ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်ဟောင်း ရှိတ် ဟာဆီနာကို သေဒဏ်ပေးဖို့ တောင်းဆို

 မနှစ် ဇူလိုင်လ ဆန္ဒပြပွဲတွေကြောင့် ရာထူးက ဖယ်ရှားခံရပြီးနောက် အိန္ဒိယကို ထွက်ပြေးသွားတဲ့ ရှိတ်ဟာဆီနာ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မနှစ် ဇူလိုင်လ ဆန္ဒပြပွဲတွေကြောင့် ရာထူးက ဖယ်ရှားခံရပြီးနောက် အိန္ဒိယကို ထွက်ပြေးသွားတဲ့ ရှိတ်ဟာဆီနာ
    • ရေးသားသူ, ကယ်လီအန်း

မနှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို သေကြေအောင် ဖြိုခွဲခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို သေဒဏ်ပေးဖို့ အစိုးရ ရှေ့နေတွေက တောင်းဆိုခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲတွေကြောင့်ပဲ မစ္စ ဟာဆီနာ အာဏာ လက်လွှတ်ခဲ့ရပါတယ်။

အိန္ဒိယကို ထွက်ပြေးသွားတဲ့ ရှိတ်ဟာဆီနာကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွဲဆိုထားပါတယ်။ ပေါက်ကြားလာတဲ့ အသံဖိုင်အရ သေစေနိုင်တဲ့ လက်နက်တွေ သုံးပြီး ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ လုံခြုံရေး တပ်ဖွဲ့တွေကို သူ အမိန့်ပေးခဲ့ကြောင်း သိရပြီး သူက ဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။

လူ ၁,၄၀၀ ထိ သေခဲ့ရတဲ့ ရက်သတ္တပတ်တွေနဲ့ ချီတဲ့ ဒီအုံကြွမှုတွေကြောင့်ပဲ ဟာဆီနာရဲ့ ၁၅ နှစ် သက်တမ်းအာဏာကို အဆုံးသတ်စေခဲ့ပါတယ်။ ၁၉၇၁ လွတ်လပ်ရေး စစ်ပွဲပြီးကတည်းက ဒါဟာ ဘင်္ဂလားဒေ့ရှ်မှာ အဆိုးရွားဆုံး ဆူပူမှုတွေ ဖြစ်ပါတယ်။

ရှိတ် ဟာဆီနာဟာ သေဒဏ်အခါ ၁,၄၀၀ ကျသင့်ကြောင်း ဘင်္ဂလားဒေ့ရှ် ရှေ့နေချုပ် တာဂျူးလ် အစ္စလာမ်က ပြောပါတယ်။ ဒီလိုပေးဖို့က လူမဆန်တဲ့အတွက် အနည်းဆုံး တကြိမ်တော့ ပေးသင့်တယ်လို့ သူက ပြောပါတယ်။

ဟာဆီနာဟာ သူ့အတွက်နဲ့ သူ့မိသားစုအတွက် အာဏာကို အမြဲတမ်း ကိုင်ဆုပ်ထားချင်သူဆိုပြီးလည်း မစ္စတာ အစ္စလာမ်က ကြာသပတေးနေ့က တရားရုံးမှာ ပြောကြားပါတယ်။

မစ္စ ဟာဆီနာဟာ တင်းမာခက်ထန်တဲ့ ရာဇဝတ်ကောင်ဘဝ ကူးပြောင်းသွားပြီး သူ ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေအတွက်လည်း နောင်တရကြောင်း မပြခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်သမိုင်းမှာ အဆိုးဝါးဆုံး ရဲဖိနှိပ်ဖြိုခွဲမှု တခု အဖြစ် ကျန်ရစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်သမိုင်းမှာ အဆိုးဝါးဆုံး ရဲဖိနှိပ်ဖြိုခွဲမှု တခု အဖြစ် ကျန်ရစ်ခဲ့

၁၉၇၁ လွတ်လပ်ရေး စစ်ပွဲမှာ ပါဝင်ခဲ့သူတွေရဲ့ ဆွေမျိုးတွေအတွက် အစိုးရ ရာထူးခွဲတမ်းတွေပေးတာကို မကျေနပ်မှုကြောင့် ၂၀၂၄ ဇူလိုင်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး လူထုလှုပ်ရှားမှုကြီး ဖြစ်လာကာ ရှိတ် ဟာဆီနာကို ဖြုတ်ချခဲ့ကြပါတယ်။

သြဂုတ်လ ၅ ရက် ဒါကာက ရှိတ်ဟာဆီနာရဲ့ အိမ်ကို ဆန္ဒပြလူအုပ်က ဝင်မစီးခင် ရှိတ်ဟာဆီနာ ရဟတ်ယာဉ်နဲ့ ထွက်ပြေးသွားတဲ့နေ့မှာတော့ သွေးထွက်သံယိုတွေ အများဆုံး ဖြစ်ခဲ့ကြောင်း ဘီဘီစီက စုံစမ်း သိရှိရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါကာမြို့တော်ရဲ့ လူစည်ကားတဲ့ ရပ်ကွက်တခုမှာ ရဲက အနည်းဆုံး လူ ၅၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သမိုင်းမှာ အဆိုးရွားဆုံး ရဲဖိနှိပ်ဖြိုခွဲမှု တခု အဖြစ် ကျန်ရစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေရဲ့ ဆူပူမှုတွေကို တုံ့ပြန်ဖို့အတွက် သေနတ်နဲ့ ပစ်ခတ်ဖို့ ရဲတွေ ဖိအားပေးခံခဲ့ရကြောင်း အစိုးရက ခန့်တဲ့ ဟာဆီနာရဲ့ ရှေ့နေက ချေပပါတယ်။

ဟာဆီနာကို ပြည်ထဲရေး ဝန်ကြီးဟောင်းနဲ့ ရဲချုပ်ဟောင်းတို့နဲ့အတူ ရုံးတင် စစ်ဆေးနေပါတယ်။

ပုန်းရှောင်နေတဲ့ ပြည်ထဲရေး ဝန်ကြီးဟောင်း အဆာဒူဇာမန် ခန်း ကာမဲလ်ကိုလည်း သေဒဏ်ပေးဖို့ အစိုးရရှေ့နေတွေက ကြိုးစားနေပါတယ်။ ရဲချုပ်ဟောင်း ချောင်ဒရီကတော့ အပြစ်ရှိကြောင်း ဇူလိုင်လက ဝန်ခံခဲ့ပေမယ့် ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးပါဘူး။

တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့လည်း ဟာဆီနာကို ထောင်ခြောက်လ ချမှတ်ပြီး ဖြစ်သလို ခြစားမှု စွဲချက်တွေနဲ့ သီးခြား ရင်ဆိုင်နေရပါတယ်။

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသစ်တွေကို ဖေဖော်ဝါရီမှာ ကျင်းပဖို့ ရှိပြီး ဟာဆီနာရဲ့ ပြိုင်ဘက် ဘီအန်ပီပါတီက ရှေ့က ပြေးနေပါတယ်။ ဟာဆီနာရဲ့ အဝါမီ အဖွဲ့ချုပ်ကိုတော့ ဖျက်သိမ်းထားပြီး ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့်လည်း ပိတ်ထားပါတယ်။