ရိုက်တာ သတင်းသမားတွေ ထောင်ဖမ်း ခံရတာလို့ ရဲဘက်ကထွက်ဆို

Reuters

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဒုတပ်ကြပ် နိုင်လင်းက အထူးရဲတပ်ဖွဲ့တဦးနဲ့အတူ သတင်းထောက်တွေကို လျှို့ဝှက် စာရွက်စာတမ်း ပေးမယ်ဆိုပြီး ထောင်ဖမ်း ခဲ့ကြောင်း ဒုရဲမှူး မိုးရန်နိုင်က ထွက်ဆိုခဲ့

နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ မြန်မာ ရိုက်တာ သတင်းထောက် ၂ ဦးကို လျှို့ဝှက် စာရွက်စာတမ်းတွေ ပေးမယ်ဆိုပြီး ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့တာ ဖြစ်တယ်လို့ တရားလိုပြ သက်သေ ဒုရဲမှူး မိုးရန်နိုင်က တရားခွင်မှာ ဧပြီလ ၂၀ ရက်နေ့က ထွက်ဆိုခဲ့ပါတယ်။

ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး ရခိုင်ပြည်နယ်က အင်းဒင်ရွာက ရိုဟင်ဂျာ ၁၀ ဦး အသတ်ခံရမှုကို သူတို့ စုံစမ်းနေချိန်ကာလမှာ အခုလို အဖမ်းခံရတာလည်း ဖြစ်ပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ဟာ မော်တောမြို့နယ် အင်းဒင်နယ်မြေ ကင်းစခန်း တပ်ရင်း အမှတ် (၈) မှာ ထမ်းဆောင်ခဲ့ပြီး ရိုက်တာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တဲ့အတွက် ရဲတပ်ကြပ်ကြီး ခင်မောင်လင်း အပါအဝင် တခြား ရဲဝန်ထမ်း လေးဦးနဲ့ အတူ ခေါ်ယူ စစ်ဆေး ထိန်းသိမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ ရဲဝန်ထမ်း လေးဦး နောက်ပိုင်းမှာ လွတ်မြောက်ခဲ့ပေမယ့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းနဲ့အတူ သူ့ကို ဆက်လက် ထိန်းသိမ်းထားကြောင်းကိုလည်း ဒုရဲမှူး မိုးရန်နိုင်က တရားခွင်မှာ ထွက်ဆိုခဲ့တယ်လို့ သတင်းထောက်တွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ဘီဘီစီကို ပြောပါတယ်။

အခုလို ခေါ်ယူ စစ်ဆေးမှုတွေကို ရဲမှူးချုပ် တင်ကိုကိုက ကြီးကြပ်ခဲ့ပြီး နောက်ပိုင်းမှာ ဒုတပ်ကြပ် နိုင်လင်းက အထူးရဲတပ်ဖွဲ့တဦးနဲ့အတူ သတင်းထောက်တွေကို လျှို့ဝှက် စာရွက်စာတမ်း ပေးမယ်ဆိုပြီး ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ကြောင်းကိုလည်း ဒုရဲမှူး မိုးရန်နိုင်က ထွက်ဆိုခဲ့တယ်လို့ ဦးသန်းဇော်အောင်က ပြောပါတယ်။

အခုလို ထွက်ဆိုမှုဟာ ရဲစခန်းထွက်ချက်နဲ့ မကိုက်ညီဘူးဆိုပြီး မယုံကြည်ရတဲ့ သက်သေဖြစ်ကြောင်း တရားလို ရှေ့နေဘက်က ကန့်ကွက်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

Reuters

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဒုရဲမှူး မိုးရန်နိုင်က ရဲဝန်ထမ်းတွေမှာလည်း ရာထူးအရ ဂုဏ်သိက္ခာ ထိန်းသိမ်းမှု ရှိကြောင်းနဲ့ သတင်းထောက်တွေ ထောင်ဖမ်းခံရတာ မှန်ကန်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့

တရားရုံးက အထွက်မှာတော့ ဒုရဲမှူး မိုးရန်နိုင်က ရဲဝန်ထမ်းတွေမှာလည်း ရာထူးအရ ဂုဏ်သိက္ခာ ထိန်းသိမ်းမှု ရှိကြောင်းနဲ့ သတင်းထောက်တွေ ထောင်ဖမ်းခံရတာ မှန်ကန်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဘက်က ထောင်ချောက်ဆင် ဖမ်းဆီးတယ် ဆိုတဲ့ ကိစ္စကို သတင်းထောက်တွေ ဘက်ကလည်း တင်ပြဖို့ စီစဉ်ထားပြီးသား ဖြစ်ပြီး တရားလို ဘက်က ရဲသက်သေနဲ့ အရပ်သား သက်သေတွေကို မေးမြန်းရာမှာလည်း ကွဲလွဲချက်တွေနဲ့ ဖိအားပေးခံရတာတွေ ရှိခဲ့ကြောင်း တွေ့ရှိခဲ့တယ်လို့လည်း ဦးသန်းဇော်အောင်က ပြောပါတယ်။

လက်ရှိ တရားရင်ဆိုင်နေရတဲ့ မြန်မာ ရိုက်တာ သတင်းထောက် ၂ ယောက် အဖမ်းခံရ အပြီးမှာ သူတို့ ဖော်ထုတ်ထားတဲ့ အင်းဒင်ရွာ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းဌာနက အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ အဲဒီ အမှုနဲ့ ပတ်သက်ပြီး စစ်တပ် အရာရှိနဲ့ စစ်သည် ၇ ဦးကို ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒီအမှုကို ဖော်ထုတ်ခဲ့တဲ့ ရိုက်တာ သတင်းထောက် ကို ဝလုံးနဲ့ ကို ကျော်စိုးဦး တို့ဟာ အဖမ်းခံရအပြီးမှာ ရိုက်တာက ချီးမြှင့်တဲ့ ဘေရွန် သတင်းသမားဆု အပါအဝင်၊ စာပေနဲ့ စာနယ်ဇင်း တိုးတက်ရေး PEN America အဖွဲ့ရဲ့ ဘာဘေ လွတ်လပ်စွာ ရေးသားခွင့် ဆိုင်ရာ ဆုနဲ့ အမေရိကန် အမျိုးသား စာနယ်ဇင်း ကလပ်ရဲ့ အိုဘတ်ရွှန် စာပေ လွတ်လပ်ခွင့် ဆုတွေ ရရှိထားပြီး သူတို့ကို လွှတ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုမှုတွေ ဆက်ရှိနေပါတယ်။

ဗီဒီယို ပုံစာ, ရိုက်တာသတင်းထောက်တွေ အဖမ်းမခံရခင် ဘယ်သတင်းကို လိုက်နေခဲ့လဲ