မာ့ခ် ဇက်ကာဘာ့ဂ်ရဲ့ မက်တာကုမ္ပဏီက ထရမ့် ကျမ်းကျိန်ပွဲအတွက် ဒေါ်လာတစ်သန်းလှူ

မက်တာ၊ ဖေ့စ်ဘွတ်၊ အင်စတာဂရမ်၊ ဇက်ကာဘာ့ဂ်၊ ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ မက်တာကုမ္ပဏီပိုင်ရှင် မာ့ခ် ဇက်ကာဘာ့ဂ်
    • ရေးသားသူ, လစ်ဗ် မက်မာဟွန်
    • ရာထူးတာဝန်, ဘီဘီစီ နည်းပညာသတင်းထောက်

ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ မက်တာကုမ္ပဏီက ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်ရဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ ရန်ပုံငွေအတွက် ဒေါ်လာ တစ်သန်း လှူဒါန်းခဲ့ပါတယ်။

မက်တာ ကုမ္ပဏီရဲ့ ပိုင်ရှင် မာ့ခ် ဇက်ကာဘာ့ဂ်ဟာ နိုဝင်ဘာလတုန်းက ဒေါ်နယ် ထရမ့်ပိုင်တဲ့ မာရာလာဂို အပန်းဖြေနေရာမှာ ထရမ့်နဲ့ ညစာစားခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးနောက်ပိုင်း သူ့ကုမ္ပဏီနဲ့ ထရမ့်အကြား ဆက်ဆံရေးပြန်ပြေပြစ်လာအောင် ဇက်ကာဘာ့ဂ်က ကြိုးစားခဲ့ပုံရပါတယ်။

ထရမ့်ဟာ အရင်က မစ္စတာ ဇက်ကာဘာ့ဂ်နဲ့ ဖေ့စ်ဘွတ်ခ်အပေါ် အကြီးအကျယ် ဝေဖန် ပြောဆိုခဲ့ပြီး ဖေ့စ်ဘွတ်ခ်ဟာ ထရမ့်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ပလက်ဖောင်းတစ်ခုအဖြစ် ၂၀၁၇ ခုနှစ်တုန်းက သမုတ်ခဲ့ပါတယ်။

မက်တာ ကုမ္ပဏီ ဟာ ၂၀၂၀ ခုနှစ်တုန်းက သမ္မတ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုခဲ့စဉ်တုန်းကရော ၂၀၁၆ ခုနှစ်တုန်းက သမ္မတ ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုခဲ့စဉ်တုန်းကပါ အလားတူ ငွေကြေးထည့်ဝင် လှူဒါန်းတာမျိုး မလုပ်ခဲ့ဘူးလို့ သိရပါတယ်။

မက်တာ ကုမ္ပဏီဟာ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် ဒေါ်လာ တစ်သန်းလှူဒါန်းတယ်ဆိုတဲ့အကြောင်း သတင်းဌာနအများအပြားကို ဗုဒ္ဓဟူးနေ့က အတည်ပြုပြောခဲ့ပါတယ်။

သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ ရန်ပုံငွေဟာ သမ္မတသစ် တက်ချိန် ကျင်းပတဲ့ အခမ်းအနား၊ လှုပ်ရှားမှုတွေအတွက် အသုံးပြုတာ ဖြစ်ပါတယ်။ ဒီလို ငွေကြေးထည့်ဝင် လှူဒါန်းတာဟာ အစိုးရသစ်ဆီက မျက်နှာရဖို့ ကြိုးပမ်းမှုအဖြစ် တချို့က ယူဆထားပါတယ်။

ဒီငွေကြေးထည့်ဝင် လှူဒါန်းမှုကို ဘီဘီစီရဲ့ မိတ်ဖက် အမေရိကန် သတင်းဌာနဖြစ်တဲ့ CBS အသံလွှင့်ဌာနက ဗုဒ္ဓဟူးနေ့က အတည်ပြု ထုတ်လွှင့်ခဲ့ပြီး Wall Street Journal မှာ ပထမဆုံး ဖော်ပြခဲ့တာဖြစ်ပါတယ်။

မက်တာဆီက တုံ့ပြန်ချက်ရဖို့ ဘီဘီစီက ဆက်သွယ်မေးထားပါတယ်။

ထရမ့်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ၄၇ ယောက်မြောက် အမေရိကန်သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုဖို့ ရှိပါတယ်။

ထရမ့်နဲ့ ဇက်ကာဘာ့ဂ် အကြား သမိုင်းကြောင်း

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထရမ့်နဲ့ ဇက်ကာဘာ့ဂ်အကြား ဆက်ဆံရေးက အရင်တုန်းက ချောချောမွေ့မွေ့ လုံးဝ မရှိခဲ့ပါဘူး။

အထူးသဖြင့် ဇန်နဝါရီလ ၆ ရက်မှာ အမေရိကန် လွှတ်တော်အဆောက်အအုံကို အကြမ်းဖက် စီးနင်းဖျက်ဆီးခဲ့သူတွေကို သမ္မတဟောင်း ထရမ့်က ချီးမွမ်း ဖော်ပြခဲ့အပြီးမှာ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ပေါ်က သူ့ရဲ့ အကောင့်တွေကို ဖြုတ်ချပစ်ခဲ့တဲ့အတွက် ထရမ့်နဲ့ ဇက်ကာဘာ့ဂ် အကြား ဆက်ဆံရေး ဆိုးဝါးသွားခဲ့ပါတယ်။

အဲဒီအချိန်ကတည်းကစလို့ ထရမ့်က မက်တာကုမ္ပဏီအပေါ် ရန်လိုတဲ့စကားတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဖေ့စ်ဘွတ်ခ် ကို လူထုရဲ့ရန်သူအဖြစ် မတ်လတုန်းက ခေါ်ဝေါ် သမုတ်ခဲ့ပါတယ်။

TikTok ကို ByteDance ကုမ္ပဏီက ရောင်းချတာမျိုး မလုပ်ဘဲ အမေရိကန်မှာ တားမြစ်ပိတ်ပင်တဲ့ ဥပဒေကြောင့် ဒါက တရားမျှတမှုမရှိဘဲ ဖေ့စ်ဘွတ်ခ်အနေနဲ့ အကျိုးအမြတ် ရလာလိမ့်မယ်လို့ ထရမ့်က ပြောပါတယ်။

ကိုဗစ်ကာလအတွင်း ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ပေါ်က အကြောင်းအရာတချို့ကို ဆင်ဆာ ဖြတ်တောက်ဖို့ ဘိုင်ဒန်အစိုးရဆီက ဖိအားပေးမှုတွေကို အလျှော့ပေးခဲ့မိတဲ့အတွက် သူနောင်တရမိတယ်လို့ မစ္စတာ ဇက်ကာဘာ့ဂ်က သြဂုတ်လတုန်းက ရီပတ်ဘလီကန် အမတ်တွေထံ ရေးသားခဲ့တဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

တကယ်လို့ ၂၀၂၄ ရွေးကောက်ပွဲမှာ ဝင်စွက်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် မစ္စတာ ဇက်ကာဘာ့ဂ် "ထောင်ထဲမှာပဲ တစ်သက်လုံး နေရလိမ့်မယ်" ဆိုပြီး ထရမ့်က စက်တင်ဘာလမှာ ထုတ်ဝေတဲ့ စာအုပ်တစ်အုပ်ထဲမှာ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ အောက်တိုဘာလက လွှင့်ခဲ့တဲ့ ပေါ့ဒ်ကတ်စ် တစ်ခုထဲမှာတော့ ထရမ့်က မစ္စတာ ဇက်ကာဘာ့ဂ် ရွေးကောက်ပွဲထဲ ဝင်မပါဘဲ နေခဲ့တာ ကောင်းတယ်လို့ ဆိုပြီး လုပ်ကြံခံရမှုနဲ့ ရင်ဆိုင်ရအပြီး သူ့ကို ဇက်ကာဘာ့ဂ် က ဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောသွားခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ရဲ့ မိတ်ဆွေ နည်းပညာရှင် သူဌေးကြီး အီလွန် မတ်စ်ခ် လောက်တော့ ဇက်ကာဘာ့ဂ် ဟာ ထရမ့်နဲ့ ရင်းနှီးမှု မရှိသေးပါဘူး။

တက်စလာနဲ့ X ကုမ္ပဏီတွေရဲ့ ပိုင်ရှင် အီလွန် မတ်စ်ခ် ဟာ ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ ထရမ့်အတွက် ငွေ ပုံအော လှူဒါန်းခဲ့တဲ့အတွက် ထရမ့်ရဲ့ "အချစ်ရဆုံး အပေါင်းအသင်းကြီး" အဖြစ် သတ်မှတ်ခံထားရပါတယ်။

အဲဒီလို ငွေတွေ ပုံအောလှူဒါန်းခဲ့တဲ့အတွက် အီလွန် မတ်စ်ခ် ကို အစိုးရရဲ့ စွမ်းဆောင်ရည် စိစစ်ရေးဌာန (Doge) မှာ အကြီးအကဲအဖြစ် လျာထားခံထားရပါတယ်။

တစ်ချိန်က အချေအတင်ဖြစ်ခဲ့တဲ့ အီလွန် မတ်စ်ခ်နဲ့ မာ့ခ် ဇက်ကာဘာ့ဂ် အကြား အပြန်အလှန် စကားစစ်ထိုး တိုက်ခိုက်မှုတွေက အခုအခါ ပြီးဆုံးသွားပုံရပေမဲ့ သူတို့နှစ်ဦးကြား ရင်ကြားစေ့ ပြန်သင့်မြတ်တာမျိုးတော့ မတွေ့ရသေးပါဘူး။