စစ်ဘက်ရာထူးတွေနဲ့ မင်းသားအဆောင်အယောင် သိမ်းခံလိုက်ရတဲ့ အင်ဒရူးမင်းသား

အင်ဒရူးမင်းသား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ယော့ခ်မြို့စား အင်ဒရူးမင်းသားဆီက စစ်ဘက်ရာထူးတွေနဲ့ တော်ဝင်အဆောင်အယောင်တွေ ဘုရင်မကြီးဆီ ပြန်အပ်နှံလိုက်ရပြီလို့ ဘာကင်ဟမ်နန်းတော်က ကြေညာလိုက်ပါတယ်။

အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ အင်ဒရူးမင်းသားဟာ သူ့ကို ခေါ်ဆိုမိတ်ဆက်ရင် တော်ဝင်အသုံးအနှုန်းဖြစ်တဲ့ HRH ကို အမည်မှာ တပ်ပြီးသုံးတာမျိုး မလုပ်ရတော့ဘူးလို့ တော်ဝင်နန်းတော်ထဲကလာတဲ့ သတင်းအရ သိရပါတယ်။

အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ထိပါးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အင်ဒရူးမင်းသားဟာ အမေရိကန်မှာ အမှုရင်ဆိုင်ရဖို့ရှိနေချိန်ဖြစ်ပါတယ်။ မင်းသားကတော့ အဲဒီစွပ်စွဲချက်တွေ မမှန်ဘူးလို့ အစဉ်တစိုက် ငြင်းဆိုနေခဲ့ပါတယ်။

ဗာဂျီးနီးယား ဂျူဖရီက သူ့ကို စွဲဆိုထားတဲ့အမှုမှာ သူအပြစ်မရှိကြောင်း မင်းသားက ဆက်ပြီး ခုခံကာကွယ်သွားဖို့ ပိုင်းဖြတ်ထားတယ်လို့ သူနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဒီအမှုကို ပယ်ဖျက်ပေးဖို့ မင်းသားက ကြိုးစားခဲ့ပေမဲ့လည်း ဗုဒ္ဓဟူးနေ့က အမေရိကန်တရားသူကြီးတစ်ယောက်က အမှုကို ဆက်စစ်ဆေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဘာကင်ဟမ်နန်းတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ "ဘုရင်မကြီးရဲ့ ခွင့်ပြု သဘောတူညီချက်နဲ့ ယော့ခ်မြို့စားရဲ့ စစ်ဘက်ဆက်နွယ်တဲ့ရာထူးတွေနဲ့ တော်ဝင်အဆောင်အယောင်အသုံးအနှုန်းတွေကို ဘုရင်မကြီးဆီ ပြန်အပ်ခဲ့ပါပြီ" လို့ ဖော်ပြထားပါတယ်။

ယော့ခ်မြို့စားဟာ တော်ဝင်နန်းတော် ကိုယ်စားပြုတာဝန်တွေကို ဆက်ယူတော့မှာ မဟုတ်ဘဲ သူရင်ဆိုင်နေရတဲ့အမှုကို အရပ်သားတစ်ဦးနေနဲ့ပဲ ခုခံကာကွယ်သွားပါမယ်လို့လည်း ဖော်ပြထားပါတယ်။

အင်ဒရူးမင်းသားကိုပေးထားတဲ့ ရာထူးတွေအားလုံးကို ချက်ချင်း ဘုရင်မကြီးဆီ ပြန်အပ်လိုက်ရပြီး တခြားတော်ဝင်မိသားစုဝင်တွေက အဲဒီရာထူးတာဝန်တွေ ခွဲဝေရယူကျင့်သုံးသွားကြလိမ့်မယ်လို့ သိရပါတယ်။

စစ်ပြန်ကြီးတွေကလည်း တောင်းဆို

ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူ တစ်ယောက်ကတော့ ယော့ခ်မြို့စားရဲ့ စစ်ဘက်ရာထူးတွေ ဘုရင်မကြီးဆီပြန်အပ်လိုက်ရတာနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနအနေနဲ့ ပြောစရာဘာမှမရှိကြောင်းနဲ့ ဒီကိစ္စဟာ တော်ဝင်နန်းတော်က ဆုံးဖြတ်လုပ်ဆောင်ရမယ့် ကိစ္စသာ ဖြစ်တယ်လို့ ပြောပါတယ်။

တော်ဝင်ရေတပ်၊ လေတပ်နဲ့ ကြည်းတပ်က စစ်ပြန် ၁၅၀ ကျော်ကလည်း ဘုရင်မကြီးဆီစာရေးပြီး အင်ဒရူးမင်းသားယူထားတဲ့ စစ်ဘက်ရာထူး ရှစ်ခုကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုထားခဲ့ကြပါတယ်။

အင်ဒရူးမင်းသားဟာ တော်ဝင်ရေတပ်မှာ ၂၂ နှစ် အမှုထမ်းခဲ့ပြီး ဖော်ကလန်ကျွန်းစစ်ပွဲတုန်းကလည်း ရဟတ်ယာဉ်ပိုင်းလော့အဖြစ် ပါဝင်ခဲ့ပါတယ်။

ပြဿနာအရှုပ်အရှင်းတွေဖြစ်လာပြီး စွပ်စွဲချက်တွေနဲ့ စပြီး ရင်ဆိုင်လာရတဲ့ ၂၀၁၉ ခုနှစ်က အင်ဒရူးမင်းသားက တော်ဝင်မိသားစုတာဝန်တွေထမ်းဆောင်နေရာက ရပ်နားခဲ့ပြီး သူ့ရဲ့ စစ်ဘက်ရာထူးတွေကိုလည်း နန်းတော်က ခေတ္တရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ အင်ဒရူးမင်းသားဟာ ကနေဒါနဲ့ နယူးဇီလန်တပ်မတော်တွေမှာလည်း အဆောင်အယောင်ရာထူးတွေ ရထားသူ ဖြစ်ပါတယ်။

အခုလို ရာထူးတာဝန်တွေ ရပ်ဆိုင်းခံရပေမဲ့ အင်ဒရူးမင်းသားဟာ ရေတပ်ကသူ့ရဲ့ ရာထူးဖြစ်တဲ့ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီးအဆင့်အတန်းကိုတော့ ဆက်ယူထားခွင့်ရမယ်လို့ နန်းတော်က ကြေညာပါတယ်။

တပ်မတော်အမှုထမ်းတစ်ယောက်အဖြစ်နဲ့ သူဟာ လက်ရှိအမှုထမ်းနေသူတစ်ဦးရရှိတဲ့ ရာထူးအဆင့်တိုးပေးတာကို သူ့ရဲ့ အသက် ၅၅ နှစ်ပြည့်တဲ့ ၂၀၁၅ ခုမှာ ရခဲ့ပြီး ရေတပ်ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာတာပါ။

၂၀၀၀ မှာကျရောက်တဲ့ သူ့ရဲ့ အသက် ၆၀ ပြည့်မွေးနေ့မှာ ဗိုလ်ချုပ်ကြီးအဖြစ်ရာထူးတိုးခံရဖို့ ရှိပေမဲ့ တာဝန်တွေ ခေတ္တရပ်နားထားချိန်မို့ ရာထူးတိုးတာကိုလည်း ဆိုင်းငံ့ထားခဲ့ပါတယ်။

၁၉၈၃ ခုနှစ်ကတွေ့ရတဲ့ ရေတပ်အရာရှိ အင်ဒရူးမင်းသား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၈၃ ခုနှစ်ကတွေ့ရတဲ့ ရေတပ်အရာရှိ အင်ဒရူးမင်းသား
ဝင်ဆာနေအိမ်က ထွက်လာတဲ့ အင်ဒရူးမင်းသား

ဓာတ်ပုံ ရင်းမြစ်, REX/Shutterstock

ဓာတ်ပုံ ပုံစာ, အမေရိကန်တရားသူကြီးက အမှုဆက်စစ်မယ်လို့ ပြောပြီးချိန်မှာ ဝင်ဆာနေအိမ်ကထွက်လာတဲ့ အင်ဒရူးမင်းသားကို တွေ့ရစဉ်
ဗာဂျီးနီးယားဂျူဖရီ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မစ္စဂျူဖရီက သူဟာ အသက်မပြည့်သေးချိန်မှာ အင်ဒရူးမင်းသားနဲ့ လိင်ဆက်ဆံဖို့ ပေးပို့ခံရတယ်လို့ စွပ်စွဲထားပါတယ်။

အင်ဒရူးမင်းသားကို စွပ်စွဲထားသူ မစ္စဂျူဖရီက နယူးယောက်မြို့က တရားရုံးတစ်ခုမှာ ထိပါးစော်ကားခံရသူ ကလေးသူငယ်များဥပဒေအရ ၂၀၂၁ က တရားစွဲဆိုခဲ့တာပါ။ မစ္စဂျူဖရီက သူဟာ လိင်မုဆိုးအဖြစ်တရားစွဲဆို အရေးယူခံခဲ့ရသူ ဂျက်ဖရီအက်ပ်စတိန်းရဲ့ စော်ကားမှုနဲ့ လိင်မှောင်ခိုကူးမှုကို ခံခဲ့ရသူ ဖြစ်ပါတယ်လို့ အင်ဒရူးမင်းသားကို အမှုဖွင့်တဲ့အချိန် တရားရုံးကို တင်ခဲ့တဲ့ စာမှာ ဖော်ပြထားပါတယ်။

အဲဒီလို စော်ကားခံခဲ့ရတာတွေထဲမှာ သူ့ကို အက်ပ်စတိန်းက တခြား သြဇာကြီးတဲ့အမျိုးသားတွေဆီ "ငှားရမ်း" ပေးပို့ခဲ့တာလည်း ပါတယ်လို့ ဆိုပါတယ်။

သူ အသက် ၁၇ နှစ်မှာပဲ ဂျက်ဖရီအက်ပ်စတိန်းက သူ့ကို အင်ဒရူးမင်းသားနဲ့ လိင်ဆက်ဆံဖို့ ပို့ပေးခဲ့တယ်လို့ သူကဆိုပါတယ်။

အမေရိကန် ဥပဒေအရ အသက်မပြည့်သေးတဲ့သူ့ကို အင်ဒရူးမင်းသားက သုံးကြိမ်တိုင်တိုင် ယူကေမှာရော အမေရိကန်မှာပါ လိင်ပိုင်းစော်ကားခဲ့တယ်လို့ မစ္စဂျူဖရီက စွပ်စွဲထားပါတယ်။

ဘီဘီစီရဲ့ Newsnight အစီအစဉ်နဲ့ ၂၀၁၉ ခုနှစ်က မေးမြန်းခန်းမှာ အင်ဒရူးမင်းသားက ဗာဂျီးနီးယားဂျူဖရီနဲ့ တွေ့ဆုံဖူးတယ်လို့ သူမမှတ်မိကြောင်းနဲ့ သူတို့ လိင်ဆက်ဆံခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်တွေ မရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။