၂၀၁၉ ပြည်သူ့ဂုဏ်ရည်ဆု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရရှိ

၂၀၁၉ ပြည်သူ့ဂုဏ်ရည်ဆု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ

ဓာတ်ပုံ ရင်းမြစ်, Citizen of Burma Award

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ပြည်သူ့ဂုဏ်ရည်ဆု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ

၂၀၁၉ ပြည်သူ့ဂုဏ်ရည်ဆုကို အစိုးရဌာန တခုဖြစ်တဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ က ရရှိပြီး ပြည်သူ့ဂုဏ်ရည် (အထူးဆု) ၄ ဆုကို ဆရာမ ဒေါ်အိအိညိမ်း၊ မဆွတ်ဆိုင်းထွယ်၊ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်နဲ့ Clean Yangon Campaign အဖွဲ့တို့ ရရှိပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆု ( Citizen of Burma Award) ကို အဝေးရောက် မြန်မာတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ရွေးချယ်ခဲ့ပြီး ဧပြီလ ၆ ရက်က ဆုရသူတွေကို ကြေညာခဲ့တာပါ။ ပြည်သူ့ဂုဏ်ရည်ဆုနဲ့ အထူးဆုရှင် ကြေညာဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် Phoenix မြို့မှာ တပြိုင်တည်း ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဆုပေးအပ်ပွဲကိုတော့ ဧပြီလ ၂၈ ရက်နေ့ မန္တလေးမှာ ကျင်းပမှာဖြစ်ပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို ဒီနှစ်အတွက် ဆုရှင်အဖြစ် ရွေးချယ်ခဲ့တာဟာ ဆုပေးရွေးချယ်ရေး အဖွဲ့က ပထမဆုံးအကြိမ် အဖြစ် အစိုးရဌာနကို ရွေးချယ်ပေးအပ်တာလည်း ဖြစ်ပါတယ်။

ဆရာမ ဒေါ်အိအိညိမ်း

ဓာတ်ပုံ ရင်းမြစ်, Citizen of Burma Award

ဓာတ်ပုံ ပုံစာ, ဆရာမ ဒေါ်အိအိညိမ်း

အများအားဖြင့် အစိုးရဌာနအဖွဲ့တွေ အလုပ်မလုပ်တာ၊ လာဘ်စားတာတွေ ရှိနေချိန်မှာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဟာ မြို့တော်ဝန်ရဲ့ ဦးဆောင်မှုနဲ့ ကော်မီဝင်တွေ၊ ဝန်ထမ်းတွေနဲ့ စည်ပင် အဖွဲ့တွေဟာ ကိုယ့်လုပ်ငန်းတာဝန် ကိုယ်လုပ်ကိုင်ကြပြီး၊ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့မှုရှိစွာ စီမံခန့်ခွဲ လုပ်ဆောင်နိုင်တာကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်တာလို့ ဆုရွေးချယ်ရေး ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးကျော်ဝဏ္ဏက ပြောပါတယ်။

" မြို့တော်ဝန်ဟာ သူရဲ့လူမှုကွန်ရက်ကို အကျိုးရှိရှိ အသုံးချပြီး တိုက်ရိုက်ပြည်သူလူထုနဲ့ ဆက်ဆံရေး ဖွင့်တယ်၊ နားထောင်တယ်။ အလုပ်မလာဘဲ လစာထုတ်နေတဲ့ Ghost Labour တွေကို ဦးရဲလွင်က လက်ဗွေစနစ်နဲ့ အလုပ်ဆင်းအလုပ်တက် ကိစ္စကို ထိန်းချုပ်တယ်။ အညစ်အကြေးကိုင် အလုပ်လုပ်ရတဲ့ အလုပ်သမားတွေ အဆင်ပြေအောင် အပိုလုပ်အားခပေးတာ၊ ကျန်းမာရေး ဆေးစစ်ပေးတာ စတဲ့ နည်းစနစ်ကျတဲ့ ခန့်ခွဲမှုတွေ လုပ်နိုင်တဲ့ ကော်မတီတခုလုံးကို အသိအမှတ်ပြုတာ"လို့ ဦးကျော်ဝဏ္ဏက ပြောပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မီဝင်တွေ၊ ဝန်ထမ်းတွေ၊ စည်ပင်နဲ့ ပူးပေါင်းပေးကြတဲ့ ပြည်သူတွေ အုပ်ချုပ်ရေးမှူးတွေရဲ့ ကြိုးစားအားထုတ်မှု၊ ၃ နှစ် အတွင်း မြို့တော်ကို သိသိသာသာ ပြောင်းလဲအောင် အစိုးရ ဌာနတစ်ခုရဲ့ ကြိုးစားမှုကို အသိအမှတ်ပြု ဂုဏ်ပြု ချီးမြှင့်တဲ့အတွက် အထူး ကျေးဇူးတင်တယ်လို့ မန္တလေး မြို့တော်ဝန် ဦးရဲလွင်က သူရဲ့လူမှုကွန်ရက် ဖေ့ဘုတ်မှာ ရေးထားပါတယ်။

ပြည်သူ့ဂုဏ်ရည် (အထူးဆု) ရတဲ့ စေတနာ့ဝန်ထမ်း ဆရာမ ဒေါ်အိအိညိမ်းဟာ မကွေးတိုင်း၊ ပခုက္ကူမြို့ အရှေ့သီရိရွာမှာ လုပ်အားပေး စေတနာ့ဝန်ထမ်း ဆရာမအဖြစ် နှစ်ရှည်အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။

ဆရာမ ဒေါ်အိအိညိမ်းဟာ မွေးကတည်းက ညာဘက်ခြေထောက်နဲ့ ညာဘက်လက် မသန်စွမ်းတဲ့သူပါ။ သူဝါသနာပါပြီး ဆန္ဒပြင်းပြတဲ့ နိုင်ငံ့ဝန်ထမ်းဆရာမ တစ်ယောက်ဖြစ်ဖို့ ၃ ကြိမ် တိုင်တိုင် လျှောက်ထားရာမှာ သူရဲ့မသန်စွမ်းမှုကြောင့် ၃ ကြိမ်လုံး ပယ်ချခံရပေမယ့် လက်မလျော့ဘဲ သူ့ရွာကျောင်းလေးမှာပဲ လုပ်အားပေး ဆရာမအဖြစ် ဆယ်စုနှစ်ကျော် ကိုယ်ကျိုးစွန့် လုပ်ကိုင်နေတဲ့ သူရဲ့စိတ်ဓာတ်ကို အသိမှတ်ပြု ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည် (အထူးဆု) ရ မဆွတ်ဆိုင်းထွယ် (လယ်)

ဓာတ်ပုံ ရင်းမြစ်, Kachin Youths Movement

ဓာတ်ပုံ ပုံစာ, ပြည်သူ့ဂုဏ်ရည် (အထူးဆု) ရ မဆွတ်ဆိုင်းထွယ် (လယ်)

ပြည်သူ့ဂုဏ်ရည် (အထူးဆု) ရ မဆွတ်ဆိုင်းထွယ်ဟာ ကချင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်က ဖြစ်ပွားတဲ့ တပ်မတော်နဲ့ KIA အဖွဲ့ကြား တိုက်ပွဲတွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက်ရေးမှာ ဦးဆောင် ပါဝင်တဲ့ လူငယ်တစ်ဦး ဖြစ်သလို၊ နစ်နာတဲ့သူတွေအတွက် လူငယ်တွေရဲ့ မျှော်လင့်ချက်တွေကို နှစ်ဖက်အဖွဲ့ အကြားမှာ ရဲရဲဝင့်ဝင့် ထုတ်ဖော် ပြောဆိုနိုင်သူဖြစ်လို့ ဂုဏ်ပြုပေးအပ်ခံရတာ ဖြစ်ပါတယ်။

နိုင်ငံတော် လျို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ်ချခံနေရတဲ့ ရိုက်တာသတင်းထောက် ၂ ယောက်ရဲ့ အမှုမှာ ရဲတပ်ဖွဲ့ ထောင်ချောက်ဆင် ဖမ်းဆီးပါတယ်လို့ အမှန်အတိုင်း ဖွင့်ထုတ်ပြောဆိုလို့ ထောင်ချခံခဲ့ရတဲ့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကိုလည်း ပြည်သူ့ဂုဏ်ရည် (အထူးဆု) ပေးအပ်ပါတယ်။

အမှန်တရားအတွက် အနစ်နာခံခဲ့တဲ့သူတွေဟာ အရမ်းနည်းပါးပြီး၊ တိုင်းပြည်အတွက် အမှန်တရားကို ရဲရဲတင်းတင်း ရင်ဆိုင်ပြီးတော့ အနစ်နာခံ ဖော်ထုတ်ဖို့ လိုအပ်နေချိန်မှာ ဒုရဲမှူး မိုးရန်နိုင် ကသတ္တိရှိရှိ အမှန်တရားကို ဖော်ထုတ်ခဲ့လို့ ဂုဏ်ပြုချီးမြှင့် ပေးအပ်တာလို့ ဆုရွေးချယ်ရေး ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးကျော်ဝဏ္ဏက ပြောပါတယ်။

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်

အဝေးရောက် ပြည်ပမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေက သူရဲ့လုပ်ဆောင်ချက်အပေါ် အခုလို အသိအမှတ် ပြုပေးတာ ဝမ်းသာကျေးဇူးတင်တယ်လို့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ထောင်က လွတ်လာပြီးနောက် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှာ နေထိုင်နေပြီး ဈေးအရောင်းအဝယ် လုပ်ကိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဦးမိုးရန်နိုင်က ဆိုပါတယ်။

" အခုကတော့ ထင်းခွဲနေတယ်။ ကျွန်တော် အမှန်တရားကို ဖော်ထုတ်ပြောဆိုသလို ဌာနပေါင်းစုံ၊ နိုင်ငံဝန်ထမ်း အားလုံးလည်း မကြောက်မရွံ့နဲ့ ပြောစေချင်တယ်။ ကြောက်ရွံ့နေရင် မတရား ဖိနှိပ်မှုတွေဆိုတာ ဆက်ပြီး ပေါ်ထွက်ဦးမှာပဲ။ မတရားတာကို ခေါင်းငုံ့ခံနေရင် ကျွန်တော်တို့နိုင်ငံ တိုးတက်မှာ မဟုတ်ဘူး။ မတရားတာကို ကြောက်ရွံ့မနေဘဲ ခေါင်းငုံ့မခံဘဲ ဖော်ထုတ်ဆောင်ရွက် စေချင်တယ်" လို့ ဦးမိုးရန်နိုင်က ပြောပါတယ်။

ပြည်သူ့ဂုဏ်ရည် (အထူးဆု) ကို Clean Yangon Campaign အဖွဲ့လည်း ရရှိခဲ့ပါတယ်။ အမှိုက်ဆိုတာ ရှင်းနေလည်း ပွမှာပါပဲ၊ ဘာထူးမှာလဲဆိုတဲ့ မေးခွန်းတွေကို တွေဝေမနေဘဲ လူငယ်တွေရဲ့ စုပေါင်း အင်အားနဲ့ လုပ်သင့်လုပ်ထိုက်တာကို မဆုတ်မနစ် လုပ်ဆောင်နေတဲ့ လူငယ်တွေရဲ့ စိတ်ဓာတ်ကို ဂုဏ်ပြုပြီး ဆုရွေးချယ် ပေးအပ်တာလို့ ဆုပေးရွေးချယ်ရေး အဖွဲ့က ပြောပါတယ်။

၂၀၁၉ ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို အမေရိကန်ဒေါ်လာ ၁ သောင်း ချီးမြှင့်ပြီး၊ အထူးဆုရှင်တွေကိုတော့ ဒေါ်လာ ၁ ထောင်စီ ချီးမြှင့်တာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန် နဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာ မိသားစုတွေက ရွေးချယ်ခဲ့တာ ဖြစ်ပြီး၊ ပြည်ပရောက် မြန်မာလူမျိုးတွေရဲ့ချွေးနဲစာ၊ သန့်သန့်ရှင်းရှင်း ရှာဖွေထားတဲ့ ရန်ပုံငွေ၊ အလှုငွေတွေနဲ့ ဆုငွေပေးအပ်တာ ဖြစ်တယ်လို့ ဆုပေးရွေးချယ်ရေး အဖွဲ့က ပြောပါတယ်။

Clean Yangon Campaign

ဓာတ်ပုံ ရင်းမြစ်, Citizen of Burma Award

ဓာတ်ပုံ ပုံစာ, Clean Yangon Campaign

ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ပြည့် နှစ်က စတင်ပြီး နှစ်စဉ် ချီးမြှင့်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံက လူမှုသူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ နှစ်စဉ်ရွေးချယ် ချီးမြှင့်ခဲ့တာပါ။

ပထမဆုံး ပြည်သူ့ဂုဏ်ရည် ဆုရှင်အဖြစ် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ရန်ကုန်မြို့အခြေစိုက် မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံက ရရှိခဲ့ပါတယ်။

၂၀၁၈ ပြည်သူ့ဂုဏ်ရည် (အထူးဆု) ၃ ဆု ချီးမြှင့်ရာမှာ နွမ်းပါးပညာရေး အလှုအဖွဲ့ (Care to Poor Education Group)၊ ဒေါက်တာ မြတ်စန္ဒာသန့် (မြင့်မိုရ်မေတ္တာ ခိုနားရာ တည်ထောင်သူ)၊ ယုံကြည်ရာ အသိပညာ ပြန့်ပွားရေးအသင်းတို့ ရရှိခဲ့ပါတယ်။