ဘင်္ဂလားဒေ့ရှ် အာဏာလေဟာနယ်ကို ဖြည့်မယ့်သူ- ပါမောက္ခ မိုဟာမက်ဒ် ယူနွတ်စ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူထုအုံကြွမှုကြောင့် ရာထူးစွန့်ပြီး တိုင်းပြည်က ထွက်ပြေး သွားရတဲ့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာရဲ့ နှစ်ရှည်လများ နိုင်ငံရေး ရန်ဘက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက်ဒ် ယူနွတ်စ် အခုဆိုရင် ကြားဖြတ် အစိုးရကို ဦးဆောင်သွားတော့မှာ ဖြစ်ပါတယ်။
ဘောဂဗေဒပညာရှင်၊ ပါမောက္ခ ယူနွတ်စ်ဟာ အသက် ၈၄ နှစ် ရှိပြီ ဖြစ်ပါတယ်။ မစ္စဟာဆီနာ တိုင်းပြည်ကနေ ထွက်သွားပြီးတဲ့ နောက်တစ်ရက်မှာပဲ ဆန္ဒပြ ကျောင်းသားတွေ လိုလားတဲ့ ပါမောက္ခ ယူနွတ်စ်ကို ကြားဖြတ် အစိုးရရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ခန့်အပ်လိုက်ကြတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒီမိုကရေစီ ပြန်လည် တည်ငြိမ်ပြီး၊ တရားဥပဒေ စိုးမိုးမှုကိုလည်း ပြန်လည် ထူထောင်နိုင်အောင် ကြိုးစားကြတဲ့အခါ အများ ကြည်ညိုလေးစားတဲ့ ပါမောက္ခ ယူနွတ်စ်က ဦးဆောင်မှု ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
ပါမောက္ခ ယူနွတ်စ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆင်းရဲမွဲတေမှု ပပျောက်ရေး အတွက် လူအများ တနိုင်တပိုင် စီးပွားရေးတွေ လုပ်နိုင်အောင် အသေးစားချေးငွေတွေ ထုတ်ချေးတဲ့ နည်းနာ တွင်ကျယ်လာအောင် အစပြု ကြံဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
ပါမောက္ခ ယူနွတ်စ်ရဲ့ နည်းနာ အောင်မြင်မှု ရခဲ့ပြီး၊ အဲဒီလို အများပြည်သူ အကျိုးရှိစေတဲ့ စီးပွားရေး စွမ်းဆောင်ချက်တွေကြောင့် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကိုလည်း ရလာပါတယ်။ ၂၀၀၆ မှာတော့ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံရပါတယ်။ သူ့ရဲ့ အသေးစား ချေးငွေ လုပ်ငန်း ပုံစံတူတွေကို ကမ္ဘာတလွှား ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ လိုက်လံ လုပ်ဆောင် လာခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မိုဟာမက်ဒ် ယူနွတ်စ်ရဲ့ ကနဦး နေ့ရက်များနဲ့ ဂရာမင်း ကျေးရွာဘဏ်
မိုဟာမက်ဒ်ယူနွတ်စ်ဟာ ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ဆောင်ချက်တွေကြောင့် ၁၉၇၀ ပြည့်ကျော်နှစ်တွေကတည်းက စပြီး နာမည်ရလာပါတယ်။
ဘဏ်တွေက ငွေထုတ်ချေးဖို့ စိတ်ဝင်စားမှု မခံရ၊ အမြဲ လျစ်လျူရှု မျက်ကွယ်ပြု ခံနေရတဲ့ တောနေ ဆင်းရဲသားတွေကို တနိုင်တပိုင် လုပ်ငန်းလေးတွေ၊ အိမ်တွင်း စီးပွားရေး အသေးစားလေးတွေ ထူထောင်နိုင်အောင် ငွေ ထုတ်ချေးခဲ့တဲ့ နည်းနာကို မစ္စတာ ယူနွတ်စ် ကျင့်သုံးခဲ့ပါတယ်။
သူ့ရဲ့ စစ်တကောင်း တက္ကသိုလ်နားက သူဆင်းရဲ့ရွာလေးတစ်ခုမှာ မိုဟာမက်ဒ် ယူနွတ်စ်ရဲ့ အသေးစား ချေးငွေလုပ်ငန်း အစပျိုးခဲ့တာပါ။ အဲဒီက ရွာခံ တချို့ကို သူက ဒေါ်လာ ဆယ်ဂဏန်းလောက်ဆီ ထုတ်ပေးပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ထူထောင်ဖို့ မတည်ပေးခဲ့ပါတယ်။
အဲဒီနည်းနာ အတိုင်း ရွာစဉ်လှည့် ဆက်ပြီး လုပ်ကြတဲ့ အသေးစား ချေးငွေ လုပ်ငန်း အင်တာပရိုက်စ် တစ်ခု နောက်ပိုင်းပေါ်လာပါတယ်။ အချိန်အနည်းငယ် အတွင်းမှာပဲ အောင်မြင်မှုတွေရပြီး ကြီးထွားလာပါတယ်။ အသင်းဝင် သောင်းဂဏန်း တချို့ အချိန် အနည်းငယ် အတွင်းမှာပဲ ရှိလာပါတယ်။
အဲဒီကနေ ဂရာမင်းဘဏ် ဆိုပြီး ဖြစ်လာတာပါ။ ကျေးရွာဘဏ်လို့ အဓိပ္ပာယ် ရပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတလွှား အမျိုးမျိုးသော လုပ်ငန်း ပရောဂျက်တွေမှာ ဂရာမင်းဘဏ် ပါဝင် ပတ်သက်လာခဲ့ပါတယ်။ အထည်အလိပ် လုပ်ငန်းက စလို့ မိုဘိုင်း တယ်လီကွန်းနဲ့ အင်တာနက် ဘရော့ဒ်ဘဲန်လို နည်းပညာ လုပ်ငန်းတွေ အထိ ပါဝင်ပါတယ်။
အထက်မှာ ပြောခဲ့သလို နိုင်ငံတကာမှာလည်း ပါမောက္ခ ယူနွတ်စ် အသိအမှတ် ပြုခံရပြီး၊ ၂၀၀၆ မှာ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံရပါတယ်။ သူ့ရဲ့ ဂရာမင်းဘဏ်ကိုပါ အတူတွဲပြီး ပေးတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံရေးထဲ ရောက်လာခဲ့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုဘယ်ဆုရပြီး လအနည်းငယ် အတွင်းမှာပဲ ပါမောက္ခယူနွတ်စ်ဟာ နိုင်ငံရေးထဲ ပါဝင်ပတ်သက်မှု ပိုပြီး ရှိလာပါတယ်။ သူကတော့ နိုင်ငံရေးကို သဘောမကျဘူး၊ သူပင်ကိုယ်စရိုက်ဟာ နိုင်ငံရေးနဲ့ သက်သောင့်သက်သာ ရှိလှသူ မဟုတ်ဘူးလို့ ပါမောက္ခ ယူနွတ်စ် ပြောဖူးပါတယ်။ ဒါပေမယ့် လိုအပ်လာရင်၊ အခြေအနေတွေက တောင်းဆိုလာရင်လည်း နိုင်ငံရေးထဲ ဝင်ဖို့ နောက်တွန့်မှာ မဟုတ်ဘူးလို့လည်း အဲဒီ ကာလတွေကတည်းက ပြောခဲ့ပါတယ်။
နိုဘယ်ဆုရပြီး နောက်တစ်နှစ် ၂၀၀၇ မှာတော့ ပြည်သူ့အာဏာလို့ ဘာသာပြန်နိုင်တဲ့ ဘင်္ဂါလီလို ဆိုရင် နာဂိုရစ် ရှပ်တီ ဆိုတဲ့ နိုင်ငံရေး လှုပ်ရှားမှုကို ပါမောက္ခယူနွတ်စ် စတင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ မစ္စ ဟာဆီနာနဲ့ မစ္စဟာဆီနာရဲ့ ပြိုင်ဘက် ခလီဒါ ဇီအာတို့ အသီးသီး ဦးဆောင်ကြတဲ့ ပါတီကြီး နှစ်ခုပဲ နိုင်ငံရေးမှာ ဆယ်စုနှစ်များစွာ လွှမ်းမိုး နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နှစ်ပါတီစံနစ်လို့ ခေါ်ရမလောက် ဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးမှာ လူတွေ အတွက် တတိယမြောက် ရွေးချယ်စရာ ရှိလာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါမောက္ခယူနွတ်စ်ဟာ နာဂိုရစ် ရှပ်တီ လှုပ်ရှားမှု စတင် ခဲ့တာ ဖြစ်ပါတယ်။
၂၀၀၈ မှာ အာဏာရလာပြီး ဝန်ကြီးချုပ် ဖြစ်လာတဲ့ ရှိတ်ခ်ဟာဆီနာက ပါမောက္ခ ယူနွတ်စ်ကို အပြင်းအထန် တိုက်ခိုက်ပါတယ်။ ဆင်းရဲသားတွေကို သွေးစုပ်နေတဲ့သူ ဆိုပြီး သမုတ်ပါတယ်။ တိုင်းပြည်ရဲ့ ရန်သူ ဆိုတာမျိုး အထိ ပြောပါတယ်။ ဒါဟာ နိုင်ငံရေး အခြေခံနဲ့ နာမည်ဖျက် ထိုးနှက်တာပဲ ဆိုပြီး ပါမောက္ခ ယူနွတ်စ် ကိုယ်တိုင်ကရော၊ သူ့ကို ထောက်ခံကြသူတွေကပါ ပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထောင်ဒဏ် ချခံရတဲ့ အထိ ဖြစ်လာ
ပါမောက္ခ ယူနွတ်စ်ဟာ နိုင်ငံရေးသမားတချို့ကို အသေရေဖျက်တယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ၂၀၁၁ ခုနှစ်ကတည်းက ရင်ဆိုင်ခဲ့ရပါတယ်။ နောက် အခွန်ရှောင်တယ် ဆိုပြီး အကြီးအကျယ် စွပ်စွဲခံရပါတယ်။ ပင်စင်ယူရမယ့် အရွယ်ကို ကျော်ပြီး ဂရာမင်းဘဏ်မှာ ဆက်ရှိနေတယ် ဆိုပြီးတော့လည်း ထောက်ပြခံခဲ့ရတဲ့နောက် အဆုံးမှာတော့ သူ့ကို ဂရာမင်းကနေ ဖယ်ရှားခံခဲ့ရတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။
အခု ရာထူးကနေ ပြုတ်ကျသွားတဲ့ ဝန်ကြီးချုပ် ဟာဆီနာဟာ နိုင်ငံရေး အတိုက်အခံတွေ အပေါ် ဆိုးဆိုးရွားရွား ဖိနှိပ်လာခဲ့တယ် ဆိုပြီး နိုင်ငံတကာ ဝေဖန်သံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကလည်း မစ္စဟာဆီနာရဲ့ အပြုအမူတွေ အပေါ် စိုးရိမ်ကြောင်း ထုတ်ပြောပါတယ်။
မစ္စဟာဆီနာ အစိုးရနဲ့ ပါမောက္ခ ယူနွတ်စ်တို့ကြား တင်းမာမှုဟာ အမြင့်ဆုံး အဆင့်ကို ရောက်လာပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာတော့ အမေရိကန် ဒေါ်လာ တစ်သန်းကျော် အခွန်ပေးရမယ် ဆိုပြီး ပါမောက္ခ ယူနွတ်စ်ကို ဘင်္ဂလားဒေ့ရှ် အထက်တရားရုံးက အမိန့်ချပါတယ်။
အခုနှစ်ဆန်း ဇန်နဝါရီလထဲမှာပဲ တိုင်းပြည်ရဲ့ အလုပ်သမား ဥပဒေတွေကို ချိုးဖောက်လို့ ဆိုပြီး ထောင်ဒဏ် ၆ လ ချမှတ် ခံရပါတယ်။ နောက်ထပ် ဂရာမင်း တယ်လီကွန်း လုပ်ငန်းအဖွဲ့က ၃ ယောက်ကိုပါ ထောင်ဒဏ် ချမှတ်တာ ဖြစ်ပါတယ်။
ပါမောက္ခ ယူနွတ်စ် တို့ ၄ ယောက်စလုံး အာမခံနဲ့ လွတ်လာပြီး အယူခံ အဆင့်ကို တက်ခဲ့ကြပါတယ်။ အခုထိအောင် အဲဒီ အမှု အယူခံအဆင့်မှာ ကြန့်ကြာနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရှိတ်ဟာဆီနာ ကျဆုံးခန်း
အစိုးရ အလုပ်တွေမှာ သီးသန့် ခွဲတမ်းနေရာတွေ ချန်ထားမယ် ဆိုတဲ့ ရှိတ်ခ်ဟာဆီတနာ အစိုးရရဲ့ အစီအမံကို ဆန္ဒပြကြရာက ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးဟာ လပိုင်း အတွင်းမှာပဲ မထင်ရလောက်အောင် အပြောင်းအလဲ တွေ ကြီးမားလာခဲ့တာ ဖြစ်ပါတယ်။
ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ အလုပ်နေရာ ခွဲတမ်းစနစ်ကို ဆန့်ကျင်ရေးသာမက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အသွင်ထိ ပြောင်းသွားခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်တာတွေ ပေါ်ပေါက် လာခဲ့ပါတယ်။ လူ ၄၀၀ ကျော် သေဆုံးတဲ့ အထိ ဖြစ်လာတာမှာ အများစုကတော့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတွေ သေဆုံးရတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် စံအိမ်ထိအောင် လူ ထောင်ကျော် စီးနင်းတဲ့ အထိ ဖြစ်လာပြီး၊ မစ္စဟာဆီနာဟာ လက်မတင်လေးမှာပဲ ရာထူးက နုတ်ထွက်လို့ အိန္ဒိယ နိုင်ငံကို ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားခဲ့ပါတယ်။
နောက်ဆုံး သိထားရတဲ့ အထိကတော့ မစ္စဟာဆီနာ အိန္ဒိယထဲမှာပဲ ရှိနေတုန်း ဖြစ်ပါတယ်။ အဲဒီကနေ နောက်တစ်နိုင်ငံဆီ ထွက်သွားမလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒြာမိုဒီ နဲ့ ရင်းနှီးတဲ့ မိတ်ဖက် ဆက်ဆံရေး ထူထောင်ထားနိုင်ပေမယ့် အိန္ဒိယထဲမှာပဲ မစ္စဟာဆီနာ ဆက်ပြီး နေသွားမှာ မဟုတ်ဘူးလို့ အကဲခတ် တချို့က ယူဆကြပါတယ်။
ရှိတ်ခ်ဟာဆီနာ အစိုးရ ရုတ်ချည်းဆိုသလို တစ်ခန်းရပ် ဇာတ်သိမ်းသွားတာနဲ့ တပြိုင်တည်းမှာပဲ တိုင်းပြည်ကို တည်ငြိမ်အောင် ပါမောက္ခယူနွတ်စ်က ဦးဆောင် မောင်းနှင်ပေးဖို့ ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တွေက လိုလားကြပါတယ်။
စစ်တပ်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရ ဆိုရင် လက်ခံမှာ မဟုတ်ဘူး၊ ဆက်ပြီး ဆန့်ကျင်သွားမယ်လို့လည်း ကျောင်းသားတွေက ရာဇသံ ပေးခဲ့ကြပါတယ်။ ကြားဖြတ် အစိုးရကို ဦးဆောင်ပေးဖို့ တောင်းဆိုတာကို ပါမောက္ခ ယူနွတ်စ်ကလည်း လက်ခံလိုက်ပြီလို့ ကျောင်းသား ခေါင်းဆောင်တချို့ စပြီး ပြောလာကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကြားဖြတ် အစိုးရကို ဦးဆောင်ပေးဖို့ သဘောတူပြီ
ကျောင်းသားတွေရဲ့ တောင်းဆိုမှုကို ပါမောက္ခ ယူနွတ်စ် လက်ခံလိုက်ပါတယ်။ ကြားဖြတ် အစိုးရကို ဦးဆောင်ပေးမှာ ဖြစ်ပေမယ့်၊ ကြားဖြတ် အစိုးရလွန်ကာလမှာ ဝင်ပြီး ရွေးကောက်ခံတာမျိုး၊ အစိုးရ ရာထူးတာဝန် ခန့်အပ်မှုကို လက်ခံတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ပါမောက္ခ ယူနွတ်စ်က ဆိုပါတယ်။
လက်ရှိမှာတော့ တိုင်းပြည်ကို ဦးဆောင်တဲ့ အစိုးရ အပါ် ပြည်သူအများ ယုံကြည်မှု ရှိအောင် အမြန်ဆုံး ထူထောင်နိုင်ဖို့ လိုတယ် ဆိုပြီးတော့လည်း the Financial Times သတင်းစာနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ မစ္စတာ ယူနွတ်စ်က ပြောခဲ့ပါတယ်။
တိုင်းပြည် တည်ငြိမ် အေးချမ်းပြီး၊ ရွေးကောက်ပွဲ အသစ် ကျင်းပနိုင် အောင် ဝိုင်းဝန်း လုပ်ဆောင်ကြဖို့လည်း မစ္စတာ ယူနွတ်စ်က ဆော်သြပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ ရောက်နေတဲ့ မစ္စတာယူနွတ်စ်ဟာ ကြားဖြတ်အစိုးရကို ဦးဆောင်မှုပေးဖို့ ဒါကာကို ပြန်သွားမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ကြားဖြတ်အစိုးရတစ်ရပ် ပီပီပြင်ပြင် အမြန်ဆုံး ရှိလာဖို့ အရေးကြီးတယ်ဆိုပြီး ပြည်တွင်းပြည်ပက ထောက်ပြနေကြပါတယ်။ အာဏာ လေဟာနယ် ဖြစ်နေတဲ့ အခြေအနေမျိုး ဆိုရင် လက်ရှိမှာကို ဆိုးဆိုးရွားရွား ကြုံနေရတဲ့ မင်းမဲ့စရိုက် လုယက်မှု၊ ဖောက်ထွင်းမှု၊ အကြမ်းဖက်မှု သွေးထွက်သံယို ဖြစ်မှုတွေ ပိုပြီး ကျယ်ပြန့် လာနိုင်တယ်လို့ အကဲခတ်တွေက ထောက်ပြကြပါတယ်။
ပါမောက္ခ ယူနွတ်စ် ထံက အဓိက မျှော်လင့် နိုင်တဲ့ တစ်ချက်ကတော့ သူဟာ နိုင်ငံတကာ အသိုင်းအဝိုင်းထဲ နာမည်ရသူ၊ လေးစားခံရသူ ဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ် ရဲ့ အခြေအနေတွေကို အမြန်ဆုံးပြန် တည့်မတ် ခိုင်မာလာအောင် ပါမောက္ခ ယူနွတ်စ်က သူ့ရဲ့ နိုင်ငံတကာ မိတ်ဆွေတွေရဲ့ ဖေးမ ကူညီမှုတွေကို ဆောင်ကြဉ်းပေးနိုင်မယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ပါမောက္ခ ယူနွတ်စ်ကို ကြားဖြတ် အစိုးရကို ဦးဆောင်ဖို့ ခန့်အပ်ကြောင်း ကြေညာချက် ထွက်လာပြီးတဲ့နောက် အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဘင်္ဂလားဒေ့ရှ် အနေနဲ့ တိုင်းပြည်တွင်း ဒီမိုကရေစီကို ဆက်လက် ထိန်းသိမ်း ကာကွယ်ထားဖို့ လိုတယ် ဆိုပြီး တိုက်တွန်းနေကြပါတယ်။








