ရိုက်တာ အမှု ဒုရဲမှူး ထောင် တစ်နှစ်ကျ

ဓာတ်ပုံ ရင်းမြစ်, AFP
ရိုက်တာသတင်းထောက်နှစ်ယောက်ကို အကွက်ဆင်ထောင်ဖမ်းတယ်လို့ ထုတ်ပြောခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင် ကို အာဏာပိုင်က ထောင်ဒဏ်တနှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဒုရဲမှူးမိုးရန်နိုင်ဟာ ရဲတပ်ဖွဲ့ စည်းကမ်းချိုးဖေါက်တဲ့အတွက် အခုလို ပြစ်ဒဏ်ပေးအရေးယူရတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရိုက်တာသတင်းထောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရဲတပ်ဖွဲ့တွေက အကွက်ဆင် ထောင်ဖမ်းတယ်လို့ ဧပြီလ ၂၀ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးမှာရော သတင်းသမားတွေကိုပါ ထုတ်ဖေါ်ပြောဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ကို သက်ဆိုင်ရာရဲတပ်ရင်းက ထောင်ဒဏ်တနှစ်ချမှတ်လိုက်တယ်လို့ အကြောင်းကြားလာတဲ့အကြောင်းကို ဒုရဲမှူးမိုးရန်နိုင်ရဲ့ အမျိုးသမီး ဒေါ်တူးတူး က ပြောပါတယ်။
ထိန်းသိမ်းခံနေရဆဲ ရိုက်တာသတင်းထောက်နှစ်ယောက်ဟာ ထောင်ချောက်ဆင် ဖမ်းဆီးခံရတယ်လို့ ဒုရဲမှူးမိုးရန်နိုင် ထွက်ဆိုခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဒုရဲမှူးမိုးရန်နိုင်ရဲ့မိသားစုကိုလည်း အာဏာပိုင်တွေက လိုင်းခန်းက ဖယ်ရှားစေခဲ့ပါတယ်။
ဒုရဲမှူးမိုးရန်နိုင်ဟာ အထက်အရာရှိတွေရဲ့ခွင့်ပြုချက်မရဘဲ မသက်ဆိုင်တဲ့လူတွေကို သတင်းအချက်အလက် ထုတ်ဖော် ပြောဆိုတဲ့အတွက် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ရဲတရားရုံးတခုက ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ကြောင်း ရဲမှူးကြီး မျိုးသူစိုးက ဘီဘီစီကို ပြောပါတယ်။
ရိုက်တာသတင်းထောက်နှစ်ယောက်ဟာ ၂၀၁၇ ဒီဇင်ဘာလက ထောက်ကြန့်မှာ ရဲတပ်ဖွဲ့ဝင်တချို့နဲ့ ချိန်းဆို တွေ့ဆုံ ခဲ့တာပါ။
အဲဒီလိုတွေ့ဆုံတဲ့အခါမှာ ရခိုင်ပြည်နယ်က စစ်တပ်လှုပ်ရှားမှုမှတ်တမ်းတချို့ကို ရဲတပ်ဖွဲ့ဝင်က သတင်းထောက်တွေကို ပေးခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံပြီးအပြန်လမ်းမှာအဖမ်းခံခဲ့ရတာပါ။
သက်ဆိုင်ရာရဲတပ်ဖွဲ့က သတင်းထောက်နှစ်ယောက်ကို လျှို့ဝှက်စာရွက်စာတမ်း လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးလိုက်ပြီး နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။
လာမယ့် မေလ ၂ ရက်နေ့မှာ ရိုက်တာသတင်းထောက်နှစ်ယောက်ကို ရုံးထုတ်မှာဖြစ်ပြီး ဒုရဲမှူးမိုးရန်နိုင်ကိုလည်း မယုံကြည်ရတဲ့သက်သေ ဟုတ်မဟုတ်ဆိုတာကို တရားရုံးက ဆုံးဖြတ်မှာဖြစ်ပါတယ်။
ဒါပေမဲ့ အခုလို ဒုရဲမှူး မိုးရန်နိုင် ထောင်ဒဏ်ကျခံရတဲ့ အတွက် တရားရုံးမှာ လာရောက်စစ်ဆေးမှုခံယူနိုင်မယ့် အခြေအနေကို အတိအကျမသိဘူးလို့ ဒုရဲမှူးမိုးရန်နိုင် အမျိုးသမီးက ပြောပါတယ်။








