲဖြစ်တာမို့ ရုံးတော်ကိုမထီမဲ့မြင်လုပ်တာမဖြစ်အောင် ကိုင်တွယ်ရမှာဖြစ်တဲ့အကြောင်း သိမ်းဗယ်လီရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
"ဒီအမှုမှာ အများပြည်သူက အင်မတန်ကိုစိတ်ဝင်စားနေတာကို နားလည်ပါတယ်၊ သင့်တော်တဲ့အချိန်မှာ သိဖို့လိုအပ်တာတွေကို ထုတ်ပြန်သွားမှာဖြစ်ပါတယ်" လို့ ရဲတပ်ဖွဲ့ဝင် အိုလီဗာ ရိုက်ကပြောဆိုခဲ့ပါတယ်။
အများပြည်သူဆိုင်ရာ တာဝန်ထမ်းဆောင်ချိန်မှာ မလျော်မကန် လုပ်ဆောင်မှုနဲ့ပတ်သက်လို့ သိမ်းဗယ်လီရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတာကို အကူအညီပေးသွားမှာဖြစ်တယ်လို့ နောဖော့ခ်ရဲတပ်ဖွဲ့စခန်းက ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယော့ခ်မြို့စားဟောင်း အင်ဒရူးဟာ ၂၀၀၁ ကနေ ၂၀၁၁ ခုနှစ်အထိ ဗြိတိန်ရဲ့ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်း ခရီးသွားခဲ့ကာ ကမ္ဘာတစ်ဝန်းက အဆင့်မြင့်အစိုးရအရာရှိတွေ၊ စီးပွားလုပ်ငန်းရှင်တွေနဲ့ ထိတွေ့ဆက်ဆံခွင့်ရခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ အင်ဒရူးဟာ ဗီယက်နမ်၊ စင်ကာပူ၊ တရုတ်တို့ကိုခရီးသွားရင်း အစိုးရဆိုင်ရာအစီရင်ခံစာတွေကို အက်ပ်စတိန်းဆီပေးပို့ခဲ့ပုံရတယ်လို့ အမေရိကန်တရားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဖိုင်တွေမှာ ဖော်ပြထားပါတယ်။
အာဖဂန်နစ္စတန်မှာ ရွှေနဲ့ ယူရေနီယံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အင်ဒရူးဟာ အက်ပ်စတိန်းဆီကို အီးမေးလ်ပေးပို့ခဲ့တယ်လို့ မှတ်တမ်းမှတ်ရာတွေမှာ ဖော်ပြထားပါတယ်။
ဗြိတိန်အစိုးရဆိုင်ရာစည်းမျဉ်းတွေအရ ကုန်သွယ်ရေးဆိုင်ရာကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ တရားဝင်ခရီးစဉ်နဲ့ပတ်သက်တဲ့ ပြင်ပပေါက်ကြားခွင့်မရှိတဲ့သတင်းအချက်အလက်၊ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာသတင်းအချက်အလက်တွေကို လျှို့ဝှက်ထားရမယ်ဆိုတဲ့ တာဝန်ကို လိုက်နာရမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သူ့ညီဖြစ်သူအဖမ်းခံရတဲ့သတင်းကို စိုးရိမ်မှုကြီးစွာဖြင့် သိရှိခဲ့ရကြောင်း ချားလ်စ်ဘုရင်က ပြောပါတယ်။
"ဒီကိစ္စကို သင့်တော်တဲ့နည်းလမ်းနဲ့ ပြည့်ပြည့်ဝဝ၊ မျှမျှတတ၊ လျော်ကန်မှုရှိရှိနဲ့ သင့်တော်တဲ့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှာဖြစ်ပါတယ်"လို့ သူက ထုတ်ပြန်ထားပါတယ်။
"ဥပဒေနဲ့အညီဖြစ်စေရမယ်လို့ ကျွန်ုပ်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောပါရစေ" ဟု သူကဆက်လက်ပြောဆိုထားပါတယ်။
"ဒီလုပ်ငန်းစဉ် ဆက်ရှိနေသလို ကျွန်ုပ်အနေနဲ့ နောက်ထပ် မှတ်ချက်ပေးဖို့ မသင့်တော်ပါဘူး။ အခုလောလောဆယ်မှာ ကျွန်ုပ်နဲ့ ကျွန်ုပ်မိသားစုဟာ သင်တို့အားလုံးအတွက် တာဝန်ဆက်လက်ထမ်းဆောင်နေမှာဖြစ်ပါတယ်" လို့ သူကပြောပါတယ်။
ဘုရင်ရဲ့ထုတ်ပြန်ချက်ကို ဝေလမင်းသားနဲ့မင်းသမီးတို့ကလည်း ထောက်ခံထားတယ်လို့ ဘီဘီစီက သိရှိထားပါတယ်။
မင်းသားဟောင်းအင်ဒရူးကို ဖမ်းဆီးမယ့်ကိစ္စကို ဘုရင်နဲ့ ဘက်ကင်ဟမ်နန်းတော်တို့ကို ကြိုတင်အသိပေးထားတာမရှိဘူးလို့ နားလည်ရပါတယ်။
အဲ့ဒီနေ့ မနက်ခင်းမှာ ဒီဖမ်းဆီးမှု ဖြစ်ခဲ့ပေမဲ့ တော်ဝင်မိသားစုဟာ ပုံမှန်အတိုင်းပဲ လုပ်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။
ကြာသပတေးနေ့မှာစတင်တဲ့ လန်ဒန်ဖက်ရှင်ရက်သတ္တပတ်အခမ်းအနားကိုလည်း ဘုရင်ဟာ သူတစ်ဦးတည်းတက်ရောက်ခဲ့ပြီး ညီဖြစ်သူ အဖမ်းခံရမှုနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့မေးမြန်းမှုတွေကို မတုံ့ပြန်ခဲ့ပါဘူး။
ဝင်ဆာကနေ ထွက်ခွာလာတဲ့ မိဖုရားကမီလာကို "အင်ဒရူးအဖမ်းခံရတာနဲ့ပတ်သက်လို့ ပူပန်မှုရှိပါသလား" လို့ မေးမြန်းတဲ့အခါ သူက လက်ကိုဝှေ့ရမ်းရုံသာလုပ်ပြီး မဖြေခဲ့ပါဘူး။
အက်ပ်စတိန်းနဲ့ပတ်သက်မှုမှာ တစ်စုံတရာအမှားမရှိခဲ့ဘူးလို့ အင်ဒရူးက အမြဲပြောဆိုခဲ့ပါတယ်။ ဇန်နဝါရီမှာ အက်ပ်စတိန်း ဖိုင် သန်းပေါင်းများစွာကို ထုတ်ပြန်ပြီးတဲ့အခါ ထွက်ပေါ်လာတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ဘီဘီစီက မေးမြန်းခဲ့ပေမဲ့ သူက ပြန်လည်ဖြေဆိုတာမရှိခဲ့ပါဘူး။
အက်ပ်စတိန်းဖိုင်တွေကနေ နောက်ထပ်သတင်းအချက်အလက်သစ်တွေနဲ့ပတ်သက်လို့ ဗြိတိန်ရဲတပ်ဖွဲ့များစွာဆီကို စာမျက်နှာငါးမျက်နှာပါစာတစ်စောင်ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ ဗြိတိသျှဝန်ကြီးချုပ်ဟောင်းဂေါ်ဒန်ဘရောင်းက ဘီဘီစီကိုပြောပါတယ်။
သတင်းအချက်အလက်သစ်တွေဟာ အရင်အပတ်က ရဲဌာနတွေကို သူ တင်ပြခဲ့တဲ့အချက်အလက်တွေကို ထပ်ဖြည့်စွက်တာဖြစ်ပြီး သူဟာ လူကုန်ကူးခံရတဲ့ မိန်းကလေးနဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုရှိရေးအတွက် စိုးရိမ်မှုကို ဖော်ပြထားတာဖြစ်တယ်လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media
အင်ဒရူးအဖမ်းခံရတဲ့သတင်းကြောင့် သူ့နှမဖြစ်သူ ကျေနပ်လောက်မယ်ထင်ပါတယ်လို့ ကွယ်လွန်သူ ဗာဂျီးနီးယား ဂျူဖရေးရဲ့ အစ်ကို စကိုင်းရောဘတ်က ဘီဘီစီကိုပြောပါတယ်။
မင်းသားဟောင်းကို ဗာဂျီးနီးယား ဂျူဖရေးက စွပ်စွဲမှုတွေလုပ်ဆောင်ခဲ့ပြီး ဒီအမှုဟာ တရားရုံးအပြင်ဘက်မှာ ကျေအေးခဲ့ပြီးပါပြီ။ ၂၀၀၀ ပြည့်နှစ် အစောပိုင်းနှစ်တွေမှာ အက်ပ်စတိန်းပိုင်တဲ့ လစ်တဲ စိန့်ဂျိန်းကျွန်းအပါအဝင် နေရာတချို့မှာ အင်ဒရူးနဲ့ လိင်ဆက်ဆံဖို့ အကြိမ်ပေါင်းများစွာ ဖိအားပေးခံခဲ့ရတယ်လို့ သူက စွပ်စွဲခဲ့ပါတယ်။ အင်ဒရူးဘက်က မှားပါတယ်လို့ ဝန်မခံဘဲ သူတို့နှစ်ဦးကြား ကျေအေးခဲ့တာပဲဖြစ်ပါတယ်။
အင်ဒရူးအဖမ်းခံရတာဟာ ဗာဂျီးနီးယားရဲ့စွပ်စွဲချက်တွေနဲ့ တိုက်ရိုက်ပတ်သက်တာမဟုတ်ဘူးလို့ ဝန်ခံခဲ့ပေမဲ့ ရောဘတ်ကတော့ အသက်ရှင်ကျန်ရစ်သူတွေအတွက် အောင်ပွဲခံရတဲ့ အခိုက်အတန့်လို့ပြောဆိုခဲ့ပါတယ်။
"သူ (ဗာဂျီးနီးယား) သာ မရှိခဲ့ရင် ကျွန်တော်တို့ ဒီအခြေအနေကို ရောက်လာမှာ မဟုတ်ပါဘူး။ အခုအဆင့်အထိ စုံစမ်းစစ်ဆေးနိုင်မယ့် အခိုက်အတန့်မျိုးကိုလည်း ကျွန်တော်တို့ ရောက်လာမှာ မဟုတ်ပါဘူး'" လို့သူက ပြောပါတယ်။
သိမ်းဗယ်လီရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို ထောက်ခံတဲ့အတွက် ဘုရင်ကို ချီးကျူးကြောင်း ရောဘတ်က ပြောပါတယ်။ "ဘေးဒုက္ခကနေ လွတ်မြောက်လာသူတွေဘက်က ရပ်တည်ပေးတဲ့အတွက် ဘုရင်နဲ့တော်ဝင်မိသားစုကို ကျေးဇူးတင်ပါတယ်" လို့ သူက ပြောခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ စွပ်စွဲချက်တွေကြောင့် တော်ဝင်မိသားစု အရှက်ရပြီးနောက် အင်ဒရူးကို တော်ဝင်မင်းသားအဖြစ်ကနေ ရပ်ဆိုင်းခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ဂျူဖရေးက သူ့ကို အမေရိကန်ပြည်ထောင်စုမှာ တရားမမှုနဲ့တရားစွဲချိန်မှာတော့ အင်ဒရူးဟာ စစ်ဘက်ဆိုင်ရာရာထူးရာခံနဲ့ တော်ဝင်မင်းသားဆိုင်ရာဂုဏ်ထူးဘွဲ့ထူးတွေကို ဆုံးရှုံးခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ထီးနန်းဆက်ခံခွင့်ရှိတဲ့စာရင်းမှာ အဌမမြောက်နေရာမှာရှိတဲ့ပုဂ္ဂိုလ်ဆိုတဲ့ နေရာကို ဆက်လက်ရယူထားဆဲဖြစ်ပါတယ်။
အင်ဒရူးဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာမှာ တော်ဝင်မင်းသားအဖြစ်က ရုပ်သိမ်းခံခဲ့ရပါတယ်။ တစ်ချိန်ထဲမှာပဲ ဂျူဖရေးရဲ့ ကွယ်လွန်ပြီးမှ ထွက်ရှိတဲ့ ဘဝမှတ်တမ်းစာအုပ်ထွက်ရှိပြီး အက်ပစတိန်းနဲ့ အင်ဒရူးတို့ကြား ပတ်သက်မှုတွေကို အများပြည်သူပိုမိုသိရှိလာခဲ့ရပါတယ်။
"အင်မတန်ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ပါတယ်၊ တော်ဝင်မိသားစုအတွက် အင်မတန်ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ပါတယ်" လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အင်ဒရူးအဖမ်းခံရပြီးနောက် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။












