စစ်ကောင်စီရဲ့တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်ကို ဖက်ဒရယ်ပညာရေးမှာလက်မခံလို့NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေအတွက် လက်လှမ်းမီပါဝင်ဖြေဆိုနိုင်မယ့် အစီအစဉ်တွေကို ဆွေးနွေးဆောင်ရွက်နေပြီး စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနက ပြုလုပ်မယ့် တက္ကသိုလ်ဝင်တန်းစာပေးပွဲရလဒ်တွေကိုဖက်ဒရယ်ပညာရေးစနစ်နဲ့အကောင်အထည်ဖော်မယ့်တက္ကသိုလ်၊ ကောလိပ်နဲ့ကျောင်းတွေမှာ အသိအမှတ်ပြုလက်ခံမှာမဟုတ်ကြောင်းဒီကနေ့နိုဝင်ဘာ ၁၅ရက်မှာ NUG က ထုတ်ပြန်ကြေညာလိုက်ပါတယ်

NUG ရဲ့ပညာရေးဝန်ကြီးဌာန ရဲ့ ဆွေးနွေးဆောင်ရွက်မှုတွေကိုလည်း သက်ဆိုင်ရာ ကျောင်းသားအဖွဲ့ အစည်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေ၊ ပညာရေးဘုတ်အဖွဲ့တွေနဲ့တက္ကသိုလ်ကောင်စီတွေ၊ ဆရာ သမဂ္ဂတွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးအကောင်အထည်ဖော်သွား မယ်လို့ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ လာမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာစာမေးပွဲဖြေဆိုဖို့စာရင်း မပေးသွင်းတဲ့ ကျောင်းသူကျောင်းသားတွေကို နောက်နှစ်တွေမှာ စာမေးပွဲဖြေဆိုခွင့်မပြုဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး ဒါတွေကိုလည်း စိုးရိမ်ဖို့မလိုကြောင်း NUG ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

" အဓိကကတော့ ဒီကာလကြီးမှာ တချို့အရာတွေက ရင်းနှီးပေးဆပ်ရတာတွေ၊ဆုံးရှုံးနစ်နာရတာတွေ ရှိတယ်။ ပညာရေးဆိုတာ နိုင်ငံရေးရဲ့လက်အောက်ခံပြဿနာဆိုတော့ နိုင်ငံရေး မတည်ငြိမ်ရင် ပညာရေးလည်းအဆင်မပြေနိုင်တဲ့ ကျွဲကူးရေပါ အခြေအနေတော့ရှိနေမှာပဲ။ ဒီလိုအခြေအနေမှာမှ ကြားကာလပညာရေးကို တော်လှန်ရေးအင်အားစုတွေကကြိုးစားနေတယ်။NUGရဲ့ထုတ်ပြန်ချက် ကလည်း ကလေးတွေရဲ့ပညာရေးအတွက် ကြိုးစားနေတယ်လို့ပဲမြင်ပါတယ်။ ဒီလိုအခြေအနေက တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြုံတွေ့နေရတာဖြစ်လို့ အလုံးစုံသော ပညာရေးစနစ်ရဖို့ကတော့ တော်လှန်ရေးအောင်ဖို့ပဲရှိပါတယ်" လို့ အခြေခံပညာရေးဝန်ထမ်း သပိတ်ကော်မတီက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပညာရေးဝန်ကြီးဌာနလက်အောက်ကနေ ကြားကာလ ပညာရေးစနစ်အနေနဲ့ပညာရေးဝန်ထမ်းတွေပူးပေါင်းပြီး အိမ်တွင်းအခြေပြု ပညာရေးသင်ကြားမှုနဲ့ အွန်လိုင်းကတဆင့်သင်ကြားမှုတွေလုပ်ဆောင်ပေးနေတယ်လို့လည်း NUG ကထုတ်ပြန်ထားပါတယ်။

တဖက်မှာလည်း ပြည်တွင်းမငြိမ်သက်မှုအခြေအနေတွေနဲ့ နေရာဒေသအခက်အခဲအရ ကြားကာလ ပညာရေးကိုလက်လှမ်းမမှီတဲ့ကျောင်းသူကျောင်းသားတွေလည်းရှိနေတယ်လို့ပညာရေးအသိုင်းအဝိုင်းက သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ကျောင်းသားတွေကိုကိုဗစ်ကာကွယ်ဆေးထိုးပေးနေသလို နိုဝင်ဘာလ ၁ ရက်နေ့ နိုင်ငံတဝန်းစာသင်ကျောင်းတွေပြန်လည်ဖွင့်လှစ်ရာမှာလည်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးတွေမှာ ကျောင်းတက်ရောက်သူနည်းပါးပေမယ့် အခုရက်ပိုင်းမှာ တက်ရောက်သူ တိုးလာတယ်လို့ဆိုပါတယ်။

နယ်မြို့တချို့မှာတော့ လုံခြုံရေးအခြေအနေကြောင့် မဖွင့်နိုင်သေးတဲ့ကျောင်းအချို့တွေရှိနေသေး တယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုဖြေထားပါတယ်။

လက်ရှိမှာလည်း လာမယ့် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ဖြေဆိုခွင့် လျှောက်လွှာတွေကို ဒီဇင်ဘာ ၃၀ ရက်နေ့ထိ နောက်ဆုံးထား လျှောက်ထားရမယ်လို့ စစ်ကောင်စီလက်အောက်က ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားပါတယ်။