ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၁ မြန်မာ့စီးပွားရေးသုံးသပ်ချက် (အပိုင်း ၁) - အနှစ် ၆၀ အတွင်း အဆိုးဆုံး စီးပွားရေးကျဆင်းမှု ဘယ်လို ဖြစ်ခဲ့လဲ
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးအခြေအနေက ဘယ်လိုပါလဲ။
ဒါကိုသိဖို့ဆိုရင် စီးပွားရေးပညာတောင် တတ်ကျွမ်းစရာ မလိုပါဘူး။ ဘယ်စီးပွားရေးပညာရှင်ကိုမှလည်း မေးမြန်းနေဖို့ မလိုပါဘူး။ မြန်မာပြည်တွင်းမှာ နေထိုင်သူတိုင်းဟာ စီးပွားရေးအခြေအနေကို နဖူးတွေ့ဒူးတွေ့ ခံစားသိရှိကြတာချည်းပဲ ဖြစ်ပါတယ်။ ကိုယ်ရောက်ရာ နေရာတိုင်းမှာ ကိုယ့်အထွာနဲ့ကိုယ် သိရှိနားလည်ကြပါတယ်။ ဆင်းရဲသားက ဆင်းရဲသားအလျောက်၊ စီးပွားရေးသမားက စီးပွားရေးသမားအလျောက်၊ သူဌေးကသူဌေးအလျောက် စီးပွားရေးကျရိပ်ကို ကိုယ့်အထွာနဲ့ကိုယ် နားလည်ခံစားမိကြပါတယ်။
မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုကိုပြတဲ့ GDP ဘလောက်ဂရပ်ဟာ ပြီးခဲ့တဲ့နှစ်များစွာအတွင်း သုညလယ်ဗယ်မျဉ်းရဲ့အထက်မှာ သစ်ပင်ကြီးငယ်တွေသဖွယ် မြင့်ချည်တခါ နိမ့်ချည်တလှည့်နဲ့ ထိုးထိုးထောင်ဖြစ်ခဲ့ရာကနေ ၂၀၂၁ မှာတော့ ရေသောက်မြစ်ကြီးတချောင်းသဖွယ် သုညလယ်ဗယ်မျဉ်းရဲ့ အောက်ဖက်ကို နက်နက်ရှိုင်းရှိုင်း ထိုးစိုက်ဆင်းသွားပါတယ်။ မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုဟာ အနုတ်ဂဏန်းအကြီးကြီး ပြသွားခဲ့ပါတယ်။
ကိုဗစ်လှိုင်းများဝင်ရောက်ချိန်
၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ကိုဗစ် ၁၉ ရောဂါစတင်ဖြစ်ပွားပါတယ်။ မြန်မာနိုင်ငံတွင်းကို စတင်ဝင်ရောက်လာတာကတော့ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့လို့ အစိုးရက မှတ်တမ်းတင်ထားပါတယ်။ ကိုဗစ်ပထမလှိုင်းဟာ မြန်မာနိုင်ငံကို ညင်ညင်သာသာ ဝင်ရောက်လာတဲ့အတွက် အဲဒီအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ ကောင်းကောင်း ကိုင်တွယ်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ သြဂုတ်လလယ်ပိုင်းမှာ ကိုဗစ်ဒုတိယလှိုင်းဝင်ရောက်လာပါတယ်။ ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းကို တည်တည်ငြိမ်ငြိမ် ဖြတ်ကျော်နိုင်ပေမဲ့ စီးပွားရေး အခက်အခဲကိုတော့ စတင်ရင်ဆိုင်ရပါတယ်။
၂၀၂၀ ဖေဖော်ဝါရီလဆန်းမှာကတည်းက တရုတ်ဗီဇာကို စတင်ကန့်သတ်လိုက်ပါတယ်။ အဲဒီနောက်မတ်လကုန်ပိုင်း မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ စတင်တွေ့ပြီးနောက်ပိုင်းမှာတော့ ရန်ကုန်လမ်းမကြီးတွေပေါ်မှာ လူတွေတိတ်ဆိတ် ရှင်းလင်းသွားပါတယ်။ စျေးဆိုင်တွေပိတ်ကြပါတယ်။ အလုပ်သမားတွေ အလုပ်မဆင်းနိုင်ဘဲ ကိုယ့်အိမ်မှာပဲနေကြပါတယ်။ အလုပ်အကိုင်တွေ ရပ်ဆိုင်းသွားကြပါတယ်။ အထည်ချုပ်စက်ရုံတချို့ပိတ်လိုက်လို့ အလုပ်သမားတွေ နယ်ပြန် ကြရပါတယ်။ နယ်ကလုပ်ငန်းတွေလည်း ရပ်ဆိုင်းကြရပါတယ်။ ဒီအခြေအနေတွေကြောင့် ၂၀၂၀ ခုနှစ်မှာ မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုဟာ သိပ်ကျဆင်း သွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ တကယ်လည်း ကျဆင်းခဲ့ပါတယ်။ ပိုပြီးဆိုးတာက ပြည်တွင်း ကုန်ထုတ်လုပ်မှုတွေသာ ကျဆင်းတာမဟုတ်ပါဘူး။ ပြည်ပမှာ အလုပ်သွားလုပ်တဲ့ အလုပ်သမားတွေလည်း ပြန်လာကြရပါတယ်။ မြန်မာနိုင်ငံဟာ ပြည်ပသွားရောက်အလုပ်လုပ်ကိုင်သူတွေဆီက ပြန်ပို့တဲ့ဝင်ငွေ ကြီးကြီးမားမားရရှိနေကျနိုင်ငံဖြစ်တဲ့ အတွက် သိသိသာသာ ဆုံးရှုံးနစ်နာခဲ့ပါတယ်။ အဲဒီတုန်းကအခြေအနေအပေါ်မှာ မြန်မာပြည်တွင်းနေ ဒေါက်တာဘွဲ့ရစီးပွားရေးပညာရှင်တဦးက အခုလိုသုံးသပ်ပါတယ်။
"ကိုဗစ်လည်းဖြစ်လာရော စီးပွားရေးက ပြည်တွင်းလုပ်ငန်းရော၊ ပြည်ပရော ရပ်တန့်သွားတယ်။ နယ်စပ်ကုန်သွယ်ရေးပိတ်သွားတယ်။ တချို့စက်ရုံတွေ အချိန်တခုအထိ သိသိသာသာ ရပ်ဆိုင်းလိုက်ရတော့ ကုန်ထုတ်လုပ်မှု ကျဆင်းသွားတယ်။ ဒါပေမဲ့ လုံးဝရပ်ဆိုင်းသွားတာတော့ မဟုတ်ဘူး။ အခြေအနေအရ ကိုဗစ်သက်သာလာတဲ့ အချိန်မှာ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်နဲ့အညီ တချို့ပြန်လုပ်တာတွေရှိတယ်။ စစ်ဆေးမှုတွေလုပ်ပြီး ညွှန်ကြားချက်နဲ့ ပြန်ဖွင့်တာမျိုးလုပ်တယ်။ ဒါပေမဲ့ ခရီးသွားလုပ်ငန်းတို့၊ လေကြောင်းလုပ်ငန်းတို့ ထိခိုက်တာမျိုးလို လုပ်မရတာတွေလည်း ရှိတာပေါ့။ လူတွေက ဝင်ငွေနည်းလာတော့ အရောင်းအဝယ် ပါးသွားတာမျိုးတွေလည်းရှိတယ်။ ဒါပေမဲ့ ကုစားမရနိုင်လောက်တဲ့ အခြေအနေမျိုးတော့ မဖြစ်ခဲ့ဘူး။ ကိုဗစ်ဒုတိယလှိုင်းမှာတော့ ပိုထိတယ်။ လူတွေ တော်တော်ကြာကြာ အလုပ်မလုပ်နိုင်ဘဲဖြစ်တယ်။ တချို့လည်း work from home တို့ဘာတို့ဖြစ်သွားတယ်။ နိုင်ငံခြားသွားတဲ့အလုပ်သမားတွေ အိမ်ပြန်လာရတော့ remittance လို့ခေါ်တဲ့ နိုင်ငံခြားကပြန်ပို့ငွေလည်း လျော့ကျသွားတယ်။"
၂၀၂၀ ခုနှစ်ဒီဇင်ဘာလမှာ နိုင်ငံခြားသွားပြီး အလုပ်လုပ်ရာကပြန်လာတဲ့ အလုပ်သမားအရေအတွက် ၄ သိန်း ၂ သောင်းရှိတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်က ထုတ်ပြန်တဲ့ ဆင်းရဲမွဲတေမှုအပေါ် ကိုဗစ်နဲ့အာဏာသိမ်းမှုရဲ့သက်ရောက်မှုများအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နှစ်ကုန်လို့ စာရင်းချုပ်လိုက်ချိန်မှာတော့ ၂၀၂၀ ခုနှစ် တနှစ်တာဖွံ့ဖြိုးတိုးတက်မှု GDP ရာခိုင်နှုန်းဟာ ၃ ဒသမ ၁၇ ပဲ အဖတ်တင်ပါတော့တယ်။ ၁၉၉၂ ခုနှစ်နောက်ပိုင်းမှာ အနိမ့်ဆုံးကိန်းဂဏန်းဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်က ဖွံ့ဖြိုးမှုပမာဏလောက်နီးပါးအထိ ထိုးကျသွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဦးသိန်းစိန်အစိုးရ မတက်ခင်ကလည်း အခုလိုနိမ့်ကျခဲ့ဖူးပါတယ်။
၂၀၂၁ ခုနှစ်မှာတော့ အဲဒီစီးပွားနာကို ပြန်လည်ကုစားနိုင်မလားလို့ မျှော်လင့်မှန်းဆမှုရှိခဲ့ပါတယ်။ ဒါပေမဲ့ မှန်းသလိုမပေါက်ခဲ့ပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်
၂၀၂၁ ခုနှစ်ထဲရောက်တော့ ပိုဆိုးတဲ့အဖြစ်အပျက်တွေကို ရင်ဆိုင်လာရပါတယ်။ ဖေဖော်ဝါရီလဆန်း ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။ အဲဒီအချိန်ကတည်းက ထိုးစိုက်ဆင်းသွားတဲ့ စီးပွားရေးဟာ အခုထိပြန်ဦးမော့မလာပါဘူး။
၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး အခုအချိန်အထိ ကာလအတွင်း မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု ဆိုးဆိုးဝါးဝါး အနုတ်ပြတဲ့ကာလ ၃ ကြိမ်ရှိခဲ့ဖူးပါတယ်။ အဲဒါတွေကတော့ ၁၉၆၇ ခုနှစ်၊ ၁၉၈၈ ခုနှစ်နဲ့ အခု ၂၀၂၁ ခုနှစ်တို့ဖြစ်ပါတယ်။ အဲဒီကာလ ၃ ခုအနက်မှာ အခုတကြိမ်ဟာ အနုတ်အားအပြင်းဆုံးဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်မှာ - ၅.၃၇၊ ၁၉၈၈ ခုနှစ်မှာ - ၇.၆ ရှိပြီး အခု ၂၀၂၁ မှာတော့ -၁၇.၉၄ ရှိပါတယ်။ ၁၉၈၈ ခုနှစ်တုန်းကအခြေအနေကို တိုင်းပြည်ချောက်ထဲကျတဲ့ အခြေအနေလို့ မြန်မာ့တပ်မတော်က သုံးနှုန်းလေ့ရှိပါတယ်။ ၁၉၈၈ တုန်းကအခြေအနေကို ချောက်ထဲကျခဲ့တယ်လို့ဆိုရင် အခု ကြုံရတဲ့ စီးပွားရေးထိုးကျမှု ချောက်က အဲဒီတုန်းကချောက်ထက် နှစ်ဆခွဲပိုနက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဘဏ်လုပ်ငန်း အကျပ်အတည်း
စစ်တပ်အာဏာသိမ်းလိုက်တာနဲ့ တပြိုင်နက်တည်းလိုလိုမှာ စီးပွားရေးအကျပ်အတည်းစတင်ပါတယ်။ အဦးဆုံးအကျပ်အတည်းကတော့ ဝန်ထမ်းတွေအားလုံးဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လို့ခေါ်တဲ့ သပိတ်မှောက်တဲ့ အလုပ်ကို စလုပ်ကြတဲ့ စိန်ခေါ်မှုကြောင့် ထွက်ပေါ်လာပါတယ်။ ရုံးလုပ်ငန်းတော်တော်များများ ရပ်ဆိုင်းသွားပါတယ်။ အဲသလို ဝန်ထမ်းတွေ သပိတ်မှောက်ကြတဲ့အထဲမှာ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။
ဘဏ်လုပ်ငန်းကျွမ်းကျင်သူ စီးပွားရေးလုပ်ငန်းရှင်က ဘဏ်အကျပ်အတည်း စတင်ဖြစ်ပေါ်လာပုံကို အခုလိုရှင်းပြပါတယ်။
"ဖေဖော်ဝါရီလဆန်း အာဏာသိမ်းပြီးကတည်းက ပုဂ္ဂလိကဘဏ်နဲ့ အစိုးရဘဏ်တွေရဲ့ ဝန်ထမ်းတချို့ကပါ CDM ဝင်ကြတယ်။ ဝင်ကြတော့ ဘဏ်လုပ်ငန်းတွေလည်း ရပ်သွားကြတာပေါ့။ အဲဒီအချိန်မှာ လူတွေကလည်း ငွေလိုလာတော့ ငွေထုတ်ကြတာပေါ့။ အထူးသဖြင့် ATM တွေမှာ ငွေထုတ်ကြတာပေါ့။ အဲဒီတော့ ATM တွေမှာ ငွေတွေ ပိုဖြည့်လာရတာပေါ့။ ဘဏ်တွေမှာ ငွေထုတ်မယ့်လူတွေ တန်းစီတိုးကြရတဲ့ အဖြစ်အပျက်တွေ ဖြစ်လာကြတယ်။ အဲဒီမှာ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့သူတွေကလည်း ဘဏ်ထဲကနေ ငွေတွေထုတ်ကြမယ်။ ဘဏ်တွေပြိုအောင် လုပ်မယ်၊ တိုင်းပြည်ရဲ့ ဘဏ်လုပ်ငန်းရပ်သွားအောင်လုပ်ကြမယ်ဆိုတဲ့ လှုံ့ဆော်တာမျိုးတွေရှိလာတယ်။ မတ်လ ၁ ရက်နေ့မှာ ဗဟိုဘဏ်က နိုင်ငံရေးအရ ငါတို့ကိုတိုက်ပြီဆိုပြီး ငွေထုတ်တာကို ကန့်သတ်လိုက်တယ်။ သဘောကတော့ နိုင်ငံရေးနဲ့ ဗဟိုဘဏ်ရဲ့လုပ်ငန်းကို ရောထွေးလိုက်တာပေါ့။ ဗဟိုဘဏ်က နိုင်ငံရေးအလုပ် ဝင်လုပ်လာတာ။ အဲသလို စာထုတ်ပြီး ကန့်သတ်တာကိုယ်၌က ဘဏ်တွေကနေ ငွေပိုထုတ်ချင်အောင် လှုံ့ဆော်လိုက်သလို ဖြစ်သွားတယ်လေ။ ဘဏ်တွေကလည်း သူတို့အတွက်လုံခြုံအောင် ပိုလုပ်ကြတာပေါ့။ လူတွေရဲ့ ဘဏ်တွေအပေါ်ယုံကြည်မှုက တော်တော်ဆိုး သွားတယ်။ ဘယ်လောက်အထိ ဆိုးသွားသလဲဆိုတော့ လူတွေဟာ ကိုယ့်ငွေကိုယ် အမြတ်ပေးပြီးပြန်ဝယ်ရတဲ့ အဆင့်အထိဖြစ်သွားတယ်။"
တကယ်လို့ အဲဒီအချိန်တုန်းက ဗဟိုဘဏ်က ဝင်ရောက်စွက်ဖက်မှုမလုပ်ခဲ့ရင်တော့ မြန်မာနိုင်ငံဘဏ်စနစ်ဟာ အဲဒီအချိန်ကတည်းက ပြိုကျသွားနိုင်တယ်လို့ ဒေါက်တာဘွဲ့ရ စီးပွားရေးပညာရှင်က သုံးသပ်ပါတယ်။
"ဘဏ်တွေကငွေထုတ်မပေးဘူး ဆိုတာကလည်း အကုန်ဝိုင်းထုတ်ရင် ဘဏ်တွေထဲမှာလည်း ပိုက်ဆံမရှိပါဘူး။ ဘဏ်တွေပျက်မယ်ပေါ့။ ဘဏ်တွေပျက်ရင် ကုန်စျေးနှုန်းလည်းတက်မယ်ပေါ့။ ဒါ့ကြောင့်မို့သူကထိန်းတဲ့သဘော။ ဒါကမှန်ပါတယ်။ မထိန်းလို့လည်း မရဘူး။ သို့သော် အခုဟာက ထိန်းတာထက်ပိုနေတယ်။ ထိန်းတယ်ဆိုရင်လည်း ထိန်းလေ။ သူတို့ထုတ်ပေးမယ်လို့ ကတိပေးထားတဲ့ ပမာဏကိုတော့ မှန်မှန်ကန်ကန်ထုတ်ပေးကြပေါ့။ အဲဒါကို ထုတ်မပေးတာကတော့ အဓိပ္ပာယ်မရှိတော့ဘူး။ ဘဏ်ထဲကပိုက်ဆံအပြင်ရောက်သွားမှာကိုတောင် လက်မခံနိုင်တဲ့သဘော။ အဲသလိုဘာ့ကြောင့်လုပ်သလဲဆိုတာတော့ ကျွန်တော်လည်း စဉ်းစားလို့မရဘူး။ အဲသလိုလုပ်တဲ့အတွက် ဘဏ်နဲ့ customer အကြားယုံကြည်မှုက ပိုပြီးပျက်ပြားကုန်တယ်။"
ဘဏ်တွေက ငွေထုတ်မပေးတဲ့အတွက် ဘဏ်တွေဆီ ငွေထပ်မံအပ်နှံတဲ့သူလည်း လုံးဝမရှိဘဲ ဖြစ်သွားပါတယ်။ အဲသလိုဖြစ်သွားတဲ့အတွက် ဘဏ်လုပ်ငန်း၊ ဘဏ်ဆောင်ရွက်ချက်မှန်သမျှ ရပ်တန့်လုနည်းပါး ဖြစ်သွားပါတယ်။ အဲဒီအခါမှာ အရင်ငွေကို ထုတ်မပေးပေမဲ့ နောက်ထပ်အပ်နှံမယ့် ငွေကို အကုန်ပြန်ထုတ်ခွင့်ပေးမယ်လို့ ကတိပေးကြေညာပြန်ပါတယ်။ ဘဏ်လုပ်ငန်း ပြန်လည်လည်ပတ်အောင် အသက်သွင်းဖို့ကြိုးစားတာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်ဘဏ်အကျပ်အတည်းကာလတုန်းကလည်း အလားတူ ကြိုးစားအားထုတ်မှုမျိုး လုပ်ခဲ့ဖူးပါတယ်။
ဘဏ်တွေပြိုလဲသွားမှာစိုးလို့ ငွေထုတ်မပေးတာဟာ တကယ်ပဲ ဘဏ်တွေကို ကာကွယ်ရာရောက်ပါသလား။ တကယ်တော့ တခြားနည်းမရှိတော့လို့ မတတ်သာတဲ့အဆုံး သုံးလိုက်ရတဲ့ ဓာတ်ကြမ်းတိုက်ကုသနည်း shock therapy တမျိုးမျှသာြဖစ်ပါတယ်လို့ ပညာရှင်တွေက မြင်ပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ ကုထုံးမဟုတ်ပါဘူး။ အဲသလို ဓာတ်ကြမ်းတိုက် ကုသလိုက်တဲ့အတွက် ယာယီအားဖြင့် ဘဏ်တွေချက်ချင်းပြိုလဲမသွားအောင် ထိန်းလိုက်နိုင်ပေမဲ့ ဘဏ်တွေအပေါ် အများပြည်သူရဲ့ ယုံကြည်မှုပျက်ပြားသွားပါတယ်။
ဘဏ်တွေထဲကို ငွေလာအပ်သူကလည်း စီးပွားရေးလုပ်ငန်းလည်ပတ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပမာဏလောက်ပဲ စာရင်းရှင်အပ်ငွေအဖြစ် အပ်နှံကြပါတယ်။ စာရင်းသေအပ်ငွေ၊ စုဆောင်းငွေလာအပ်သူဟာ မရှိသလောက်နည်းပါးဖြစ်သွားပါတယ်။
၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းမှာတော့ ဘဏ်တော်တော်များများဟာ သူတို့ဖောက်သည်တွေနဲ့ ယုံကြည်မှုပြန်ရအောင် နည်းမျိုးစုံနဲ့ကြိုးစားလာတာတွေ့ရပါတယ်။ ဘဏ်ဝန်ထမ်းတွေဟာ ဘဏ်မှာ ငွေအပ်နှံသူတွေဆီကို တိုက်ရိုက်ဖုန်းဆက်ပြီး ဘာအကူအညီပေးရမလဲ၊ ဘာဆောင်ရွက်ပေးရမလဲဆိုပြီး မေးမြန်းဆက်သွယ်မှုတွေ လုပ်လာတယ်လို့ စီးပွားရေးသမားတွေက ပြန်ပြောပြပါတယ်။ တချို့ဖောက်သည်တွေဆီကို ဘဏ်မန်နေဂျာတွေကိုယ်တိုင် ဆက်သွယ်လာကြပါတယ်။ အဲသလို ပြန်လည်ကြိုးစားကြတဲ့ အတွက် ဘဏ်လုပ်ငန်းကို မပြိုလဲအောင်ထိန်းသိမ်းနိုင်မှာပါလား။ စီးပွားရေးပညာရှင်က အခုလိုသုံးသပ်ပါတယ်။
"ဘဏ်တွေကိုပြိုလဲသွားမှာစိုးလို့ ငွေထုတ်မပေးဘဲ အကာအကွယ်ပေးထားတယ်လို့ပြောတယ်။ အဲသလိုကာကွယ်ပေးလို့ ဘဏ်တွေမပြိုလဲဘူးလားလို့မေးရင် ပြိုလဲမှာပါပဲ။ ဒီတိုင်းသွားရင် ဘဏ်ကပြိုမှာပဲ။ ဘာလို့လဲဆိုတော့ ဘဏ်က သူ့မှာအပ်တဲ့လူမရှိဘူးလေ။ ဒီအပ်တဲ့ငွေမရှိဘဲနဲ့ သူကဘယ်သူ့သွားထုတ်ချေးမလဲ။ ချေးတဲ့လူလည်း မရှိဘူးလေ။ စီးပွားရေးလုပ်ငန်းတွေက မကောင်းကြတော့ ဘယ်သူကမှ ငွေချေးပြီး အလုပ်မလုပ်ကြဘူး။ ချေးတဲ့သူကချေးမယ်ဆိုရင်ရော ဘဏ်ကထုတ်ချေးရဲမလား။ အဲဒီတော့ ဘဏ်မှာ ဝင်ငွေမရှိဘူး။ အဲဒီဝင်ငွေမရှိဘဲ ဘဏ်ကသူ့စရိတ်ကို ဘာနဲ့ပေးမလဲ။ ဘဏ်ဝန်ထမ်းစရိတ်၊ အဆောက်အအုံငှားခ၊ သယ်ယူပို့ဆောင်ခ၊ တခြားအထွေထွေကုန်ကျစရိတ်တွေကို ဘာနဲ့သွားပေးမလဲ။ အဲဒီတော့ ရေရှည်ကျရင်တော့ သူက လုံးပါးပါးပြီးပြုတ်ဖို့ပဲရှိတယ်။"
ဘဏ်တွေဟာ သူတို့ရှင်သန်ရေးအတွက် သူတို့ဘာသာ နည်းလမ်းကြံဆရှာဖွေလာကြရပါတယ်။ အဲသလို ရှာဖွေ ကြံဆလုပ်ဆောင်လာတဲ့ နည်းလမ်းဟာလည်း သူတို့ဘဏ်တခုချင်းစီရဲ့ တကိုယ်ရည် ရှင်သန်ရေးအတွက်သာဖြစ်ပြီး စီးပွားရေးရောဂါကြီးကိုတော့ ကုစားမပေးနိုင်ဘူးလို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ စီးပွားရေးလုပ်ငန်းရှင်က အခုလိုပြောပါတယ်။
"ဘဏ်တွေဟာ သူတို့ရှင်သန်ရေးအတွက် အတော်ရုန်းကန်နေရပြီးတော့ အရေးကြီးတဲ့အပြောင်းအလဲတွေကို တချို့လည်း စလုပ်နေကြပြီ။ ဥပမာ ဝန်ထမ်းလျှော့တာမျိုး၊ အလုပ်ချိန်လျှော့တာမျိုး၊ လစာလျှော့တာမျိုး၊ တချို့ ပိုင်ဆိုင်မှုတွေရောင်းချပြီး ငွေဖော်တာမျိုး၊ ဘဏ်တွေရဲ့ အရွယ်အစားချုံ့တာမျိုး၊ ဘဏ်ခွဲတွေပိတ်ရတာမျိုးတွေ လုပ်လာကြတယ်။ ဒီကြားထဲကကိုပဲ မမျှော်လင့်ပဲနဲ့ ဘဏ်တခုခု ရပ်ဆိုင်းသွားတဲ့ အခြေအနေမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ အဲသလိုသာဖြစ်လာခဲ့ရင် အဲဒီဂယက်ကြောင့် ဘဏ်လောကကြီး ဘဏ်စနစ်ကြီးတခုလုံးပျက်သွားမဲ့အထိ စိုးရိမ်စရာရှိပါတယ်။"
လူထုယုံကြည်မှု၊ စီးပွားရေးအားနဲ့ နိုင်ငံရေးအလားအလာ
လူအများအပြားကတော့ ဘဏ်ကိုယုံကြည်မှု လျော့ကျလာတဲ့အပြင် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးအပေါ်မှာပါ ယုံကြည်မှုနည်းပါးလားတဲ့အတွက် ဘဏ်ကိုငွေပြန်အပ်ဖို့ ဝန်လေးကြပါတယ်။ ဘဏ်ရဲ့ လုပ်ငန်းဆောင်တာထဲမှာ အပ်ငွေလက်ခံတာနဲ့ ချေးငွေထုတ်ချေးတာဟာ အဓိကအခြေခံဆောင်ရွက်ချက်ကြီးတွေဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံကဘဏ်တွေမှာ အဲဒီအခြေခံဆောင်ရွက်ကြီးတွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီးလေးနက်ပါတယ်။ နိုင်ငံခြားက ဘဏ်တွေမှာ ချေးငွေအပေါ်က ပြန်ရတဲ့အတိုးအပြင် ပြင်ပစီးပွားရေးလုပ်ငန်းတွေ၊ စတော့ရှယ်ယာစျေးကွက်တွေမှာ ပြန်လည်ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေလည်း ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲသလို တခြားဝင်ငွေရ နည်းလမ်းဟာ မရှိသလောက်နည်းပါးတယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူစီးပွားရေးလုပ်ငန်းရှင်ကြီးက ဆိုပါတယ်။ ဒေါက်တာဘွဲ့ရ စီးပွားရေးပညာရှင်ကလည်း အဓိကအခြေခံဖြစ်တဲ့ အပ်ငွေလက်ခံခြင်းနဲ့ ချေးငွေထုတ်ချေးခြင်းလုပ်ငန်းပျက်စီးရင် ဘဏ်တွေ ရေရှည်ရပ်တည်ဖို့ဟာ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
ဒါ့အပြင် ဘဏ်လုပ်ငန်းကို စီမံခန့်ခွဲနေကြသူတွေဟာလည်း တခြားနိုင်ငံတွေမှာလို banker လို့ခေါ်တဲ့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ပညာရှင်တွေမဟုတ်ပါဘူး။ ဘဏ်ပညာရှင်တွေထိုင်ရမယ့် ထိုင်ခုံတွေမှာ ထိုင်နေကြတဲ့သူတွေဟာ ချမ်းသာကြွယ်ဝသူ ငွေရှင်ကြေးရှင်စီးပွားရေးသမားတွေသာ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် ဘဏ်လုပ်ငန်းရဲ့ ကျင့်ဝတ်နဲ့မကိုက်ညီတဲ့ကိစ္စတွေ၊ စနစ်မကျတဲ့စီမံခန့်ခွဲမှုတွေကြောင့် မြန်မာနိုင်ငံက ဘဏ်တွေဟာ ဘဏ်မပီသတဲ့ ဘဏ်တွေဖြစ်နေကြသေးတယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ စီးပွားရေးလုပ်ငန်းရှင်ကဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖြစ်ချိန်မှာ အဲဒီအမှားကို ပြန်ပြင်ဖို့ စတင်ကြိုးစားတဲ့ကာလပဲ ရှိသေးတယ်လို့ဆိုပါတယ်။ အဲဒီကာလမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ ဘဏ်လုပ်ငန်းကမောက်ကမဖြစ်စဉ်တွေ ဖြစ်ပွားလာတာပါ။
ဒီတော့ ဘဏ်လုပ်ငန်းကိုပုံမှန်ပြန်လည် လည်ပတ်ဖို့၊ မှားနေတဲ့အမှားကို ပြန်ပြင်ဖို့နည်းလမ်းရှိပါသေးသလား။
"ဒါကြောင့်မို့ ကျွန်တော်တို့ ပြန်ပြီးနေရာကျအောင်လုပ်ဖို့ဆိုရင် ဘဏ်ရဲ့ဖောက်သည်တွေဆီဖုန်းဆက်နေရုံနဲ့ မရဘူး။ ဘာလို့လဲဆိုတော့ လူတွေက မယုံကြည်ဘူးဆိုတာ ဘဏ်တွေကိုတင် မယုံကြည်တာမဟုတ်ဘူး။ တိုင်းပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေးကိုပါ မယုံကြည်တာ။ နိုင်ငံရေးမကောင်းရင် စီးပွားရေးထိခိုက်မှာပဲ။ စီးပွားရေးမကောင်းရင် ဘဏ်တွေကိုမယုံရဘူးဆိုတဲ့ အခြေခံအသိက လူတွေဆီမှာရှိပြီးသား။ အဲဒီတော့ ဘဏ်တွေ နဂိုအခြေအနေပြန်ရောက်ဖို့ အလားအလာကသိပ်မကောင်းဘူး။ ယေဘုယျခြုံပြောရရင် ယုံကြည်မှုနဲ့ ရပ်တည်ရတဲ့ ဘဏ်တွေက အများပြည်သူယုံကြည်မှုပြန်ရဖို့ဆိုရင် တကယ့်ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ နိုင်ငံရေးကောင်းမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှပဲ ရမယ်။"
လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးပဋိပက္ခသာ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် ဘဏ်တွေရပ်တည်နိုင်ဖို့ သိပ်ခက်ခဲတဲ့ အခြေအနေတရပ်ကို ကြုံတွေ့လာရလိမ့်မယ်လို့ စီးပွားရေးပညာရှင်ကရော၊ စီးပွားရေးလုပ်ငန်းရှင်ကပါ သုံးသပ်ကြပါတယ်။