ထရမ့်နဲ့ အီလွန်မတ်စ်တို့ကြား က ညီရင်းအစ်ကို ဇာတ်လမ်းပြီးဆုံးပြီလား

ထရမ့်နဲ့ မတ်စ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကမ္ဘာပေါ်မှာ အာဏာအရှိဆုံး နိုင်ငံရေးသမားနဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တို့ ကြားက ညီရင်းအစ်ကို အဖြစ် ပုံဖော်ထားတဲ့ဆက်ဆံရေး ယိုယွင်းပျက်စီးလာပါပြီ။ သူတို့ နှစ်ဦးကြားက တင်းမာမှုတွေကလည်း အထွတ်အထိပ်ကိုရောက်လာပါပြီ။

ဒါကြောင့်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နည်းပညာဘီလျံနာ သူဌေးကြီး အီလွန်မတ်စ် တို့ကြား ဆက်ဆံရေး ပျက်ယွင်းပေါက်ကွဲလာမှုကို တစ်ကမ္ဘာလုံးက သိသာမြင်သာလာပါပြီ။

နှစ်ဦးလုံးက သူတို့အသံတွေကို ကမ္ဘာက သိအောင် အကျယ်ဆုံးပြောနိုင်သူတွေပါ။တကယ်တမ်းတော့ သူတို့အချင်းချင်းကြားမှာ လှည့်စားမှုတွေရှိနေခဲ့ပါတယ်။ ဒီလိုအသံတွေထွက်ဖူးခဲ့ပေမဲ့ အခုတော့ သူတို့ကြား သဘောထားကွဲလွဲမှု စကားလုံးစစ်ပွဲတွေ လူသိရှင်ကြားဖြစ်လာရတဲ့အထိ ဆက်ဆံရေးတင်းမာလာပါပြီ။

ထရမ့်က မတ်စ် ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အစိုးရရဲ့ထောက်ပံ့ငွေတွေနဲ့ ဖက်ဒရယ်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းဖို့သင့်ကြောင်း ခြိမ်းခြောက်ခဲ့သလို မတ်စ်ကတော့ ထရမ့်ကို လွှတ်တော်မှာ တရားဝင် စွပ်စွဲပြစ်တင်တာမျိုးလုပ်သင့်တယ်လို့ ပြောပါတယ်။

ပြဿနာဇစ်မြစ်ကိုခြေရာကောက်မယ်ဆိုရင် လွှတ်တော်ကို ထရမ့်တင်သွင်းခဲ့တဲ့ အခွန်ဆိုင်ရာနဲ့ အစိုးရအသုံးစရိတ်ဆိုင်ရာ (Big Beautiful Bill) အဆိုမူကြမ်းကြောင့်ဖြစ်ပါတယ်။

အဲဒီမူကြမ်းထဲမှာ အခွန်ပိုင်းဆိုင်ရာဖြေလျှော့မှုတွေနဲ့ နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို မြှင့်တင်ဖို့တွေပါဝင်ပါတယ်။ မတ်စ် ကတော့ နိုင်ငံအတွက်ကုန်ကျစရိတ်ကြီးမားတဲ့ အဲဒီဥပဒေမူကြမ်းဟာ သူဦးဆောင်ခဲ့တဲ့ အစိုးရ အစွမ်းထက်မှုဌာန (Doge) ရဲ့အားထုတ်ခဲ့မှုတွေကို အလဟဿ ဖြစ်စေတယ်လို့ စွပ်စွဲထားပါတယ်။

ထရမ့်က ပြီးပြည့်စုံမှုအရှိဆုံး အခွန်ဆိုင်ရာအဆိုပြုချက်လို့ ပုံဖော်ထားတဲ့ ဒီမူကြမ်းကို မတ်စ် ကတော့ အမှိုက်ပုံးထဲပစ်ရမယ်ဆိုတဲ့အထိ ဝေဖန်ပါတယ်။

ဘဲဥပုံရုံးခန်းမှာ ဂျာမန်ခေါင်းဆောင်နဲ့တွေ့ဆုံမှုအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန်မှာ ထရမ့်က သူ မတ်စ် ကို စိတ်ပျက်နေကြောင်းနဲ့ သူတို့ကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပေမဲ့ အဲဒီအခြေအနေ ဆက်ရှိဖို့ မသေချာတော့ဘူးလို့ လူသိရှင်ကြားထုတ်ပြောခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒါကိုတုံ့ပြန်တဲ့အနေနဲ့ မတ်စ် က သူ့ကိုယ်ပိုင် လူမှုကွန်ရက် X ပေါ်မှာ ထရမ့်ကို စတင်တိုက်ခိုက်ခဲ့သလို ဆက်တိုက် တိုက်ခိုက်မှုတွေဆက်လုပ်နေပါတယ်။

ထရမ့်ကလည်း မတ်စ်က ''ရူးသွားပြီ'' လို့ အကြိမ်ပေါင်းများစွာပြောခဲ့ပါတယ်။

ထရမ်နဲ့ ကြားကပြဿနာတွေ ပေါ်ထွက်လာချိန်မှာပဲ မတ်စ်ပိုင်ဆိုင်တဲ့ Tesla ရဲ့ စတော့ရှယ်ယာတွေ ၁၄ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းသွားခဲ့ပြီး ဒေါ်လာ ၁၅၀ ဘီလီယံလောက် ဆုံးရှုံးသွားပါတယ်။

ဒါက သူ့ရဲ့ ကုမ္ပဏီသက်တမ်းတလျှောက် တစ်ရက်အတွင်း ရှယ်ယာတန်ဖိုး စံချိန်တင်ကျဆင်းမှုလည်း ဖြစ်လာပါတယ်။ ဒါအပြင် EV ကုမ္ပဏီရဲ့ တန်ဖိုးကလည်း ဒေါ်လာ ၁ ထရီလီယံသတ်မှတ်နှုန်းအောက် ကျဆင်းသွားပါတယ်။

''ကျွန်တော်တို့ရဲ့ ဘီလျံဒေါ်လာဘီလီယံပေါင်းများစွာကို ချွေတာဖို့ အလွယ်ဆုံးအကောင်းဆုံးနည်းလမ်းက အီလွန် မတ်စ် ကို အစိုးရက ထောက်ပံ့ထားတဲ့ငွေတွေ ကို ဖြတ်တောက်လိုက်ဖို့ပဲ။ အစိုးရထောက်ပံ့ကြေးစာချုပ်တွေကို ရပ်လိုက်ဖို့ပဲ'' လို့ ထရမ့်က သူ့ကိုယ်ပိုင် Truth ဆိုရှယ်မီဒီယာမှာ ခြိမ်းခြောက်ရေးသားပါတယ်။

ဒါပေမဲ့ တဖက်တည်းက ဒီလိုပြောနေတာတော့ မဟုတ်ပါဘူး။ မတ်စ် ကလည်း ထရမ့်လုပ်လိုတယ်ဆိုရင် ထောက်ပံ့ငွေ ဖြတ်တောက်တာကို လုပ်နိုင်ကြောင်း ရဲရဲတောက်စိန်ခေါ် ခဲ့ပါတယ်။

ဒါတင်မက သူ့ရဲ့ ကိုယ်ပိုင် Dragon အာကာသယာဉ်ကို ဖျက်သိမ်းပစ်လိုက်ဖို့ကို အရှိန်မြှင့်ဆက်လုပ်မယ်လို့ တန်ပြန်ခြိမ်းခြောက်ခဲ့ပါတယ်။ Dragon ဟာ အမေရိကန် အာကာသယာဉ်မှူးတွေနဲ့ နိုင်ငံတကာ အာကာသစခန်းတွေကို ရိက္ခာများ သယ်ဆောင်ဖို့ အားကိုးအားထားပြုနေရတဲ့ အာကာသယာဉ်ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီကိစ္စကို သူ ဆက်မပြောတော့ပါဘူး။

အီလွန်မတ်စ် ဘက်က ထရမ့်ကို တန်ပြန်ထိုးနှက်မှုတွေထဲ မှာလာမယ့် ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်အမတ်တွေအတွက် ရန်ပုံငွေပြဿနာဖြစ်စေရမယ်ဆိုတဲ့ မဆင်မခြင်ပြောဆိုမှုတွေပါဝင် ပါတယ်။ အဆိုးဆုံးကတော့ ဇွန် ၅ ရက်က တုံ့ပြန်မှုပါ။

"တကယ်ကြီးမားတဲ့ဗုံး" ကိုပစ်ချလိုက်ပြီလို့ မတ်စ် က ပြောပြီး ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အရွယ်မရောက်သူများနဲ့ လိင်ပြစ်မှုကျူးလွန်ခဲ့သူ Jeffrey Epstein ရဲ့ အများပြည်သူမသိသေးတဲ့ ဖိုင်တွေရှိတယ်လို့ X မှာရေးပါတယ်။ အဲဒီဖိုင်တွေထဲမှာ ထရမ့်ပါဝင်ပတ်သက်နေတယ်လို့ အထောက်အထားမရှိစွပ်စွဲပြောဆိုတာဖြစ်ပါတယ်။

ထရမ့်ရဲ့ အိမ်ဖြူတော်ပြောခွင့်ရ ကယ်ရိုလိုင်း ကတော့ မတ်စ်ရဲ့ ပြောဆိုချက်တွေက စွပ်စွဲချက်တွေသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

'' သူလိုချင်တဲ့ မူဝါဒတွေ မပါဝင်လို့ Big Beautiful Bill ( ထရမ့်ရဲ့ အခွန်ဆိုင်ရာမူကြမ်း) ကို မပျော်ရွှင်တဲ့ အီလွန် ရဲ့ ကံဆိုးတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ" လို့ ကယ်ရိုလိုင်းက ပြောပါတယ်။

တကယ်တမ်းတော့ မတ်စ်က ထရမ့်ရဲ့ အစိုးရတစ်ခုလုံးကို တိုက်ဖျက်နိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက ထိပ်ပိုင်းနိုင်ငံရေးထဲက အတွင်းရေးတွေကို အတိအကျသိထားသလို ပြောနိုင်မယ့်သူဖြစ်သွားပြီ။ ထရမ့် နဲ့ ရီပတ်ဘလီကန်တွေရဲ့ အတွင်းရေးတွေကို ခြေခြေမြစ်မြစ်လည်း သူသိထားပါတယ်။

ဒီအချက်ကို ထရမ့်က သဘောပေါက်ပါတယ်။ ဒါကြောင့်လည်း အိမ်ဖြူတော်ရဲများကို ချီးကျူးဂုဏ်ပြုပွဲအခမ်းအနားမှာ မတ်စ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပြုတာကိုရှောင်ခဲ့ပါတယ်။

သူ့ရဲ့ Truth Social မှာတော့ မတ်စ်ကို ''ဆန့်ကျင်လုပ်ဆောင်''ဖို့ ဝန်မလေးပေမဲ့ မတ်စ်ဟာ ပြီးခဲ့တဲ့လပိုင်းတွေကတည်းက အစိုးရတာဝန်ကနေ နုတ်ထွက်သင့်ခဲ့တယ်လို့ ရေးပါတယ်။ အဲဒီနောက် ထရမ့်ဟာ သူ့ရဲ့ "ကြီးမား လှပတဲ့" အခွန်နှင့် အသုံးစရိတ် ဥပဒေမူကြမ်း အတည်ပြုရေးဘက်ဆီ ဦးတည်လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ဇွန် ၄ ရက်ကစလို့ လူသိထင်ရှားဖြစ်လာတဲ့ ပြဿနာက ပုံမှန်အခြေအနေကို ပြန်လည်လျှောက်လှမ်းကြဖို့ နှစ်ဦးလုံးအတွက်ခက်ခဲသွားစေပြီဖြစ်ပါတယ်။

ထရမ့်နဲ့ မတ်စ် တို့ ဆိုရှယ်မီဒီယာပေါ် အပြန်အလှန်ရေးတဲ့စာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထရမ့်နဲ့ မတ်စ် တို့ ဆိုရှယ်မီဒီယာပေါ် အပြန်အလှန်ရေးတဲ့စာ

စီးပွားရေးနဲ့ ခြိမ်းခြောက်ခြင်းများ

ထရမ့်နဲ့ မတ်စ် တို့ ဆိုရှယ်မီဒီယာပေါ် အပြန်အလှန်ရေးတဲ့စာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒီရန်ပွဲက ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက စတင်ပေမဲ့ ဇွန် ၄ ရက်နဲ့ ၅ ရက်မှာ ပြဿနာက ပိုပြီး ဆူပွက်လာပါတယ်။ ဇွန် ၄ ရက်က ဂျာမန် အဓိပတိ မားဇ်ကို ထရမ့်ပ်က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့တယ်။ အဲဒီမှာ ထရမ့်က သူ့ရဲ့ အရင်းနှီးဆုံးသူက ပြစ်တင်မှုကို လက်မခံနိုင်တဲ့ဟန်နဲ့ မတ်စ်ရဲ့ ဥပဒေကြမ်း အပေါ် တုံ့ပြန်မှုကို အံ့အားသင့်ရတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဒါတင်မက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ သူ့ရဲ့ ဒေါ်လာသန်းရာနှင့်ချီ ထောက်ပံ့မှုမရှိရင် ထရမ့် အနိုင်မရဘူးဆိုတဲ့ အီလွန်မတ်စ်ရဲ့ ပြောဆိုချက်တွေကိုလည်းသူငြင်းဆိုကြောင်း ထရမ့်ကပြောပါတယ်။

ထရမ့်ကတော့ မတ်စ်ဟာ သူ့ကားကုမ္ပဏီအထိနာမှာ စိုးရိမ်လို့ လေသံပြောင်းလာတာလို့စွပ်စွဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ရီပတ်ဘလီကန်တွေက Tesla ရဲ့ လျှပ်စစ်ကားကုမ္ပဏီကို အခွန်ကြွေးတွေနဲ့ ပျက်သုဥ်းသွားအောင် တွန်းအားပေးနိုင်တယ်လို့ ဆိုပါတယ်။

မတ်စ်ကလည်း သူ့ရဲ့ ဖော်လိုဝါ သန်း ၂၂၀ ရှိတဲ့ X အကောင့်ကနေ ဆက်တိုက်တိုက်ခိုက်ရေးသားမှုတွေကို လုပ်နေတာဖြစ်ပါတယ်။

တကယ်တော့ ထရမ့်နဲ့ မတ်စ်တို့ဟာ အင်အားကြီးမားသူချင်းမဖြစ်နိုင်တဲ့ မဟာမိတ်ဖွဲ့ခဲ့ကြပါတယ်။

ထရမ့်ရဲ့မဟာမိတ် ဘီလျံနာသူဌေး အီလွန်မက်စ် ဦးဆောင်တဲ့ အစိုးရစွမ်းဆောင်ရည်ဌာန (DOGE)က တွေ့ရှိခဲ့တယ်လို့ ဆိုတဲ့ ''အလေအလွင့်ဖြစ်မှု'' အခြေအနေဆိုတာကို ဝေဖန်မှုတွေကြုံခဲ့ရပါတယ်။

ပြည်ထောင်စုအဆင့်ဝန်ထမ်းတွေကို ဖြုတ်ပစ်တာအပါအဝင် နောက်ပိုင်းမှာ ပြန်လည် ရုပ်သိမ်းခဲ့တဲ့အစိုးရဌာနတွေကို ရုတ်ချည်းလျှော့ချမှုတွေဟာ ရက် ၁၀၀ အတွင်း ကသောင်းကနင်းဖြစ်မှုတွေထဲ အဆိုးဆုံးဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သိပ်ကြီးမားတဲ့ ပုံရိပ်တွေရှိကြတဲ့ ဒီလူနှစ်ဦးရဲ့ဆက်ဆံရေးက ဘယ်တော့၊ ဘယ်လို စတင်ပျက်စီးသွားမလဲဆိုပြီး ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ ဒီခန့်မှန်းပြောဆိုမှုတွေက မဖြစ်နိုင်ဘူးလို့ ခဏတော့ အထင်ရှိခဲ့ကြပါတယ်။

မတ်စ်အပေါ် လူကြိုက်များမှု လျော့ကျသွားသည့်တိုင်အောင်၊ ဒီနှစ်အစောပိုင်းက အဓိက ရွေးကောက်ပွဲတချို့မှာ မတ်စ်ကြောင့် ထိခိုက်ခဲ့ရသည့်တိုင်အောင် ထရမ့်ဟာ သူ့ရဲ့ အစိုးရအရာရှိတွေနဲ့ အတိုက်အခံလုပ်ပြီး အီလွန်မတ်စ် ဘက်က ရပ်တည်ခဲ့ပါတယ်။

သူတို့နှစ်ဦးကြား အကွဲအပြဲဖြစ်တော့မယ်လို့ ထင်ရတဲ့အခါတိုင်းမှာ မတ်စ်က ဘဲဥပုံရုံးခန်းထဲမှာဖြစ်ဖြစ်၊ ဒါမှမဟုတ် အစိုးရအဖွဲ့ အစည်းအဝေးခန်း၊ သမ္မတရဲ့ Air Force One လေယာဥ်နဲ့ ထရမ့်ရဲ့ မာရာလာဂို စံအိမ်မှာဖြစ်ဖြစ် ပေါ်လာလေ့ ရှိပါတယ်။

မတ်စ်ရဲ့ "အထူးအစိုးရဝန်ထမ်း" အဖြစ် ရက်ပေါင်း ၁၃၀ ပြည့်သွားချိန် ပြီးခဲ့တဲ့အပတ်တုန်းက နှုတ်ဆက်ပွဲကို ဘဲဥပုံရုံးခန်းထဲက ချစ်ခြင်းနှုတ်ဆက်ပွဲတစ်ခုအဖြစ် မြင်ခဲ့ကြရပါတယ်။ မတ်စ်မှာ အိမ်ဖြူတော်ကို အမြဲတမ်းဝင်ထွက်နိုင်ခွင့် ရွှေသော့တစ်ချောင်းနဲ့အတူ နောက်တစ်ကြိမ်ပြန်လာနိုင်တယ်ဆိုတဲ့ အရိပ်အမြွက်တွေလည်း ပြခဲ့ပါတယ်။

အခုတော့ မတ်စ်အပေါ် ဖိတ်ကြားချက်အားလုံးကို ဖျက်သိမ်းပြီး သော့ခလောက်တွေလည်း ပြောင်းထားလောက်ပြီလို့ ပြောနိုင်ပါတယ်။

ပြဿနာစဖြစ်တဲ့ ဇွန် ၅ ရက်က "အီလွန်နဲ့ ကျွန်တော် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်" လို့ ထရမ့်က သူတို့မှာ အတိတ်ကာလဆက်ဆံရေးသာရှိတော့တယ်လို့ ဖြစ်ခဲ့ပြီးတဲ့ ကိစ္စသဖွယ် အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ထည့်ပြောခဲ့ပါတယ်။

အဲဒီလိုဖြစ်ရပ်တွေကို ပြောင်းလဲဖို့အတွက် ထရမ့်ဟာ အံ့အားသင့်ဖွယ် ကြေညာချက်ဖြစ်တဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံကို အမေရိကန်ကို ပြည်ဝင်ခွင့်ဗီဇာပိတ်တဲ့ ဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်။

ဟားဗတ်အပေါ် ထပ်လောင်းပိတ်ဆို့မှုတွေလုပ်သလို သမ္မတဟောင်း ဂျိုးဘိုင်ဒန်နဲ့ ပတ်သက်ပြီး စွပ်စွဲပြောဆိုချက်တွေကိုလည်း ထုတ်ပြောပြီး လမ်းကြောင်းပြောင်းဖို့ကြိုးစားခဲ့ဟန်ရှိပါတယ်။

အိမ်ဖြူတော်နဲ့ ကွန်ဂရက်လွှတ်တော်က ထရမ့်ရဲ့ မဟာမိတ် ရီပတ်ဘလီကန်တွေကလည်း မတ်စ်အပေါ် ဝေဖန်မှုတွေ ထပ်မလုပ်တော့ပါဘူး။ အီလွန်နဲ့ ထရမ့်ကြားမှာ တဖက်နဲ့တဖက် အလွန်ပြင်းထန်တဲ့ စကားလုံးတိုက်ခိုက်မှုတွေ ဖြစ်လာခဲ့လို့ ထရန့်ရဲ့ ရီပတ်ဘလီကန်ပါတီ လည်း နှစ်ခြမ်းကွဲကိန်းကြုံနေရပါတယ်။

အထူးအစိုးရဝန်ထမ်းအဖြစ်ဆောင်ရွက်တဲ့ မတ်စ်ကို ရွှေသော့လက်ဆောင်ပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြဿနာတွေမစခင်က အထူးအစိုးရဝန်ထမ်းအဖြစ်ဆောင်ရွက်တဲ့ မတ်စ်ကို ရွှေသော့လက်ဆောင်ပေး

အပေါင်းသုည ကစားကွက်

နောက်ဆုံးမေးခွန်းကတော့ ဘာဆက်ဖြစ်မှာလဲဆိုတာပါပဲ။

ထရမ့်က မတ်စ်ရဲ့ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်များနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်ထားသလို မတ်စ်ရဲ့ Doge မှာပါဝင်ပတ်သက်တဲ့ မဟာမိတ်တွေကိုလည်း ပစ်မှတ်ထားနိုင်ပါသေးတယ်။ ဒါမှမဟုတ် ဂျိုးဘိုင်ဒန်လက်ထက်က မတ်စ်ရဲ့ စီးပွားရေးဆိုင်ရာဆက်ဆံရေးတွေကိုလည်း ပြန်လည်စုံစမ်းစစ်ဆေးမယ့် အခြေအနေလည်း ဖြစ်နိုင်ပါတယ်။

ဒီအချိန်မှာ အားလုံးက ထရမ့်ရဲ့ စားပွဲပေါ်မှာ ရှိနေပါတယ်။

တစ်ချိန်တည်းမှာပင် ဒီမိုကရက်တွေဘက်ကလည်း ဒီကိစ္စတွေနဲ့ပတ်သက်ပြီးအံသြနေကြပါတယ်။ အနည်းစုကပါတီအတွက် အလှူရှင်ဟောင်း မတ်စ်ကို သူတို့ အဝန်းအဝိုင်းထဲပြန်လာဖို့ ဆန္ဒရှိနေပါတယ်။ ရှေးရိုးစကားအတိုင်းဆို ရန်သူရဲ့ ရန်သူက ကိုယ့်ရဲ့ မိတ်ဆွေဖြစ်တယ်ဆိုတဲ့မူပါ။

"ဒါက အပေါင်းသုည ကစားကွက်ပါပဲ " လို့ ဒီမိုကရက်တစ် နည်းဗျူဟာ ပညာရှင် လီယမ်ကာရာက Politico ကိုပြောပါတယ်။

" ဒီမိုကရက်တွေဆီဘက်ရောက်အောင် လှုံ့ဆော်ပေးနေတာက ရီပတ်ဘလစ်ကန်တွေကို ထိခိုက်စေပါတယ်။"

အနည်းဆုံးတော့ ဒီမိုကရက်တွေဟာ သူတို့နှစ်ဦး အပြန်အလှန် ထိုးနှက်နေတာကို ကြည့်ပြီး ကျေနပ်နေပုံရပါတယ်။ သူတို့ ဒီတိုက်ပွဲကို လက်မလွှတ်သရွေ့တော့ သူတို့ရဲ့ ဖုံးဖိမရပေါက်ကွဲထွက်လာတဲ့အသံတွေက အမေရိကန်နိုင်ငံရေးမှာ တခြားအရာအားလုံးကို ဖုံးလွှမ်းသွားနိုင်တယ်။

ဒါပေမယ့် ဒီပြဿနာက မကြာခင်ပြီးဆုံးမယ်လို့တော့ မမျှော်လင့်ပါနဲ့။

"ထရမ့်က သမ္မတအဖြစ် ၃ နှစ်ခွဲ သက်တမ်း ကျန်သေးတယ်" ဒါပေမဲ့ ကျွန်တော့်အချိန်တွေက နောက်ထပ် နှစ်ပေါင်း ၄၀ ကျော်လောက်ရှိနေသေးတယ် လို့ X မှာ မတ်စ်ကရေးပါတယ်။

ကမ္ဘာ့အာဏာအရှိဆုံး ခေါင်းဆောင်နဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တို့ရဲ့ ညီရင်းအစ်ကို ချစ်ခြင်းမေတ္တာဇာတ်လမ်း ပြီးဆုံးသွားပြီလား။