မြန်မာစစ်အာဏာသိမ်း-ပြည်တွင်းအကျပ်အတည်းကြား ပညာဘယ်လိုသင်ကြားကြမလဲ

"ကလေးက သုံးနှစ်ရှိတော့မယ် အတန်းနဲ့ဝေးနေတာ။ ကျောင်းပြန်ထားဖို့ စုံစမ်းတော့လည်း သင်ရိုးနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မလဲဆိုတာ စုံစမ်းတော့ ဆရာမတွေကလည်း အတိအကျမပြောနိုင်တော့၊ ကျောင်းထားဖို့ကိုလည်း စိတ်ပူနေတယ်၊ ငွေကြေးကလည်းမတတ်နိုင်ဘူး" လို့ အခြေခံပညာကျောင်းသား မိဘတစ်ဦးက ဘီဘီစီကိုရင်ဖွင့်ပြောပြပါတယ်။

တခြားနိုင်ငံတွေမှာ ကိုဗစ်ကပ်ကြားမှာပဲ ကျောင်းတွေဖွင့်၊ အတန်းတွေတက်နဲ့ တစစ ပုံမှန်လည်ပတ်လာပြီဖြစ်ပေမဲ့ ကိုဗစ် ကူးစက်သူ ဆယ်ဂဏန်းသာ ရှိတော့တဲ့ မြန်မာမှာတော့ ခုလို သားသမီးပညာရေးအတွက် ရတက်မအေး ဖြစ်နေရသူတွေက တစ်ပုံတစ်ပင်ရယ်ပါ။

မြန်မာဟာ ကိုဗစ်ကိုသာမက ကိုစစ် လို့ ခေါ်တဲ့အာဏာသိမ်းမှု နောက်ဆက်တွဲ မတည်ငြိမ်မှုနဲ့ မလုံခြုံမှုတွေကြားမှာ ကလေးငယ်တွေအစိုးရကျောင်းတွေမှာ အပ်နှံတက်ရောက်ဖို့ကလည်း စိန်ခေါ်မှုကြီးတစ်ခုလို ဖြစ်လာနေပါတယ်။

အာဏာသိမ်းပြီးနောက် ပညာရေးကဏ္ဍဟာ ယိုင်နဲ့လာခဲ့ပြီး စစ်ကောင်စီအောက်ကျောင်းတက်ရေး၊ မတက်ရေးနဲ့အတူ ကျောင်းသားတွေဘယ်လိုပညာသင်ယူကြမလဲဆိုတာဟာ မိဘတွေကြား စဉ်းစားရခက်နေတဲ့အခြေအနေဖြစ်နေပါတယ်။

ဘယ်လိုပညာသင်ကြားခွင့်တွေရှိနေပါလဲ၊ စစ်ကောင်စီပညာရေးကို အရင်ဆုံးကြည့်ရအောင်ပါ။

မေ ၂၆ရက်မှာ ကျောင်းအပ်လက်ခံတော့မယ့် စစ်ကောင်စီပညာရေး

မေ ၂၆ ရက်ကနေ ဇွန် ၁ ရက်အထိကို ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် စစ်ကောင်စီပညာရေးဝန်ကြီး ဌာနဘက်က တရားဝင်ကြေညာထားပါတယ်။ ကိုဗစ်ကြောင့်ရော နိုင်ငံရေးအခြေအနေကြောင့်ပါ အခြေခံပညာကျောင်းမတက်ခဲ့တဲ့ ကျောင်းသားတွေအတွက် စာသင်နှစ်အလိုက် အတန်းအပ်နှံဖို့ကိုပါ ကြေညာထားတာပါ။

အသက် ၅ နှစ်အရွယ်ကလေးတွေဟာ KG ကိုအပ်နှံရမှာဖြစ်ပြီး အသက် ၆ နှစ်အရွယ်ကလေးတွေကတော့ ပထမတန်း Grade 1 ကို အပ်နှံရမယ်လို့ဆိုထားပါတယ်။

"KG မတက်ဖြစ်ဘူး၊ အသက် ၆ နှစ်ဆိုရင် Grade 1 ပထမတန်း (ကိုတန်ပြီး) တက်လို့ရတယ်" လို့ အခြေခံပညာဦးစီးဌာန၊ အကြီးတန်းအရာရှိတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်ပြီးတဲ့နောက် ၂၀၂၀ - ၂၀၂၁ ခုနှစ်ဟာ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းမဖွင့်နိုင်ခဲ့ သလို ၂၀၂၁ - ၂၀၂၂ ခုနှစ်မှာတော့အာဏာသိမ်းစစ်ကောင်စီကနေ ကျောင်းတွေဖွင့်ပေမဲ့ ကျောင်းတက် ရာခိုင်နှုန်းသိသိသာသာနည်းခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တစ်နှစ်နှစ်တန်းမူဝါဒ အလုပ်မဖြစ်

အခုဇွန်လမှာဖွင့်လှစ်မယ့် အခြေခံပညာကျောင်းတွေမှာတက်ရောက်မယ့် ကျောင်းသားတွေမှာ ပထမတန်း ကလွဲပြီး ကျန်တဲ့ကျောင်းသားတွေဟာ ကိုယ်တက်ရောက်ပြီးစီးခဲ့တဲ့ အတန်းကနေ နောက်ထပ်တစ်တန်းကို ဆက်တက်ရမှာဖြစ်ပါတယ်။

နှစ်နှစ်ကျော်ကျောင်းမတက်ခဲ့ရတာကြောင့် မိမိအသက်နဲ့ ကိုက်ညီတဲ့အတန်းကို ရွေးချယ်ပြီး တက်ရောက် ခွင့်ရမှာမဟုတ်ပါဘူး။

ဒါ့အပြင် အာဏာသိမ်းအစောပိုင်းကာလကစစ်ကောင်စီသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထုတ်ပြောခဲ့သလို တစ်နှစ်ကို နှစ်တန်းနှုန်းနဲ့ အခြေခံပညာကျောင်းတွေဖွင့်လှစ်မယ်ဆိုတာလည်း မလုပ်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

"၂၀၂၁- ၂၀၂၂ ပညာသင်နှစ်သာ short term (ကာလတို) သဘောဖြစ်သွားတာ။ အခုနှစ် ၂၀၂၂- ၂၀၂၃ အတွက်ကတော့ အပြည့်ပြန်သင်မှာ"လို့ အခြေခံပညာရေးဦးစီးဌာန၊ အကြီးတန်းအရာရှိက ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

ဘယ်လိုအတန်းတွေကို ရွေးချယ်ကျောင်းအပ်ရမှာလဲ

မနှစ်က စစ်ကောင်စီကျောင်းဖွင့်ချိန် ကျောင်းတက်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက်ကတော့ တစ်နှစ်တစ်တန်းပုံစံနဲ့ပဲ သွားရမှာပါ။

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တုန်းက KG၊ Grade 1 (ပထမတန်း) ၊ Grade 2 (ဒုတိယတန်း)၊ Grade 3 (တတိယတန်း)၊ Grade 6 (ဆဋ္ဌမတန်း) သင်ရိုးသစ် သင်ခဲ့ရတဲ့ကျောင်းသားတွေဟာ သူ့ရဲ့နောက်ထပ်အတန်း သစ် သင်ရိုးသစ်အတန်းတွေကို ကျောင်းအပ်နှံရမှာဖြစ်ပါတယ်။

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှာ Grade 5 စတုတ္ထတန်း (သင်ရိုးဟောင်း) တက်ခဲ့သူဟာ Grade 6 ဆဋ္ဌမတန်း (သင်ရိုးသစ်)၊ Grade 7 ဆဋ္ဌမတန်း (သင်ရိုးဟောင်း)တက်ခဲ့သူဟာ Grade 8 အဋ္ဌမတန်း (သင်ရိုးသစ်)၊ Grade 8 သတ္တမတန်း (သင်ရိုးဟောင်း) တက်ခဲ့သူဟာ Grade 9 အဋ္ဌမတန်း (သင်ရိုးဟောင်း)၊ Grade 9 အဋ္ဌမတန်း (သင်ရိုးဟောင်း) တက်ခဲ့သူဟာ Grade 10 ဒသမတန်း (သင်ရိုးသစ်)စတဲ့ ကိုယ်တက်ရောက်ပြီးစီးခဲ့တဲ့ အတန်းပြီး နောက်ထပ်အတန်းကို ဆက်တက်ရမှာပါ။

ဒီလိုအတန်းလိုက်ကျောင်းအပ်နှံရာမှာ အခြေခံပညာကျောင်းရဲ့အတန်းကြီးတွေဖြစ်တဲ့ နဝမတန်းနဲ့ ဒသမတန်း သင်ရိုးဟောင်းတက်ခဲ့သူတွေဟာ အခု ၂၀၂၂ - ၂၀၂၃ ခုနှစ်ပညာသင်နှစ်မှာ ဘယ်အတန်းတွေမှာ ကျောင်းအပ်နှံရမလဲဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာပါတယ်။

"ဆယ်တန်းနောက် နဝမတန်းစနစ်ဟောင်း အဲဒီကလေးတွေအတွက်ကိုက ဒီနှစ်မှာတော့ သူက Grade 11 စနစ်သစ်အတန်းကိုပေးတက်မလား ကျောင်းသားကိုယ်တိုင်ရွေးချယ်ပြီး စနစ်ဟောင်းကို အပြင်ဖြေနဲ့ ဖြေမလားပေါ့။ ဒါက ညှိနေတုန်း ဒီတစ်ရက်နှစ်ရက်မှာတော့ အဖြေထွက်မယ်" လို့ အခြေခံပညာ ဦးစီးဌာန၊ အကြီးတန်းအရာရှိတစ်ဦးက ဘီဘီစီကိုရှင်းပြပါတယ်။

စစ်ကောင်စီကတော့ တစ်နိုင်ငံလုံးက ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ရှိနေပြီး ပဋိပက္ခဖြစ်ပွားရာ အရပ်က အခြေခံပညာကျောင်းတွေကတော့ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စီမံကာဖွင့်လှစ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီပညာရေးကျောင်းတွေမှာလည်း စိန်ခေါ်မှုအခက်အခဲတွေက ရှိနေဆဲပါ။

"စစ်ကောင်စီက ကျောင်းတွေအတန်းလိုက်ပြန်ဖွင့်ဖို့ လုပ်တာမှန်တယ်။ စာသင်ကြားပေးမယ့် ဆရာဆရာမ တွေရဲ့ အရည်အသွေးပြည့်ဝမှုအပိုင်း၊ ဒီနှစ်မှာ ထပ်တိုးတဲ့ သင်ရိုးသစ် Grade 5, 8, 11 တွေမှာ သင်ကြားပေး နိုင်မယ့် ပညာအရည်အသွေးက စိုးရိမ်စရာရှိနေတယ်" လို့ ပုဂ္ဂလိက ပညာရေးလေ့လာသူ တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းခန့်က ထောက်ပြပါတယ်။

ကိုဗစ်ကပ်ရောဂါ၊ အာဏာသိမ်းမှုတွေမဖြစ်ခင် ၂၀၁၆ ခုနှစ်တွေထဲက အ‌ခြေခံပညာရေးပြုပြင်ပြောင်းလဲ မှုအနေနဲ့ ဂျပန်အဖွဲ့အစည်းJICA နဲ့ပူးပေါင်းကာ သင်ရိုးသစ်တွေ နှစ်အလိုက်ပြောင်းလဲ သင်ကြားပေးနေခဲ့ ပါတယ်။

စစ်ကောင်စီအောက် ဒုတိယအကြိမ်ဖွင့်လှစ်မယ့် အခု ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှာတော့ Grade 5 ပဉ္စမတန်း (သင်ရိုးသစ်)၊ Grade 8 အဋ္ဌမတန်း (သင်ရိုးသစ်)နဲ့ Grade 11 ဧကာဒသမတန်း (သင်ရိုးသစ်) တွေကို သင်ရိုးသစ်အတန်းသစ်တွေဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

"ဥပမာအနေနဲ့ပထဝီသင်ခဲ့ရတဲ့ ဆရာမတွေက အင်္ဂလိပ်စာသင်တန်းတက်ပြီး အတန်းပြန်သင်ပေးရမယ်။ သူတို့ တစ်သက်လုံးသင်ပြလာခဲ့တဲ့ ဘာသာရပ်မဟုတ်တာတွေကိုပူးတွဲပြီး သင်ပေးကြရမယ်။ အထူးသဖြင့် Grade 11 သင်ရိုးသစ်၊ တက္ကသိုလ်က ဘာသာရပ်ဆိုင်ရာတချို့ပါလာတော့ ဒီအတန်းသစ်အတွက်ကို အတော်ကို အကျပ်ရိုက်နေကြရတယ်" လို့ ဦးကျော်မင်းခန့်က ဆက်ပြောပါတယ်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုတွေလုပ်နေချိန်မှာပဲ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပညာရေးဝန်ထမ်းတွေအများဆုံး CDM (အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု) ကိုပါဝင်ခဲ့ကြပြီး အခုချိန်ထိ လူဦးရေသောင်းနဲ့ချီ CDM ဆက်ပါဝင်နေဆဲဖြစ်ပါတယ်။

ဒါကြောင့် ပညာရေးလုပ်သားလိုအပ်ချက်အတွက် စစ်ကောင်စီမှာ အခက်အခဲအနေနဲ့ရင်ဆိုင်နေရပြီး ဒီရက်ပိုင်းအတွင်းမှာတင် ခွင့်မဲ့ပျက်ကွက်နေတဲ့ CDM ဝန်ထမ်းတွေ တာဝန်ပြန်ထမ်းဆောင်ဖို့ သတင်းစာ က တဆင့် ဖိတ်ခေါ်နေပြန်ပါတယ်။ တဖက်မှာလည်း ဖမ်းဆီးထောင်ချခံထားရသလို ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ပညာရေးလုပ်သား ရာချီရှိနေပြန်ပါတယ်။

ဘီဘီစီကမေးမြန်းချက်တွေအရ စစ်ကောင်စီအောက်ကျောင်းတက်မယ့်မိဘတွေရော မတက်မယ့်မိဘတွေပါ စိုးရိမ်ချက်တစ်ခုဟာ ဒီအခြေခံပညာကျောင်းတွေမှာ ပညာအရည်အသွေးအပြည့်အဝရနိုင်ပါ့ မလားဆိုတဲ့ အချက်ကို တပြိုင်နက်ထောက်ပြကြပါတယ်။

တခြားပညာရေးအခွင့်အလမ်းတွေက ဘာတွေလဲ။

ငွေကြေးတတ်နိုင်တဲ့ ကျောင်းသားမိဘတွေကတော့ ပုဂ္ဂလိကကျောင်းတွေနဲ့ နိုင်ငံတကာသင်ရိုးသင်ကြားပေးတဲ့ ကျောင်းတွေကို ပြောင်းလဲအပ်နှံကာ ကျောင်းထားကြပါတယ်။ မြန်မာသင်ရိုးရော နိုင်ငံတကာသင်ရိုးကို ပါ နှစ်ခုတွဲသင်ကြားကြတာပါ။

"မနှစ်က ၁၀ရာခိုင်နှုန်းလောက်ရှိရင် ၅၀ရာခိုင်နှုန်းလောက်အထိ ပုဂ္ဂလိက ကျောင်းတွေမှာ အပ်နှုန်းတက်လာ တယ်။ မိဘတွေနဲ့ကျောင်းသားတွေမှာ ကျောင်းတက်ချင်စိတ်၊ ပညာသင်ယူချင်စိတ်ရှိကြတယ်။ အဓိက စစ်ကောင်စီကျောင်းတွေမထားကြတာ"

"အဖြေကတော့ ဒီ၆လပိုင်းကျောင်းတက်ချိန်မှာ ထင်သာမြင်သာရှိလာလိမ့်မယ်" လို့ပုဂ္ဂလိကပညာရေး လေ့လာသူတစ်ဦး ဖြစ်တဲ့ ဦးကျော်မင်းခန့်က လက်ရှိပညာရေးအခြေအနေကို ပြောပြပါတယ်။

ဒီလို ပုဂ္ဂလိကကျောင်းနဲ့ နိုင်ငံတကာကျောင်းထားဖို့ ငွေကြေးမတတ်နိုင်တဲ့အပြင် စစ်ကောင်စီအောက် ကျောင်းမထားလိုတဲ့ လူလတ်တန်းစားကျောင်းသားမိဘတွေကတော့ အွန်လိုင်းအခြေပြုပညာရေးစနစ်ကို ရွေးချယ်ကြပြန်ပါတယ်။ အွန်လိုင်းအခြေပြုပညာရေး စနစ်တွေကို CDM ပညာရေးလုပ်သားတွေအပြင် လူငယ်တချို့ကနေ ကြားကာလပညာရေးအနေနဲ့ အကောင်အထည်ဖော်ကြပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ ချိတ်ဆက်လုပ်ဆောင်တာတွေလည်း ရှိနေပြန်ပါတယ်။

NUG ပညာရေးဝန်ကြီးဌာနကတော့ ကျောင်းတွေပြန်ဖွင့်နိုင်ခဲ့ရင် တက်ရောက်ရမယ့် အတန်းတွေကို ဝင်ခွင့်ပြန်ဖြေခိုင်းပြီး အရည်အချင်းပြည့်မှီရင် အသက်အရွယ်အလိုက် အတန်းတွေကို တက်ရောက် နိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။

"အဓိက က NUG အစိုးရ အနေနဲtest exam လေးတွေကို သုံးလတစ်ကြိမ်လောက်လုပ်ပြီး အသိအမှတ်ပြုလက်မှတ်လေးတွေထုပ်ပေးသင့်တယ် CDM ဆရာတွေနဲ့ပေါင်းပြီးတော့ မိဘတွေကိုလည်း ဘယ်မှာဘယ်လိုwebsite မှာသင်ထောက်ကူစာပေတွေရနိုင်ဆိုတာမျိုးလုပ်သင့်တယ်" လို့ ကျောင်းသားမိဘ တစ်ဦးက ဘီဘီစီကိုမှတ်ချက်ပြု ပြောထားပါတယ်။

ကြားကာလပညာသင်ကြားရေးအစီအစဉ်တွေဘက်ကတော့ ပညာရေးစဉ်ဆက်မပြတ်ဖို့နဲ့ အသက်အရွယ်အလိုက် တက်သင့်တဲ့ပညာရေးရရှိအောင်အဓိကထားသင်ကြားပေးနေတယ်လို့ တုံ့ပြန်ပါ တယ်။

"အတန်းတင်စနစ်၊ အသိအမှတ်ပြုမှုတွေထက်ကျွန်တော်တို့ကတော့ အရည်အချင်းတစ်ခုပဲ အာမခံနိုင်တယ်" လို့ အွန်လိုင်းကပညာသင်ပေးခဲ့တဲ့ လူထုအခြေပြုပညာရေးအဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ Free Online Educational Institution Myanmar FOEIM တည်ထောင်သူ ကိုခန့်သူက အခုလိုဖြေကြားပါတယ်။

FOEIM ဟာ ပြီးခဲ့တဲ့ပညာသင်နှစ်အတွင်း ကျောင်းသား သုံးသောင်းဝန်းကျင်အထိ ပညာသင်ပေးခဲ့ပြီး လက်ရှိအခြေခံပညာ ကြားကာလပညာသင်ကြားရေးအစီအစဉ်တွေထဲ လူထုစိတ်ဝင်စားမှုရှိတဲ့ အစီအစဉ် တစ်ခုလည်းဖြစ်ပါတယ်။

နောက်ထပ်တစ်ခုကတော့ သင်ခန်းစာတွေကို သင်ကြားပေးထားတဲ့ ဗီဒီယိုဖိုင်တွေ ကို မမ်မိုရီ stick ထဲ သင်ရိုးအလိုက်ထည့်သွင်းပေးထားပြီး အင်တာနက်မလိုဘဲ ဒီ stick နဲ့ မိုဘိုင်းဖုန်းဖြစ်စေ၊ တီဗီနဲ့ဖြစ်စေ ချိတ်ဆက်ပြီး offline ပညာသင်ယူတဲ့နည်းလမ်းပဲဖြစ်ပါတယ်။

"Offlineပညာရေးကအထောက်အကူဖြစ်ဖို့အလားလာရှိလိမ့်မယ်ထင်ပါတယ်။ဘာကြောင့်လဲဆိုမန်မိုရီစတစ်တွေကိုသာပေါပေါလောလောထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မယ် ဆိုရင်လူတိုင်းဖုန်းကိုင်နိုင်တဲ့ခေတ်မှာအဆင်ပြေလိမ့်မယ်ထင်ပါတယ်။တခုရှိတာကစာမေးပွဲကိုဘယ်လိုစစ်မလဲဆိုတာပါ။အင်တာနက်ကနေစစ်ဖို့တော့ခုကာလမှာအဆင်မပြေ နိုင်ပါဘူး" လို့ ကျောင်းသားမိခင်တစ်ဦးက ဘီဘီစီကို အကြံပြုပြောထားပါသေးတယ်။

ဒီနည်းလမ်းမှာတော့ ပြည်သူအချင်းချင်း အတန်းကြီးသူက အတန်းငယ်သူကို၊ မိဘက ကလေးကို ပြန်လည် စာပြန်သင်ကြားပေးရမှာဖြစ်ပြီး အခြေခံပညာရေးသင်ရိုးသစ်၊ သင်ရိုးဟောင်းကြားမှာ ဒီလို offline ပညာရေးကို အသုံးပြုသူ နည်းကြပါတယ်။

အခြေခံပညာကျောင်းသားတွေရဲ့ ပညာသင်ယူခွင့်အကြောင်းပြောတဲ့အခါမှာ လက်ရှိနိုင်ငံရေးအခြေအနေ အရ စစ်ရေးပြင်းထန်တဲ့ဒေသက စစ်ရှောင်ကျောင်းသားတွေ၊ အင်တာနက်မရနိုင်တဲ့ ဒေသက ကလေးတွေအတွက်ပါ ထည့်သွင်းပြောရပါမယ်။

စစ်မီးတောက်လောင်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား (ကရင်နီ)၊ ကရင် စတဲ့ဒေသတွေမှာတော့ မြေပြင်အခြေပြု ကြားကာလပညာသင်ကြားရေးစနစ်ကို ဒေသအလိုက်၊ ကျေးရွာအလိုက် အကောင်အထည် ဖော်ကြပြန်ပါတယ်။ ဒါပေမဲ့လည်း တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေဖြစ်တဲ့အတွက် နယ်မြေတည်ငြိမ်မှုပေါ် မူတည်ပြီး ကျောင်းဖွင့်တာ၊ ပိတ်တာကို လုပ်ဆောင်ရပြန်ပါတယ်။

"အခုက စစ်ကြောင်းထိုးနေတော့ ကျောင်းပိတ်ထားရတယ်၊ သူတို့က တစ်ခါစစ်ကြောင်းထိုးရင် ဆယ်ရက် လောက်ကြာတယ်၊ သူတို့စစ်ကြောင်းမထိုးတဲ့ရက်မှာ ကိုယ့်ရပ်ရွာပြန်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းဖွင့်တာတွေလုပ်ရတာ"

အခုမေလဆန်းမှာပဲ ကြားကာလပညာရေးအခြေခံပညာကျောင်းဖွင့်လှစ်ခဲ့ပြီး မေလတတိယအပတ်မှာတော့ မြေပြင်မတည်ငြိမ်မှုကြောင့် ကျောင်းပိတ်ရတဲ့အကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်ထဲက စီဒီအမ် စာသင်ကျောင်းတစ်ကျောင်းရဲ့ စီမံခန့်ခွဲရေးတာဝန်ခံအမျိုးသမီးက အခုလိုရှင်းပြပါတယ်။

နောက်ထပ်ကျောင်းသားမိဘတစ်စုကတော့ စစ်မက်ဖြစ်ပွားတာမရှိပေမဲ့လည်း အင်တာနက်အသုံးပြုဖို့ပါ ငွေကြေးမတတ်နိုင်၊ သားသမီးကိုပညာမသင်ကြား ပေးနိုင်တဲ့အခြေခံလူထုပဲဖြစ်ပါတယ်။ ဒီအခြေခံ လူတန်းစား ကျောင်းသားမိဘတွေဟာ စား၀တ်နေရေးကိုသာ အဓိက ရုန်းကန်နေရတာဖြစ်ပြီး ဖိအားတွေအောက်မှာ သားသမီးတွေကို ကျောင်းလုံး၀ မထားတာ ဒါမှမဟုတ် စစ်ကောင်စီအောက်က ကျောင်းကိုအပ်နှံထားရှိတာ စတဲ့ အနေအထားကိုသာရွေးချယ်ခွင့်ရှိသလိုဖြစ်နေပါတယ်။

ကျောင်းအပ်ရာသီနီးလေ၊ ပွတ်တိုက်မှုပိုပြင်းထန်လေ

ကျောင်းအပ်ရာသီ၊ ကျောင်းတက်ချိန်နီးကပ်လာတာနဲ့အတူ CDM ပညာရေးအသိုင်းအဝိုင်းက စစ်ကောင်စီအောက် "စစ်ကျွန်ပညာရေးမသင်ကြားဖို့" ဆိုပြီး လူထုကို မေတ္တာရပ်ခံတိုက်တွန်း နေကြပါတယ်။ ဒါ့အပြင် ကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောင်းသားနဲ့ ဆရာတွေကို လူသားတံတိုင်းသဖွယ်အသုံးချနိုင်တယ်လို့ တော်လှန်ရေးအင်အားစုဘက်က ပြောဆိုထားတာပါ။

တဖက်စစ်ကောင်စီနဲ့ နီးစပ်သူတွေကလည်း စစ်ကောင်စီအောက် အခြေခံပညာကျောင်းတွေမှာ မတက်ဘဲ ကြားကာလပညာသင်ကြားရေးဖွင့်လှစ်တဲ့ကျောင်းတွေမှာ သင်ကြားသူ၊ တက်ရောက်သူတွေကို အရေးယူဖို့ အွန်လိုင်းကနေ တိုက်တွန်းမှုတချို့လည်း ဒီမေလအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြန်တာပါ။ ဒါကြောင့် FOEIM လို ကြားကာလပညာသင်ကြားရေးအစီအစဉ်တချို့ လုံခြုံရေးအခြေအနေအရဆိုပြီး ယာယီရပ်နားခဲ့ရပါသေးတယ်။

စစ်ကောင်စီဘက်ကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေဟာ အခြေခံပညာကျောင်းတွေကို ဖျက်ဆီးပြီး၊ ဆရာဆရာမတွေကိုသတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေကို သူတို့ရဲ့သတင်းစာမှာ ဆက်တိုက် ဖော်ပြလာပါတယ်။

နောက်ထပ်တစ်ခုကတော့ နေပြည်တော်က ပုဂ္ဂလိကကျောင်း ၁၈ ကျောင်းနဲ့ မကွေးတိုင်းအတွင်းက ပုဂ္ဂလိက ကျောင်း ၂၂ကျောင်းကို ဖွင့်လှစ်ခွင့်မပြုဘူးဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ မေလ ၂၄ ရက်မှာ ထွက်ပေါ် လာပြန်တာပါ။

နိုင်ငံရေးခံယူချက်မတူညီတာတွေကြောင့် ပုဂ္ဂလိကကျောင်းတချို့ကို ပိတ်ခိုင်းတယ်လို့ ပုဂ္ဂလိကပညာရေးအသိုင်းအဝိုင်း ကနေသိရပေမဲ့ တရားဝင်စာထုတ်ပြောကြားတာမရှိသေးဘူးလို့ ဆိုပါတယ်။

ဒီ ကျောင်းတွေကို ပိတ်လိုက်တယ်ဆိုတဲ့သတင်းကိုအတည်ပြုနိုင်ဖို့ ဘီဘီစီက ပညာရေး၀န်ကြီးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ်မရသေးပါဘူး။

"ကျောင်းသားတွေက ပုဂ္ဂလိကပညာရေးတွေကို အားထားလာချိန်၊ လုံခြုံရေးအတွက်ဆိုပြီး ပိတ်လိုက်မယ် ဆိုရင် ကျောင်းသားတွေကို စာသင်ခန်းထဲမရောက်အောင် တွန်းပို့လိုက်တာပါပဲ။ ပညာရေးဟာ ပိုပြီးဆိုးရွား သွားနိုင်တယ်ဆိုတာကို သတိပြုမိကြဖို့လိုတယ်" လို့ ပုဂ္ဂလိကပညာရေးလေ့လာသူဖြစ်တဲ့ ဦးကျော်မင်းခန့်က ထောက်ပြပါတယ်။

အခုချိန်ဟာပညာသင်ကြားခွင့်ရှိသူတိုင်း ပညာသင်ယူခွင့်ရဖို့၊ စဉ်ဆက်မပြတ်ပညာရေးအခွင့် အလမ်းတွေ ရရှိဖို့ စိန်ခေါ်မှုတွေရှိနေဆဲကာလလို့ ပညာရေးအသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။

ပြုပြင်ပြောင်းလဲမှုလိုအပ်နေတဲ့ မြန်မာ့ပညာရေးဟာ ဖယ်ဒရယ်ပညာရေးစနစ်တစ်ခုအဖြစ် တည်ဆောက် နိုင်ဖို့ ထွက်ပေါက်မရှိတဲ့အခြေအနေဖြစ်နေပြီး စစ်အာဏာသိမ်းမှုအောက် ပညာသင်ကြားခွင့်ရှိတဲ့ အခြေခံပညာကျောင်းသားတိုင်းကိုလည်း လက်ရှိပညာရေးအစီအစဉ်တွေအကုန်လုံးက မလွှမ်းခြုံနိုင်သေး ပါဘူး။

မိဘတွေကတော့ သားသမီးပညာရေးအတွက် ရတက်မအေးနိုင်ဘဲ ဘူးလေးရာဖရုံဆင့် ဝေခွဲရခက်၊ ဆုံးဖြတ်ရကျပ်တဲ့အနေအထားကို လက်ရှိရင်ဆိုင်နေရတယ်လို့ ဘီဘီစီကိုပြောကြပါတယ်။