ကျောင်းတွေ ပြန်ဖွင့်ဖို့ ကြိုးစားမှု အောင်မြင်နိုင်မလား

ဒီနေ့ မေလ ၂၄ ရက်နေ့ဟာ မြန်မာနိုင်ငံအတွင်းမှာ မူလတန်းက အထက်တန်းအထိ အခြေခံပညာအဆင့် ကျောင်းသားတွေကို ကျောင်းအပ် စလက်ခံတဲ့နေ့ ဖြစ်ပါတယ်။

ဘီဘီစီက‌ မေးကြည့်လို့ရသမျှ ရန်ကုန်က ကျောင်းသားမိဘအများစုကတော့ သူတို့ကလေးတွေကို ကျောင်း မအပ်ကြသလို မန္တလေးမြို့ ဘက်မှာလည်း မအပ်ကြဘူးလို့ သိရပါတယ်။

သူတို့သားသမီးတွေကို ဘာလို့ ကျောင်းမအပ်ကြတာလဲဆိုတဲ့ အဓိက အကြောင်းပြချက်၂ခုက သားသမီးတွေရဲ့ လုံခြုံရေးကို စိတ်မချတာရယ်နဲ့ စစ်ကောင် စီလက်အောက်မှာ သူတို့ကလေးတွေကို ပညာမသင်စေချင်တာကြောင့်လို့ ပြောကြပါတယ်။

ပြီးတော့ ဒီလို စစ်ကောင်စီက ကျောင်းအပ်စလက်ခံတဲ့နေ့မှာ ရန်ကုန်မြို့အပါအဝင် အခြားမြို့တွေမှာလည်း ဆန္ဒပြပွဲတွေဆက်ဖြစ်ခဲ့သလို မကွေးတိုင်း မြိုင်မြို့ အပါ အဝင် အခြားမြို့နယ်တစ်ချို့မှာလည်း အဖြူအစိမ်း ကျောင်းဝတ်စုံနဲ့ ကျောင်းသားလေးတွေ ဆန္ဒပြပွဲမှာ ဝင်ပါနေကြတာကို တွေ့နေရပါတယ်။

မိဘတွေပြောတဲ့ အဓိကနှစ်ချက်

မိဘတိုင်းက သူတို့သားသမီးတွေကို ပုံမှန်ကျောင်းတက်ပြီး ပညာရှာ စေချင်ကြ တဲ့စိတ်ရှိနေကြပါတယ်။ဒါပေမယ့် လက်ရှိအချိန်မှာတော့ မိဘအများစုက သူတို့ သားသမီးတွေကို ကျောင်းမပို့ချင်ကြပါဘူးလို့ပြောပါတယ်။

သူတို့ သားသမီးတွေကို ဘာကြောင့် ကျောင်းမအပ်ရတာလဲဆိုတဲ့ အဓိက အချက်၂ချက်ထဲမှာ၊ ပထမအချက် က အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်နဲ့ သူတို့အုပ်ချုပ်မှု ကိုလက်မခံနိုင်လို့ပြောပြီး ဒုတိယအချက်ကတော့ ကလေးတွေရဲ့ လုံခြုံရေးကို စိတ် မချရတာကြောင့်လို့ ဆိုကြပါတယ်။

ဒီနေ့ဟာ သူ့သားသမီး၂ယောက် ကျောင်းအပ်ရမယ့်နေ့ဖြစ်ပေမဲ့ ကျောင်း မအပ်ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ အလက ၁ ဒဂုံ က ကျောင်းသား မိဘတစ်ဦးက အခု လိုပြောပါတယ်။

''သားအကြီးက ၃တန်း၊ သမီးအငယ်လေးက ၁တန်း တက်ရပါမယ်။ ဒါပေမယ့် ကျွန်မတို့ကျောင်း မအပ်ဖြစ်ပါဘူး။ မအပ်ဖြစ်တာက ကလေးတွေရဲ့ပညာရေးကို ကိုယ်တွေခေတ်ကလိုဖြစ်သွားမှာစိုးတာရယ် ကောင်းကောင်းလည်း သင်ရမှာ မဟုတ်ဘူးလို့ ထင်တာရယ်ကြောင့်ပါ ။ ''

ရန်ကင်း တီတီစီကျောင်းက ကျောင်းသားမိဘတစ်ယောက်ကလည်း သူ့ သဘောထားကို အခုလိုပြောပါတယ်။

''ကျွန်မကလေး အကြီးက ၇တန်းအောင်ပြီး ၈တန်းတက်မှာပါ။ အငယ်လေးက ၃တန်းအောင်ပြီး ၄တန်းတက်ရမှာပါ။ ကျွန်မကလေးတွေကို ကျောင်းမအပ်ပါဘူး။ လက်ရှိစစ်အာဏာရှင်အောက်မှာ ကလေးတွေကို ပညာမသင်စေချင်ဘူး။ ကျွန်မသား၂ယောက်ကလည်း မသင်ဘူးလို့ပြောတယ်။ ။ ဒီနေ့ဆို ကျောင်းသားထောင်နဲ့ချီရှိတဲ့ ကျွန်မတို့ကျောင်းမှာ ကျောင်းလာအပ်တဲ့သူက ဆယ်ဂဏန်းပဲရှိတယ်လို့ ကြားရတယ် ''

သူတို့ကိုတော့ ကျောင်းအာဏာပိုင်တွေက ကျောင်း မဖြစ်မနေလာအပ်ရမယ်လို့ ခြိမ်းခြောက်တာမျိုးတွေ မရှိပေမဲ့ သူ့ သားသူငယ်ချင်း တက်နေတဲ့ ပုဂ္ဂလိကကျောင်း တစ်ကျောင်းကတော့ ကျောင်းအပ်မှာလား မအပ်ဘူးလား ဆိုတာ မိဘတွေကို လှမ်းမေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ပြီးတော့ ၄ တန်း ကျောင်းသား သားတစ်ယောက်ရှိတဲ့ မန္တလေး အမရပူရဘက်က ရွာတစ်ရွာက ကျောင်းသား မိဘတစ်ယောက်ကလည်း သူ့ကလေး ကျောင်း မအပ်ရတဲ့ အကြောင်းကို အခုလို ရှင်းပြပါတယ်။

''ကျွန်မတို့ တစ်ရွာလုံးက ဘယ်သူမှ ကျောင်းမအပ်ဘူး။ အခြားသူတွေ လိုတော့ အိမ်မှာ သူတို့အတွက် သင်ကြားမှုတွေ လုပ်ပေးဖို့ မစီစဥ်ထားနိုင်သေးဘူး။ အများဖြစ်သလိုပဲ လုပ်ရမှာပေါ့။ကလေးတွေ စာမတတ်မှာလည်းစိုးတယ်။ အခုလိုမျိုးဖြစ်နေတဲ့ သူတို့လက်အောက်မှာလည်း မထည့်ချင်ဘူး။ ကျွန်မတို့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်သူတွေ လက်ခံတဲ့ အဖြစ်မျိုးကိုပဲ လိုချင်တယ်။''

ကလေးတွေ ကျောင်းမတက်ကြဘူးဆိုတော့ သူတို့ အတွက် သင်ယူမှုတွေ ဘယ်ကရအောင် လုပ်ပေးမလဲ ဆိုတာကလည်း ကျောင်းသား မိဘတွေ အတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်။

ငွေကြေးတတ်နိုင်တဲ့သူတွေအတွက် အွန်လိုင်းကနေ သင်ယူမှုတွေ အားကိုးလို့ရ နိုင်ပေမဲ့ တစ်ဖက်မှာလည်း အင်တာနက် ရ မရ ဆိုတဲ့ အခက်အခဲတွေကလည်း ရှိ နေပါတယ်။

အဲ့ဒါနဲ့ ပတ်သက်လို့ ကျောင်းပြင်ပ ပညာသင်ယူမှုကို အွန်လိုင်းပေါ်ကနေ ရနေတယ်လို့ ဆိုပေမဲ့ တစ်ဖက်မှာလည်း ကလေးတွေ ကျောင်းမတက်တဲ့ အခြေအနေက ဘယ်လောက်ထိ ကြုံရမလဲဆိုတာ မခန့်မှန်းနိုင်ဘူး ဖြစ်နေပါတယ်။

ကျောင်းလာအပ်ဖို့ ခြိမ်းခြောက်ခံရတာရှိလား

ဒီလို ကျောင်းသားမိဘတွေ အုံနဲ့ကျင်းနဲ့ ကျောင်းမအပ်ကြဘဲ စစ်ကောင်စီကို ဆန့်ကျင်တာတွေ လုပ်နေတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဘယ်လို တုံ့ပြန်မလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျောင်းမဖြစ်မနေ လာအပ်ရမယ်ဆိုတာမျိုး ခြိမ်းခြောက်ခံရတာမျိုး ရှိလားလို့ မေးကြည့်တော့ အခုအချိန်ထိ မရှိသေးဘူးလို့ ဒဂုံမြို့နယ်က ကျောင်းသား မိဘတစ်ယောက်ကပြောပါတယ်။

လုံခြုံရေး အကြောင်းပြချက်

သူတို့ ကလေးတွေကျောင်းပြန်မအပ်တာရဲ့ အဓိကအချက် နောက်တစ်ခုက လုံခြုံရေးအကြောင်းပြချက်ဖြစ်ပါတယ်၊ ကလေးတွေရဲ့ လုံခြုံရေးကို စိုးရိမ် နေကြတဲ့ လူတွေထဲမှာ ကျောင်းသားမိဘတွေ အပြင်ဆရာ ဆရာမတွေလည်းပါပါတယ်။

မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့ အလုံမြို့နယ် အထက(၄) နားမှာလည်း ပေါက် ကွဲမှုတစ်ခုဖြစ်ခဲ့သလို မြေက်ဒဂုံ အထက (၄) အနီးမှာလည်း ပေါက် ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

သူတို့ ကျောင်းမအပ်ရတဲ့ကိစ္စဟာ သူတို့သားသမီးတွေရဲ့ လုံခြုံရေးကို စိတ်မချတာကလည်း ထိပ်ဆုံးက ပါတယ်လို့ ရန်ကင်းတီတီစီက ကျောင်းသားမိဘတစ်ဦးက အခုလိုပြော ပါတယ်။

''ကျောင်းကိုပို့လိုက်ပြီး ကိုယ့်ကလေး အေး‌အေးချမ်းချမ်း သင်နိုင်လား မသိတဲ့အချိန်မှာ ကျွန်မ ကလေးတွေကို ကျောင်းမထားဘူး။ ယုံကြည်မှုမရှိဘူးလို့ ခံစားရတယ်။ ကလေးအတွက်လည်း လုံခြုံမရှိဘူး။အေးအေးချမ်းချမ်း ပညာသင်ရမယ့် အချိန်လည်း မဟုတ်ဘူးလို့ထင်လို့ ကျောင်းမထားတာပါ။''

မှန်ကန်တဲ့ စစ်မှန်တဲ့ လုံလုံခြုံခြုံ အေးအေးချမ်းချမ်းရှိတဲ့ အခြေအနေကို အမြန်‌ရောက် စေချင်တာကတော့ ကျောင်းသားမိဘတွေအပြင် ဆရာ ဆရာမ တွေမှာလည်း ဆန္ဒရှိနေတယ် ဆိုတာသေချာပါတယ်။

ဆရာမတစ်ယောက်ရဲ့ အမြင်

ကလေးတွေ ကျောင်းအပ်တာနဲ့ ပတ်သက်လို့ ကျောင်းအပ်သင့် မအပ်သင့် သဘောထားကို ကျောင်းသားမိဘတွေ အပြင် မန္တလေးက အထက်တန်းပြ ဆရာမတစ်ယောက်ကလည်း အခုလိုပြောခဲ့ပါတယ်။

''မိဘပြည်သူတွေမှာလည်း သူတို့ခံစားချက် သူတို့ ရှိကြတာဆိုတော့ ကျွန်မအမြင်ကတော့ ဒီလိုမတည်ငြိမ်တဲ့ အခြေအနေကြီးထဲမှာ ကျောင်း မအပ်သင့်ပါဘူး။ ''

ကျောင်းသားမိဘတွေရဲ့ အမြင်မှာက စစ်ကျွန်ပညာရေးလို့ ပြောနေပေမဲ့ စစ်ကောင်စီဘက်ကတော့ အရင်တုန်းက သင်ရိုးညွှန်းတန်းတွေကိုပဲ သင်နေတာ လို့သတင်းစာရှင်းလင်းပွဲမှာ ပြောထားတာရှိပါတယ်။

''သင်ရိုးညွှန်းတန်းကတော့ သိပြီးသားဖြစ်တော့ NON CDM ဆရာတွေက အဲ့တိုင်းသင်ကြမှာပါ ။ဒါပေမယ့် မိဘတွေကျောင်းမအပ်တော့ ကျောင်းသားသိပ်ရှိမယ်မထင်ဘူး။ ပြီးတော့ တစ်ချို့ကျောင်းတွေလည်း CDM လုပ်ကြတဲ့ဆရာမတွေများတော့ ဘာသာရပ်လိုက် ဆရာမတွေလျော့သွားမှာဆိုတော့ ဆရာ မလုံလောက်တဲ့ အခက်အခဲတော့ ရှိမှာသေချာပါတယ်။'' သူကပြောပါတယ်။

ဒီလို ကျောင်းသားတွေ ကျောင်းမအပ်တာတွေအပြင် ဆရာ ဆရာမအများစုကပါ CDM ဝင်နေကြတဲ့အတွက် အခက်အခဲတွေ ရှိနေပေမဲ့ တစ်ဖက်မှာလည်း ပုံမှန်လည် ပတ်နိုင်တယ်ဆိုတာကို ပြချင်တဲ့ စစ်ကောင်စီက ကျောင်းတွေ မရရအောင်ပြန်ဖွင့်ဖို့ ကြိုးစားမှာ သေချာပါတယ်။

ရခိုင်ပြည်နယ်ကအခြေ အနေ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ စစ်အာဏာသိမ်း မှုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ မဖြစ်သလို၊ဒီကနေ့မှာ ပြန်ဖွင့်တဲ့ အခြေခံပညာကျောင်းတွေမှာလည်း ကျောင်းလာ အပ်သူတွေအများအပြားရှိတာကို တွေ့မြင်ရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အခြေခံပညာကျောင်းသူ ကျောင်းသားတွေရဲ့ မိဘတွေကတော့ တိုက်ပွဲတွေကြောင့် ကလေးတွေကျောင်းမတက်ရတာ၊ ကိုဗစ်ကြောင့် ကျောင်း တစ်နှစ်နားခဲ့ရတာတွေကြောင့် ကလေးတွေကို ဒီနှစ်ကျောင်း ပြန်တက်စေချင်တဲ့ အကြောင်း ဘီဘီစီကို ပြောကြပါတယ်။

ဘာတွေဆက် ဖြစ်မလဲ

အခုဆို CDM ဝင်နေကြတဲ့ ဆရာ ဆရာမ တစ်သိန်းနှစ်သောင်းငါးထောင်ကျော် ကို တာဝန်က ယာယီရပ်ဆိုင်း ထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတယ်လို့ ဆရာများအဖွဲ့ချုပ်က ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂နှစ် ကထုတ်ပြန်ထားတဲ့စာရင်းအရ မြန်မာပြည်မှာ ဆရာ စုစုပေါင်း ၄သိန်း၃ သောင်းရှိနေပြီး အခု ရာထူး ယာယီရပ်ဆိုင်းတဲ့သူတွေကိုသာ စစ်ကောင်စီက ထုတ်ပစ်လိုက်ရင် ပညာရေးစနစ်ကြီးတစ်ခုလုံး ရပ်သွားမယ်လို့ ဆရာများအဖွဲ့ချုပ် တာဝန်ရှိတဲ့သူက ပြောကြောင်းရိုက်တာ သတင်းမှာ ရေးပါတယ်။

အခုလိုပဲ ၁၉၈၈အာဏာသိမ်းပြီးတုန်းကလည်း ကျောင်းတွေနှစ်ရှည်ပိတ်ခဲ့ရပြီး ၁၉၉၁ခုနှစ်ကျမှ ကျောင်းပြန်ဖွင့်နိုင်ခဲ့တဲ့ အခြေအနေရှိခဲ့ပါတယ်။

လက်ရှိ အချိန်မှာလည်း ကိုဗစ်ဖြစ်ပွားမှုကြောင့် ကျောင်းတွေ တစ်နှစ်ပိတ်ခဲ့တာရယ်၊ အခု၂၀၂၁ခုနှစ်အာဏာသိမ်းမှု နောက်ပိုင်းမှာလည်း အခက်အခဲ တွေရှိနေတာကြောင့် ကျောင်းတွေ အရင်လို ပုံမှန်ပြန် ကတော့ အချိန်ယူရလိမ့်မယ်လို့လည်း သုံးသပ်ကြပါတယ်။