ဂျက်ဖရီအက်ပ်စတိန်း - သြဇာရှိသူတွေနဲ့ ဆက်နွှယ်ခဲ့တဲ့ အမေရိကန် ငွေကြေးလုပ်ငန်းရှင် လိင်မုဆိုး

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၁ ခုနှစ်က နယူးယောက်ပို့စ်သတင်းစာနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဂျက်ဖရီအက်ပ်စတိန်းက "ကျွန်တော်က လိင်မုဆိုး လိင်ပိုင်းဆိုင်ရာ အလွဲလုပ်အနိုင်ကျင့်သူမဟုတ်ပါဘူး။ အပြစ်ကျူးလွန်သူတစ်ယောက်ပါ" လို့ ပြောဆိုခဲ့ဖူးပါတယ်။ အဲဒါနှစ်ခုက "လူသတ်သမားတစ်ယောက်နဲ့ ဘာဂါမုန့်တစ်လုံး ခိုးသူကြားက ပြစ်မှုလို အဆမတန်ကွာခြားချက်ရှိပါတယ်'' လို့ ဆက်ပြောပါတယ်။
လိင်ပိုင်းဆိုင်ရာလူကုန်ကူးမှုစွဲချက်တွေနဲ့ အာမခံမရဘဲတရားရင်ဆိုင်နေချိန် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှာ ဂျက်ဖရီအက်ပ်စတိန်းက နယူးယောက်က အကျဉ်းထောင်အတွင်း သေဆုံးခဲ့ပါတယ်။
အရွယ်မရောက်သေးတဲ့မိန်းကလေးကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ အပြစ်ရှိကြောင်း စီရင်ခံရလို့ လိင်ပြစ်မှုကျူးလွန်သူအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ အမှုဖြစ်အပြီး ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ အက်ပ်စတိန်းသေဆုံးခဲ့တာပါ။
သူနောက်ဆုံး ရင်ဆိုင်ခဲ့ရတဲ့အမှုကတော့ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာနဲ့ ငွေကြေး အကျိုးအမြတ်အတွက် အသုံးချတဲ့ကွန်ရက်ကြီးတစ်ခုကို တည်ထောင်လည်ပတ်ခဲ့သူလို့ စွပ်စွဲခံရတာပါ။ သူကတော့ အပြစ်မရှိကြောင်း ပြောခဲ့ပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ အမေရိကန် ကွန်ဂရက်ရဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးက အက်ပ်စတိန်းနဲ့ဆိုင်တဲ့ ဖိုင်တွေကို ပွင့်လင်းမြင်သာမှုရှိစေရေး ဥပဒေ (Epstein Files Transparency Act) ကို မဲအများစုနဲ့ အတည်ပြုခဲ့ကြပါတယ်။
အဲဒီနောက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဲဒီဥပဒေကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပြီး၊ အဲဒီဥပဒေအရ အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ဖိုင်အားလုံးကို တရားရေးဌာနက ၂၀၂၅ ဒီဇင်ဘာလ ၁၉ ရက်မတိုင်မီ ထုတ်ပြန်ပေးရမှာ ဖြစ်ပါတယ်။
၂၀၂၆ ဇန်နဝါရီလ ၃၀ ရက်မှာ အမေရိကန် တရားရေးဌာနက စာရွက်စာတမ်း သုံးသန်းကျော်ကို ထုတ်ပြန်ခဲ့ပါတယ်။အဲဒီထဲက ဗီဒီယိုဖိုင်တစ်ခုမှာ '' ခင်ဗျားကိုယ်ခင်ဗျား မကောင်းဆိုးဝါး လို့လက်ခံလား" လို့ အက်ပ်စတိန်းကို တစ်ယောက်က မေးချိန်မှာ သူက ''ကျွန်တော့်မှာ မှန်ကောင်းကောင်းတစ်ချပ်ရှိပါတယ်'' လို့ ဖြေထားတာ တွေ့ရပါတယ်။
အချိန်အားဖြင့် နာရီနှစ်နာရီနီးပါး ကြာမြင့်တဲ့ အဲဒီ ဗီဒီယိုဖိုင် အပြည့်အစုံမှာ အက်ပ်စတိန်းက အင်တာဗျူးသူရဲ့ မေးခွန်းတွေကို ရင်ဆိုင်ဖြေကြားနေတာတွေကိုတွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီ မေးခွန်းတွေကို ဘယ်သူကမေးခဲ့တယ်ဆိုတာနဲ့ ဘယ်မှာ၊ ဘယ်အချိန်က မေးခဲ့တယ်၊ ဘာရည်ရွယ်ချက်နဲ့ ရိုက်ကူးထားသလဲဆိုတာကို အတည်ပြုနိုင်တာမရှိသေးပါဘူး။
အမေရိကန် ဒုတိယတရားရေးဝန်ကြီး တော့ဒ် ဘလန့်ချ်ကတော့ ဇန်နဝါရီ ၃၀ ကထုတ်ပြန်ခဲ့တဲ့ စာရွက်စာတမ်းအထောက်အထားတွေဟာ "အမှုအထောက်အထား စာရွက်စာတမ်းတွေကို အမျိုးအစားခွဲခြားအတည်ပြုပြီး သုံးသပ်လေ့လာခဲ့တဲ့ ပြည့်စုံပြီး အသေးစိတ်တဲ့ လုပ်ငန်းစဉ်ရဲ့ အဆုံးသတ်" ဖြစ်တယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာပြစ်မှုကျုးလွန်သူတွေ တာဝန်ခံမှုရှိစေရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီအမတ်အချို့ကတော့ တရားရေးဌာနဟာ သင့်လျော်တဲ့ အကြောင်းပြချက်မရှိဘဲ စာရွက်စာတမ်းအများအပြားကို မထုတ်ပြန်ဘဲ ထားသေးတယ်လို့ ပြောနေပါတယ်။
အမေရိကန် အာဏာပိုင်တွေအခုအချိန်အထိ အများသိအောင် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကနေ ကွယ်လွန်သွားပြီဖြစ်တဲ့ ငွေကြေးလုပ်ငန်းရှင် ဂျက်ဖရီအက်ပ်စတိန်းရဲ့ဘဝနဲ့ သူပတ်သက် ကျင်လည်ခဲ့တဲ့ ကမ္ဘာ့ထင်ရှားနာမည်ကြီးပုဂ္ဂိုလ်တွေ ပါဝင်တဲ့ အသိုင်းအဝိုင်းအကြောင်းကို မီးမောင်းထိုးပြခဲ့ပါတယ်။
လူကောင်းတစ်ယောက်လား

ဓာတ်ပုံ ရင်းမြစ်, US Department of Justice
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နယူးယောက်မှာ မွေးဖွားပြီး ကြီးပြင်းလာခဲ့တဲ့ အက်ပ်စတိန်းဟာ ၁၉၇၀ ခုနှစ်ကာလတွေမှာ Dalton School ဆိုတဲ့ ကိုယ်ပိုင်ကျောင်းမှာ သင်္ချာနဲ့ ရူပဗေဒ ဘာသာကို သင်ကြားပေးခဲ့သူဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း တက္ကသိုလ်မှာ ရူပဗေဒနဲ့ သင်္ချာကို လေ့လာခဲ့ပေမယ့် ဘွဲ့မရခဲ့ပါဘူး။
သူ့ကျောင်းသားတစ်ဦးရဲ့ ဖခင်က အက်ပ်စတိန်းကို သိပ်သဘောကျခဲ့ပြီး Wall Street က Bear Stearns ရင်းနှီးမြှုပ်နှံရေးဘဏ်က အကြီးတန်း ရင်းနှီးမြှုပ်နှံသူတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။
လေးနှစ်အတွင်းမှာ သူကိုယ်တိုင်က အဲဒီကုမ္ပဏီရဲ့ ပါတနာတစ်ဦး ဖြစ်လာခဲ့ပြီး ၁၉၈၂ ခုနှစ်မှာတော့ J Epstein and Co. ဆိုတဲ့ ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။
အဲဒီကုမ္ပဏီက လုပ်ငန်းအပ်နှံသူတွေရဲ့ ပိုင်ဆိုင်မှု ဒေါ်လာတစ်ဘီလျံကျော် (ပေါင် ၈၀၀ မီလျံခန့်) တန်ဖိုးရှိတဲ့ ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စီမံခန့်ခွဲပေးခဲ့ပြီး ချက်ချင်းဆိုသလို အောင်မြင်မှု ရရှိခဲ့ပါတယ်။
အဲဒီကစလို့ အက်ပ်စတိန်းဟာ ငွေကိုဖောဖောသီသီ စသုံးလာပါတယ်။ ဖလော်ရီဒါမှာ အိမ်ကြီးတစ်လုံး၊ နယူးမက္ကဆီကိုမှာ ခြံဝန်းကျယ်တစ်ခုနဲ့ နယူးယောက်မှာ အကြီးဆုံး ကိုယ်ပိုင်အိမ်လို့ပြောကြတဲ့ အိမ်တစ်လုံးဝယ်ခဲ့ပါတယ်။ ဒါတင်မက နာမည်ကြီးပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ အသိုင်းအဝိုင်းထဲကိုလည်း ရောနှောဝင်ရောက်လာခဲ့ပါတယ်။
"ကျွန်တော် Jeff ကို ၁၅ နှစ်ကြာ သိခဲ့ပါတယ်။ တော်တော်ကောင်းတဲ့ လူပါ" လို့ ၂၀၀၂ ခုနှစ်တုန်းက အက်ပ်စတိန်းအကြောင်းရေးတဲ့ New York မဂ္ဂဇင်းအတွက် အင်တာဗျူးတစ်ခုမှာ အခု အမေရိကန်သမ္မတဖြစ်နေတဲ့ အဲဒီအချိန်က စီးပွားရေးလုပ်ငန်းရှင် ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။
"သူနဲ့ အတူရှိရတာ ပျော်စရာကောင်းပါတယ်။ သူဟာ ကျွန်တော်လိုပဲ အမျိုးသမီးလှလှတွေကိုကြိုက်တယ်၊ အဲဒီ အမျိုးသမီးတွေထဲမှာ အသက်ပိုငယ်တဲ့သူတွေများတယ်
''သံသယရှိစရာ မလိုပါဘူး။ ဂျက်ဖရီက ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းသူပါ။"
နောက်ပိုင်းမှာ သမ္မတက သူတို့နှစ်ယောက်ဟာ အက်ပ်စတိန်း ပထမအကြိမ် အဖမ်းမခံရခင်၂၀၀၀ ခုနှစ်တွေရဲ့ အစောပိုင်းမှာကတည်းက အဆင်မပြေဖြစ်ပြီး ဆက်ဆံရေးပြတ်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အက်ပ်စတိန်းနဲ့ ဆက်စပ်ပြီး သူကတော့ ဘယ်လိုမှားယွင်းမှုမှ မရှိခဲ့ဘူးလို့လည်း ထရမ့်က ဆက်တိုက်ငြင်းဆိုထားပါတယ်။
အိမ်ဖြူတော်ကလည်း ''အက်ပ်စတိန်းကို ထရမ့်က သူ့ရဲ့ ကလပ်ထဲမှာ အမျိုးသမီးဝန်ထမ်းတွေကို မသင့်လျော်တဲ့အပြုအမူ ပြုလုပ်ခဲ့တာကြောင့် ထုတ်ပယ်ခဲ့တာ ဆယ်စုနှစ်ပေါင်းအတော်ကြာပြီ''လို့ ဆိုပါတယ်။
ထရမ့် ကိုယ်တိုင်က အက်ပ်စတိန်းဟာ သူ့ရဲ့ Mar-a-Lago ကမ်းခြေကလပ် spa မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးငယ်လေးတွေကို "ခိုးယူသွားခဲ့တယ်" လို့ ပြောခဲ့ပါတယ်။ "အဲဒီလို ဖြစ်ပြီးနောက်မှာတော့ သူနဲ့ ဆက်ဆံရေး ပြတ်ပြီပဲ"လို့ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အက်ပ်စတိန်းဟာ ထရမ့်အပြင် နာမည်ကြီး လူမှုရေး၊ နိုင်ငံရေး ထင်ရှားကျော်ကြား သြဇာရှိပုဂ္ဂိုလ်တွေနဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေက သူနဲ့ မိတ်ဆွေဖြစ်ခဲ့တာတစ်ခုတည်းကြောင့် သူတို့ဘက်က မှားယွင်းမှုရှိပါတယ်လို့ တပ်အပ်ပြောလို့တော့မရပါဘူး။
၂၀၀၂ ခုနှစ်မှာ သူဟာ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ သရုပ်ဆောင် ကယ်ဗင်စပေဆီနဲ့ ခရစ္စတာကာတို့ကို အထူးပြင်ဆင်ထားတဲ့ ကိုယ်ပိုင်လေယာဉ် နဲ့ အာဖရိကကို ပို့ဆောင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ သူဟာ အဲဒီအချိန်က ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိုင်းနဲ့ အတူ New York မဂ္ဂဇင်းကို ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီနှစ်မှာပဲ အက်ပ်စတိန်းက ဟားဗတ်တက္ကသိုလ်ကို ဒေါ်လာ ၃၀ သန်း (ပေါင် ၂၃ သန်းခန့်) လှူဒါန်းခဲ့ပါတယ်။
အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ သူ့ဇနီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့ဟာ အက်ပ်စတိန်းနဲ့ ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုမှာ အစစ်ခံထွက်ဆိုပေးဖို့ သဘောတူထားကြပါတယ်။
ဂျက်ဖရီအက်ပ်စတိန်း ဟာ ဗြိတိသျှနိုင်ငံရေးသမား ပီတာမက်ဒယ်ဆင်နဲ့လည်း မိတ်ဆွေဖြစ်ခဲ့ပါတယ်။ မက်ဒယ်ဆင်ကတော့ အဲဒီလိုလူနဲ့ မိတ်ဆွေဖြစ်ခဲ့မိတာကို နောင်တရတယ်လို့ နောက်ပိုင်းမှာ ပြောခဲ့ပြီး သူတို့ပတ်သက်ခဲ့မှုကြောင့်ပဲ ၂၀၂၅ ခုနှစ်မှာ အမေရိကန်နိုင်ငံဆိုင်ရာသံအမတ်ရာထူးကို ဆုံးရှုံးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ လေဘာပါတီကနေလည်း နုတ်ထွက်ခဲ့ပါတယ်။
နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အက်ပ်စတိန်းဖိုင်နဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေအရ ၂၀၀၉ ခုနှစ်မှာ မက်ဒယ်ဆင်ဟာ စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်တုန်းက အက်ပ်စတိန်းကို အစိုးရရဲ့ အရေးကြီးသတင်းအချက်အလက်တွေ ပေးပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်ရဲတပ်ဖွဲ့က မက်ဒယ်ဆင်ဟာ ပြည်သူ့ဝန်ထမ်းရာထူးယူထားချိန်မှာ မလျော်ကန်တဲ့ အပြုအမူရှိခဲ့နိုင်လားဆိုတာကို ပြန်လည်စုံစမ်းနေပါတယ်။
ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတချို့အရဆိုရင် မက်ဒယ်ဆင် ဟာ ယူရိုငွေကို တန်ဖိုးပြန်တက်အောင် ဥရောပသမဂ္ဂက ယူရို ၅၀၀ ဘီလျံသုံးပြီး ကျားကန်ပေးမယ့် အစီအစဉ်အကြောင်းကို အက်ပ်စတိန်းကို ကြိုတင်အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
နာမည်ကြီး ထင်ရှားသြဇာရှိ ပုဂ္ဂိုလ်တွေနဲ့ မိတ်ဆွေဖြစ်နေခဲ့ပေမယ့် အက်ပ်စတိန်းဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာဘဝကို သီးသန့်ထားဖို့ ကြိုးစားခဲ့ပါတယ်။ လူမှုရေးပွဲတွေ၊ စားသောက်ဆိုင်တွေမှာ လုပ်တဲ့ ညစာစားပွဲတွေကို ရှောင်ရှားခဲ့ပါတယ်။
သူဟာ ဆွီဒင်မယ်ဘွဲ့ရ အီဗာ အန်ဒါဆင်ဒူဘင်တို့ ထုတ်ဝေသူသူဌေးကြီး ရောဘတ် မက်ဇ်ဝဲလ်ရဲ့ သမီး ဂစ်စလိန်း မက်ဇ်ဝဲလ်တို့နဲ့ ချစ်ကျွမ်းဝင်ခဲ့ပေမဲ့ အိမ်ထောင်တော့ တစ်ခါမှမပြုခဲ့ပါဘူး။
Tiffany & Co ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း Rosa Monckton က ၂၀၀၃ ခုနှစ် Vanity Fair မဂ္ဂဇင်းနဲ့ ပြောကြားရာမှာ အက်ပ်စတိန်းဟာ "အလွန် နားလည်ရခက်ပြီး လျှို့ဝှက်သဘောရှိတဲ့သူ" ဖြစ်ပြီး ရေပေါ် တစွန်းတစလောက်ပေါ်နေပြီး အောက်မှာထုထည်ကြီးမားတဲ့ ရေခဲပြင်လိုပဲအပြင်ပန်းထက် အတွင်းပိုင်းမှာ ပိုပြီးရှုပ်ထွေးပြီး လျှို့ဝှက်တဲ့သူလို့တင်စားပါတယ်။
"သူ့ကို ရှင်တို့ သိနေပြီလို့ထင်မယ်။ ဒါပေမဲ့ ကြက်သွန်အလွှာတစ်လွှာကို ဖြုတ်လိုက်ရင် အောက်က ထပ်ထပ်ပြီး မထင်မှတ်ထားတာတစ်ခုခု တွေ့ရတတ်ပါတယ်။ "အပြင်မှာ မြင်ရတာနဲ့ တကယ်တမ်း သူ့အမှန်တရားက မတူဘူး" လို့ ဆိုပါတယ်။
အပြစ်ကိုဝန်ခံပြီး လျော့နည်းတဲ့ပြစ်ဒဏ်ခံခဲ့သူ
၂၀၀၅ ခုနှစ်မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးရဲ့ မိဘတွေက အက်ပ်စတိန်းဟာ ဖလော်ရီဒါ၊ ပမ်းဘိချ်က သူ့အိမ်မှာ သူတို့ရဲ့ သမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးကိုင်တွယ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အဲဒီအိမ်ကို ရှာဖွေစစ်ဆေးရာမှာ အိမ်အနှံ့မှာ မိန်းကလေးငယ်တွေရဲ့ ဓာတ်ပုံတွေကို တွေ့ရှိခဲ့ပါတယ်။
The Miami Herald သတင်းစာကတော့ အက်ပ်စတိန်းဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်နေခဲ့တာ နှစ်တွေအများကြီး ကြာနေခဲ့ပြီးသား လို့ ဖော်ပြခဲ့ပါတယ်။
"ဒါဟာ 'ဒီလူပြောတာ၊ ဟိုမိန်းကလေးပြောတာ' ဆိုတဲ့ နှစ်ဖက် တစ်ယောက်တစ်မျိုးပြောနေတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး" လို့ Palm Beach ရဲတပ်ဖွဲ့ ဌာနမှူး မိုက်ကယ်ရိုက်တာက သတင်းစာကို ပြောပါတယ်။ "ကြုံရတဲ့ အမျိုးသမီးက ၅၀ ကျော်လောက်ရှိတယ်။ သူတို့အားလုံးရဲ့ ဖြစ်ရပ်က တူကြတယ်။ တစ်ဖက်မှာတော့ အမျိုးသားဆိုလို့ သူ ( အက်ပ်စတိန်း) တစ်ယောက်ပဲ ရှိပါတယ်။"
"မိန်းကလေးတွေကိစ္စအကြောင်းကို သူဟာ တစ်ခါမှ လျှို့ဝှက်ထားတဲ့လူ မဟုတ်ပါဘူး" လို့ ဆောင်းပါးရှင် Michael Wolff က ၂၀၀၇ ခုနှစ်က New York မဂ္ဂဇင်းအတွက် ရေးခဲ့တဲ့ အက်ပ်စတိန်းအကြောင်း ဆောင်းပါးတစ်ပုဒ်မှာ ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ အက်ပ်စတိန်းရဲ့ အမှုက တရားရုံးတွေကို ရောက်နေချိန် ဖြစ်ပါတယ်။
"တစ်ခါတုန်းက သူ့ပြဿနာတွေစတက်လာတဲ့ အချိန်မှာ သူက ကျွန်တော်ကိုပြောတယ်။ 'ဘယ်လို ပြောရမလဲဗျာ။ ကျွန်တော်က မိန်းကလေးငယ်ငယ်တွေကို ကြိုက်တယ်' လို့သူကပြောတော့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ 'ဟေ့လူ အသက်ငယ်တဲ့ အမျိုးသမီးတွေကို ကြိုက်တယ်' လို့ ပြောင်း ပြောသင့်မယ်ထင်တယ်လို့ ပြောခဲ့တယ်။''
ဒါပေမဲ့ ၂၀၀၈ ခုနှစ်မှာ အစိုးရအမှုလိုက်ရှေ့နေတွေက အက်ပ်စတိန်းနဲ့ သဘောတူညီမှုတစ်ခု လုပ်ခဲ့ပါတယ်။
ဒီသဘောတူညီချက်က သူဟာ ဖက်ဒရယ် (နိုင်ငံအဆင့်) စွဲချက်တွေကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။ တကယ်ဆိုရင် မူလစွဲချက်တွေက ထောင်ဒဏ်တစ်သက်ချခံရနိုင်တဲ့ အထိ ပြင်းထန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအစား ထောင်ဒဏ် ၁၈ လ ချမှတ်ခံခဲ့ရပါတယ်။ အဲဒီထောင်ဒဏ်ကာလအတွင်း တစ်နေ့ ၁၂ နာရီ၊ တစ်ပတ် ၆ ရက် သူ့ရုံးကို သွားလုပ်နိုင်တဲ့ "work release" (ထောင်ကနေ အလုပ်ကို သွားခွင့်ပေးခြင်း) ကိုလည်း ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၃ လ အကြာမှာ စောင့်ကြည့်ကာလ လွတ်မြောက်ခြင်းနဲ့ လွတ်မြောက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
The Miami Herald သတင်းစာက ဖော်ပြခဲ့တာက ဖက်ဒရယ် အမှုလိုက်ရှေ့နေ အလက်ဇန္ဒား အကော့စတာက အက်ပ်စတိန်းရဲ့ ပြစ်မှုတွေနဲ့ အမှုရဲ့ အတိမ်အနက်ကို ဖုံးထားနိုင်တဲ့ (အပြစ်ဝန်ခံ ညှိနှိုင်းသဘောတူညီချက်) တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး၊ နောက်ထပ် ပါဝင်သူတွေရှိ မရှိ FBI ရဲ့ စုံစမ်းစစ်ဆေးမှုကိုလည်း အဆုံးသတ်စေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ သဘောတူညီချက်ကို သတင်းစာက "ရာစုနှစ်ရဲ့ သဘောတူညီချက်ကြီး" လို့ ဖော်ပြခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဇူလိုင်လမှာ အကော့စတာလည်း အဲဒီအရှုပ်တော်ပုံကြောင့် ရာထူးက နုတ်ထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေက အနည်းဆုံးတော့ အက်ပ်စတိန်းကို ထောင်ဒဏ်တစ်ခုကျခံစေဖို့ သေချာစေခဲ့တယ်ဆိုပြီး သူက သူ့ကိုယ်သူ ကာကွယ်ချေပခဲ့ပါတယ်။
၂၀၀၈ ခုနှစ်ကစပြီး အက်ပ်စတိန်း ကို နယူးယောက်ပြည်နယ်ရဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူများ စာရင်းမှာ အဆင့် ၃ အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ အဲဒီအဆင့်က တစ်သက်လုံး သက်တမ်းရှိတဲ့ သတ်မှတ်ချက် ဖြစ်ပြီး၊ ထပ်မံ ပြစ်မှုကျူးလွန်နိုင်ခြေ မြင့်မားသူတွေကို သတ်မှတ်ချက်ဖြစ်ပါတယ်။
ဒါပေမဲ့ ပြစ်မှုထင်ရှားကျခံခဲ့ပြီးနောက်မှာတောင် အက်ပ်စတိန်းဟာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အိမ်ခြံမြေတွေကို ဆက်လက် ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှာ ဗြိတိန်က ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီးရဲ့ တတိယမြောက်သား အင်ဒရူးမောင့်ဘက်တန်ဝင်ဆာ (အဲဒီအချိန်က မင်းသားအင်ဒရူး) ကို နယူးယောက်မြို့လယ် ဗဟိုပန်းခြံထဲမှာ အက်ပ်စတိန်းနဲ့ လမ်းလျှောက်နေတဲ့ ပုံကို ရိုက်ကူးဖော်ပြခံခဲ့ရပြီး အဲဒါကြောင့်လည်း ဝေဖန်မှုတွေရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလက BBC နဲ့ မင်းသားအင်ဒရူးရဲ့ အင်တာဗျူးမှာ သူ့အနေနဲ့ အက်ပ်စတိန်းကို ၁၉၉၉ ခုနှစ်က သိကျွမ်းခဲ့သူဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ သူတို့ရဲ့ မိတ်ဆွေဖြစ်မှုကို အဆုံးသတ်ဖို့ နယူးယောက်ကို သွားခဲ့တာလို့ပြောခဲ့ပါတယ်။ အဲဒီအချိန်က အက်ပ်စတိန်းရဲ့ အိမ်မှာ တည်းခိုခဲ့မိတာကိုလည်း နောင်တရကြောင်းပြောခဲ့ပြီး၊ အဲဒီလို လုပ်ခဲ့ခြင်းကြောင့် သူ့ရဲ့ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့တယ်လို့ ပြောပါတယ်။
နောက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ ၂၀၁၁ ခုနှစ်က ပေးပို့ခဲ့တဲ့ အီးမေးလ်တွေအရ အင်ဒရူးဟာသူ အရင်က ဝန်ခံခဲ့ဖူးတဲ့ အချိန်ကာလထက် ပိုရှည်ကြာစွာ အက်ပ်စတိန်းနဲ့ ဆက်သွယ်နေခဲ့တယ်လို့ နားလည်ရပါတယ်။ အဲဒီနောက် ဖြစ်ပေါ်လာတဲ့ အပြင်းအထန် ဝေဖန်မှုတွေနဲ့ အငြင်းပွားဖွယ်ကိစ္စတွေကြောင့် ၂၀၂၅ ခုနှစ်မှာ သူ့ရဲ့ တော်ဝင်ဘွဲ့တွေကို ရုပ်သိမ်းခံခဲ့ရပါတယ်။
အက်ပ်စတိန်းကို စွပ်စွဲခဲ့သူတစ်ဦးဖြစ်တဲ့ ဗာဂျီးနီးယားရောဘတ်စ် (နောက်ပိုင်းမှာ ဗာဂျီးနီးယား ဂျူဖရေးအဖြစ် လူသိများသူ) က ၂၀၀၀ ခုနှစ်အစောပိုင်းကာလ သူ့ အသက် ၁၇ နှစ်ရှိချိန်တုန်းက အင်ဒရူးနဲ့ လိင်ဆက်ဆံဖို့ အတင်းအကျပ်ခိုင်းစေခံခဲ့ရတယ်လို့ စွပ်စွဲထားပါတယ်။
အင်ဒရူးကတော့ ဗာဂျီးနီးယားနဲ့ လိင်ဆက်ဆံခဲ့တယ်ဆိုတဲ့ အကြောင်းဟာ လုံးဝ မမှန်ကန်ကြောင်းငြင်းဆိုခဲ့ပြီး လန်ဒန်မှာ သူတို့နှစ်ဦးအတူ ရိုက်ကူးထားတယ်ဆိုတဲ့ ဓာတ်ပုံအကြောင်းကိုလည်း မမှတ်မိကြောင်း ပြောခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာ ဗာဂျီးနီးယား ဂျူဖရေးက သူ့ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့တယ်ဆိုပြီး တရားစွဲဆိုခဲ့တဲ့အမှုကို ကျေအေးဖို့အတွက် အင်ဒရူးက ဒေါ်လာသန်းပေါင်းများစွာ လျော်ကြေးပေးခဲ့ရပါတယ်။
အင်ဒရူးရဲ့ ဇနီးဟောင်း ဆာရာဖာဂူဆန်နဲ့ အက်ပ်စတိန်းကြားက မိတ်ဆွေဖြစ်မှု အကြောင်း အသေးစိတ် အချက်အလက်အသစ်တွေလည်း ထပ်ထွက်ပေါ်လာခဲ့ပါတယ်။
အက်ပ်စတိန်းဟာ အသက်မပြည့်သေးသူနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့တဲ့ ပြစ်မှုကြောင့် ထောင်ကျနေချိန်မှာ ဖာဂူဆန်နဲ့ ဆက်သွယ်နေခဲ့ကြောင်းပေါ်လွင်တဲ့ အီးမေးလ်တွေ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်မှာ ဖာဂူဆန်ရဲ့ ပရဟိတအဖွဲ့ Sarah's Trust ကလည်း "ကာလတစ်ခုအထိ" လုပ်ငန်းတွေ ပိတ်သိမ်းထားမယ်လို့ ကြေညာခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်မှာ အက်ပ်စတိန်းဟာ သူ့ရဲ့ကိုယ်ပိုင် လေယာဉ်နဲ့ ပါရီကနေ ပြန်လည် ရောက်ရှိလာချိန် နယူးယောက်မြို့မှာဖမ်းဆီးခံခဲ့ရပါတယ်။
အစိုးရအမှုလိုက်ရှေ့နေတွေက အက်ပ်စတိန်းရဲ့ နယူးယောက်က အိမ်ကြီးကို အစိုးရပိုင်သိမ်းယူဖို့ ကြိုးပမ်းခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအိမ်မှာ သူ့ကို စွပ်စွဲထားတဲ့ ပြစ်မှုအချို့ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အက်ပ်စတိန်းက သူအမှားလုပ်ခဲ့တယ်ဆိုတဲ့ ပြောဆိုစွပ်စွဲချက်တွေကို အမြဲတမ်း ငြင်းဆိုခဲ့ပြီး သူ့အပေါ် စွဲတင်ထားတဲ့ စွဲချက်တွေအတွက်လည်း အပြစ်မရှိကြောင်း တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။
တရားရုံးက သူလျှောက်ထားတဲ့ အာမခံကို ပယ်ချခဲ့ပြီး သူ့ကို နယူးယောက်မြို့က Metropolitan Correctional Center ထောင်မှာ ထိန်းသိမ်းထားခဲ့ပါတယ်။ အဲဒီနောက် ဇူလိုင်လအတွင်း သူ့လည်ပင်းမှာ ဒဏ်ရာရထိခိုက်မှုရှိခဲ့လို့ ဆေးရုံကိုပို့ဆောင်ကုသခဲ့ရတယ်လို့ ဆိုတဲ့ သတင်းတွေထွက်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က ထောင်အာဏာပိုင်တွေကရော သူ့ရဲ့ ရှေ့နေကပါ အဲဒီအကြောင်းကို တရားဝင်မှတ်ချက် မပေးခဲ့ကြပါဘူး။
ဇူလိုင် ၃၁ ရက်မှာ သူ နောက်ဆုံး တရားရုံးရှေ့ရောက်ခဲ့တာပါ။ ၂၀၂၀ ခုနှစ် နွေရာသီမတိုင်မီ တရားရုံး စစ်ဆေးမှုကို မစတင်နိုင်ခဲ့တာကြောင့် သူဟာ အနည်းဆုံး တစ်နှစ်လောက် ထောင်ထဲမှာ နေရမယ်ဆိုတာ ထင်ရှားခဲ့ပါတယ်။ အစိုးရအမှုလိုက်ရှေ့နေတွေကတော့ အမှုကို မနှောင့်နှေးစေလိုကြောင်းနဲ့ အမြန်ဆုံး တရားစစ်ဆေးခြင်းက လူထုအကျိုးစီးပွားအတွက် ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ဒါပေမဲ့ အက်ပ်စတိန်းဟာ တရားရုံးမှာ အမှုစစ်ဆေးခြင်းကို မကြုံခဲ့ရတော့ပါဘူး။
မက်ဇ်ဝဲလ်ကို စစ်ဆေးခြင်း
အက်ပ်စတိန်း သေဆုံးပြီးနောက် သူ့ရဲ့ချစ်သူဟောင်း ဂစ်စလိန်းမက်ဇ်ဝဲလ်ဟာ အများရဲ့ အာရုံစိုက်မှုခံခဲ့ရပါတယ်။
၂၀၂၀ ခုနှစ် ဇူလိုင်လက သူ့ကို အမေရိကန်နိုင်ငံ New Hampshire ပြည်နယ်က လူသူအရောက်ပေါက်နည်းတဲ့ သီးသန့်ခြံကြီးတစ်ခုအတွင်းမှာ ဖမ်းဆီးမိခဲ့ပါတယ်။ သူ့ကိုလည်း အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို ရှာဖွေသွေးဆောင်ခေါ်ယူပြီး အက်ပ်စတိန်းက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်နိုင်အောင် အားပေး ကူညီခဲ့တယ်လို့ သံသယရှိတာကြောင့်ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလက နယူးယောက်မြို့မှာ ဂျူရီအဖွဲ့ က စွဲချက် ၆ ခုထဲက ၅ ခုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီထဲမှာ အပြင်းထန်ဆုံး စွဲချက်ဖြစ်တဲ့ အသက်မပြည့်သူကို လိင်ကုန်ကူးရောင်းဝယ်မှုလည်း ပါဝင်ပါတယ်။ သူ့ကို ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခဲ့ပြီး အသက် ၆၀ အရွယ်ရှိသူဖြစ်လို့ ကျန်ရှိတဲ့သက်တမ်းကို ထောင်ထဲမှာ ကုန်ဆုံးရနိုင်ပါတယ်။
အောက်စဖို့ဒ် တက္ကသိုလ်မှာ ပညာသင်ကြားခဲ့တဲ့ မက်ဇ်ဝဲလ်ဟာ အက်ပ်စတိန်းကို ချမ်းသာပြီး အာဏာရှိတဲ့ မိတ်ဆွေများအများအပြားနဲ့ မိတ်ဆက်ပေးခဲ့တယ်လို့ဆိုကြပြီး အဲဒီထဲမှာ ဘီလ်ကလင်တန်နဲ့ အင်ဒရူးမင်းသားတို့လည်းပါဝင်ပါတယ်။
မက်ဇ်ဝဲလ်နဲ့ အက်ပ်စတိန်းဟာ ချစ်သူဆက်ဆံရေးနှစ်အနည်းငယ်သာ ကြာခဲ့ပေမဲ့ နောက်ပိုင်းကာလမှာ သူဟာ အက်ပ်စတိန်းနဲ့ အလုပ်ဆက်လုပ်နေခဲ့တယ်လို့ သူတို့ရဲ့ မိတ်ဆွေတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရားရုံး စာရွက်စာတမ်းတွေအရ ပမ်းဘိချ်က အက်ပ်စတိန်းရဲ့အိမ်မှာ အလုပ်လုပ်ခဲ့ဖူး တဲ့ ဝန်ထမ်းဟောင်းတွေက မက်ဇ်ဝဲလ်ကို အိမ်စီမံခန့်ခွဲသူမန်နေဂျာအဖြစ် ပြောကြပြီး ဝန်ထမ်းတွေကို စီမံခန့်ခွဲခြင်း၊ ငွေကြေးကိစ္စများ ကိုင်တွယ်ခြင်းနဲ့ လူမှုရေးဆိုင်ရာအစီအစဉ်များ စီစဉ်ပေးသူ အဖြစ် တာဝန်ယူခဲ့တယ်လို့ဆိုပါတယ်။
၂၀၀၃ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Vanity Fair မဂ္ဂဇင်းက ကိုယ်ရေးဆောင်းပါးတစ်ပုဒ်မှာ အက်ပ်စတိန်းက မက်ဇ်ဝဲလ်ဟာ လစာရ ဝန်ထမ်း မဟုတ်ဘဲ သူ့ရဲ့ "အကောင်းဆုံး မိတ်ဆွေ" လို့ပြောခဲ့ပါတယ်။
တရားစစ်ဆေးမှုအတွင်းမှာ အစိုးရအမှုလိုက်ရှေ့နေတွေက မက်ဇ်ဝဲလ်ဟာ အသက်ငယ်တဲ့ မိန်းကလေးတွေ ကို ရှာဖွေချဉ်းကပ်ပြီး သွေးဆောင်ဖြားယောင်းကာ အက်ပ်စတိန်းအနိုင်ကျင့်နိုင်ဖို့ ပြင်ဆင်ပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရှေ့နေတွေကတော့ အက်ပ်စတိန်းသေဆုံးလို့ သူ့ရဲ့ ပြစ်မှုတွေအတွက် မက်ဇ်ဝဲလ်ကို အစားထိုး အပြစ်ဖို့ ပြစ်ဒဏ်ချချင်တာလို့ ချေပခဲ့ပါတယ်။
ဒါပေမဲ့ သူ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပြီးနောက် မက်ဇ်ဝဲလ်ဟာ သူ့မှာ နောင်တရမှုတွေရှိတယ်လို့ပြောခဲ့ပြီး "ကျွန်မဘဝတစ်လျှောက် အကြီးမားဆုံး နောင်တက ဂျက်ဖရီအက်ပ်စတိန်းနဲ့ တွေ့ဆုံခဲ့ခြင်းပါ'' လို့ ပြောခဲ့ပါတယ်။
"ဒါပေမဲ့ ဒီနေ့ဟာ အက်ပ်စတိန်း အကြောင်း မဟုတ်တော့ပါဘူး။ ကျွန်မကို ပြစ်ဒဏ်ချမယ့်နေ့ဖြစ်ပြီး၊ နစ်နာခဲ့သူများက တရားရုံးမှာ ကျွန်မကို တိုက်ရိုက် ပြောဆိုနိုင်မယ့်နေ့ ဖြစ်ပါတယ်။ ရှင်တို့ အားလုံးကို ပြောချင်တာက ရှင်တို့ ခံစားခဲ့ရတဲ့ နာကျင်မှုတွေအတွက် ကျွန်မ စိတ်မကောင်းပါဘူး။ ကျွန်မကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပြီးနဲ့ ပြင်းထန်တဲ့ ထောင်ဒဏ်က အားလုံးအတွက် စိတ်အေးချမ်းမှု တစ်စုံတရာ ရရှိစေမယ်လို့ မျှော်လင့်ပါတယ်" လို့ပြောခဲ့ပါတယ်။
မက်ဇ်ဝဲလ်ရဲ့ ရှေ့နေတွေက ပြစ်မှု စီရင်ချက်ကို အယူခံတင်ခဲ့ပေမဲ့ အမေရိကန် တရားလွှတ်တော်ချုပ်က အယူခံတင်မှုကို နောက်ဆုံးအဆင့်မှာ ပယ်ချခဲ့ပါတယ်။











