ဖေ့ဘွတ်ခ် ကုမ္ပဏီ ဒေါ်လာ တစ်ဘီလီယံကျော် ဒဏ်ရိုက်ခံရ အပါအဝင် မေလ ၂၂ ရက်နေ့ ညပိုင်း နောက်ဆုံးရ နိုင်ငံတကာသတင်းများ

 ဖေ့ဘွတ်ခ် ကုမ္ပဏီ ဒဏ်ရိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖေ့ဘွတ်ခ် ကုမ္ပဏီ ဒဏ်ရိုက်ခံရ

Facebook နဲ့ Instagram တို့ရဲ့ မိခင် ကုမ္ပဏီ ဖြစ်တဲ့ မက်တာ ကုမ္ပဏီဟာ ဥရောပ ကနေ အမေရိကန်နိုင်ငံကို ဒေတာ အချက်အလက်တွေ တရားမဝင်လွှဲပြောင်းမှုနဲ့ ဒေါ်လာ တစ်ဘီလီယံကျော် ဒဏ်ရိုက်ခံလိုက်ရပါတယ်။

ဥရောပ သမဂ္ဂရဲ့ ဒေတာ အချက်အလက် ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို မက်တာ ကုမ္ပဏီက ချိုးဖောက်ခဲ့တာကြောင့် အခုလို ဒဏ်ရိုက်ခံရတာ ဖြစ်ပါတယ်။

ဥရောပဘက်က သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက ရယူနိုင်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အခုလို အရေးယူခဲ့တာလည်း ဖြစ်ပါတယ်။

မက်တာ ကုမ္ပဏီ ဘက်ကတော့ ဥရောပနဲ့ သတင်းအချက်အလက် စီးဆင်းမှုတွေ အပေါ်မှာ စိတ်ကျေနပ်မှုသဘောတူညီချက် မရှိရင် Facebook လူမှုကွန်ရက်ကို ပိတ်ပစ်မယ် ဆိုပြီး အရင်က ပြောဆိုခဲ့ဘူးပါတယ်။

အခုလို ဥရောပ သမဂ္ဂ က ဒဏ်ရိုက်ခဲ့တဲ့ အပေါ်မှာလည်း စိတ်ပျက်မိကြောင်း ကုမ္ပဏီ ဘက်က သတင်းထုတ်ပြန်ပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ထပ်မံ ဖမ်းဆီးခံရနိုင်

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း

ပါကစ္စတန်နိုင်ငံမှာ လာမယ့် အောက်တိုဘာလမှာ ကျင်းပဖို့ ရှိတဲ့ အထွေထွေရွေးကောက်ပွဲ မကျင်းပမှာကို စိုးရိမ်မိတယ်ဆိုပြီး ဝန်ကြီးချုပ် ဟောင်း အီမရန် ခန်းက ထုတ်ဖော်ပြောကြား လာပါတယ်။

သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေ ရှိနေပေမဲ့လည်း ပါကစ္စတန် ရဲ့ ဒီမိုကရေစီ စနစ်ကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်တွေကို ပိုပြီး စိုးရိမ်တယ်လို့ အီမရန် ခန်းက ဘီဘီစီကို ပြောပါတယ်။

မနက်ဖြန်မှာ အစ္စလာမ်မားဘတ်မြို့ကို သွားတဲ့ အချိန်မှာ သူ့အနေနဲ့ ပြန်လည် ဖမ်းဆီး ခံရနိုင်တယ်ဆိုပြီးတော့လည်း သူက ပြောပါတယ်။

လောလောဆယ်မှာ မစ္စတာခန်းရဲ့ PIT ပါတီက ခေါင်းဆောင် တွေဟာ ဖမ်းဆီးခံထားရသလို၊ သူကိုယ်တိုင်လည်း အကျင့်ပျက် ချစားမှုတွေနဲ့ တရားစွဲခံထားရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က သူ့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အတွက် ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေ အကြား အပြန်အလှန်တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

ဒီလို အကြမ်းဖက်မှုတွေပေါ်ပေါက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ နောက်ကွယ်က စီစဉ်ထားတာ ဖြစ်တယ်လို့ မစ္စတာ ခန်းက စွပ်စွဲပါတယ်။

ပါကစ္စတန် စစ်တပ်ဘက်ကတော့ မစ္စတာ ခန်းဟာ ပြည်တွင်း စစ်ဖြစ်အောင် လှုံ့ဆော်နေသူ ဖြစ်တယ်လို့ ပြန်လည် စွပ်စွဲထားပါတယ်။

ပါပူဝါနဲ့ ကန်ကြား ကာကွယ်ရေး သဘောတူ

ပါပူဝါ နယူးဂီနီ ဝန်ကြီးချုပ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါပူဝါ နယူးဂီနီ ဝန်ကြီးချုပ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး

အမေရိကန် ပြည်ထောင်စုနဲ့ ပါပူဝါ နယူးဂီနီ တို့အကြား ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက် တစ်ခုကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဒီသဘောတူညီမှုကြောင့် ၂ နိုင်ငံကြားက တပ်ဖွဲ့တွေ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်နိင်မှာ ဖြစ်ပါတယ်။ ၂နိုင်ငံကြား သဘောတူညီချက်ကနေ တဆင့် ပစိဖိတ် ဒေသမှာ တရုတ်ရဲ့ လွှမ်းမိုးမှု ကြီးမားလာတာကို ထိန်းချုပ်နိုင်လိမ့်မယ်လို့လည်း အမေရိကန်တို့က မျှော်လင့်နေပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် ကိုယ်တိုင် ပါပူဝါ နယူးဂီနီရဲ့ မြို့တော် မိုးစ်ဘီမြို့မှာ လက်မှတ်ရေးထိုးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကြောင့် တရုတ်က စိတ်ဆိုးဒေါသ ထွက်နိုင်တယ် ဆိုပြီးတော့လည်း ကျောင်းသား တချို့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာလည်း ပါပူဝါ နယူးဂီနီ ကို ရောက်ရှိနေပြီး ပစိဖိတ် ကျွန်းနိုင်ငံတွေက ခေါင်းဆေင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

အမေရိကန်ထုတ် ကွန်ပျူတာ CHIP မသုံးဖို့ တရုတ်တားမြစ်

တရုတ်ထုတ် ကွန်ပျူတာ ချစ်ပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ထုတ် ကွန်ပျူတာ ချစ်ပ်

အမေရိကန် ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကွန်ပျူတာ ချစ်ပ် ပြားတွေဟာ နိုင်ငံ့လုံခြုံရေးကို ကျိုးပေါက်စေနိုင်တယ်ဆိုတဲ့ လုံခြုံရေး အကြောင်းပြချက်နဲ့ သုံးစွဲမှု မလုပ်ဖို့ တရုတ်အစိုးရက တားမြစ်လိုက်ပြီ ဖြစ်ပါတယ်။

မိုက်ခရွန် ကုမ္ပဏီက ထုတ်လုပ်တဲ့ ကွန်ပျူတာ ချစ်ပ်ပြားတွေဟာ လုံခြုံရေး ကျိုးပေါက် စေနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောကြား ပေမဲ့ ဘယ်လို အန္တရာယ်မျိုးလဲ ဆိုတာကိုတော့ အသေးစိတ် ပြောကြားခြင်း မရှိပါဘူး။

တရုတ်နဲ့ အမေရိကန်တို့ကြားက ကုန်သွယ်ရေး စစ်ပွဲအတွင်းမှာ ကွန်ပျူတာ ချပ်စ်ပြားအသုံးပြုမှုတွေကို အပြန်အလှန် တားမြစ်တာက အဓိက အကြောင်းအရာ ဖြစ်လေ့ရှိပါတယ်။

တရုတ်ဘက်က မိုက်ခရွန် ကုမ္ပဏီက ထုတ်လုပ်တဲ့ ကွန်ပျူတာ ချပ်စ် ပြားတွေကို ပစ်မှတ်ထားပြီး တားမြစ်ရတာကလည်း တခြား ကုမ္ပဏီထုတ် ကွန်ပျူတာ ပစ္စည်းတွေနဲ့ အလွယ်တကူ အစားထိုး အသုံးပြုလို့ ရတဲ့အတွက် တားမြစ်တာ ဆိုပြီး စျေးကွက် ကျွမ်းကျင်သူတွေက ပြောပါတယ်။

တရုတ်ရဲ့ ကြေညာချက်ကြောင့် ကွန်ပျူတာ ပစ္စည်းထုတ်လုပ်မှု ကုမ္ပဏီ တချို့ရဲ့ စတော့ ရှယ်ယာစျေးနှုန်းတွေ ပြန်လည် မြင့်တက်သွားခဲ့ပါတယ်။

လူမျိုးရေး ခွဲခြားမှုနဲ့ ရီးရဲလ် မက်ဒရစ် အမှုဖွင့်

တနင်္ဂနွေနေ့က ဗလင်စီယာ နဲ့ပွဲစဉ်မှာ ပြဿနာဖြစ်ပွား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တနင်္ဂနွေနေ့က ဗလင်စီယာ နဲ့ပွဲစဉ်မှာ ပြဿနာဖြစ်ပွား

ရီးရဲလ်မက်ဒရစ် အသင်းဟာ သူ့ရဲ့ တောင်ပံကစား သမား ဗနီးဆီးယက်စ် ဂျူနီယာကို ပြိုင်ဘက် ပရိသတ်တွေက လူမျိုးရေး ခွဲခြားမှု၊ အမုန်းတရား ဖြန့်ချီမှု စတာတွေနဲ့ စော်ကား ပြောဆိုခဲ့တယ်လို့ စွပ်စွဲပြီး ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားလိုက်ပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဗလင်စီယာနဲ့ ရီးရဲလ် မက်ဒရစ်တို့ရဲ့ ပွဲစဉ် အတွင်း လူမျိုးရေးခွဲခြားပြီး လှောင်ပြောင် အော်ဟစ်တယ်လို့ ယူဆရတဲ့ ပရိသတ်တွေ ရဲ့ လုပ်ရပ်ကြောင့် ဘောလုံးပွဲကို ခေတ္တဆိုင်းငံ့ခဲ့ရပါတယ်။

ဒီလို ပရိသတ်တွေရဲ့ စော်ကားပြောဆိုမှုတွေအတွက် ပွဲကို ရပ်ဆိုင်းပြီး အရေးယူ ပေးဖို့ ဗနီးဆီးယက်စ် ဂျူနီယာက ဒိုင်လူကြီးကို တောင်းဆိုခဲ့တဲ့ အတွက် ကွင်းထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရပါတယ်။

ဘရာဇီး ဘောလုံးသမား ဗနီးဆီးယက်စ် ဂျူနီယာ အပေါ်မှာ လူမျိုးရေးခွဲခြားတဲ့ ဗလင်စီယာ ပရိသတ်တွေကို အရေးယူ ပေးဖို့ကိုလည်း ဘရာဇီး သမ္မတ လူလာ ဒါဆေးဗားက တောင်းဆိုလိုက်ပါတယ်။