ဒုရဲမှူးမိုးရန်နိုင်ကို ဘယ်မှာ ချုပ်ထားတယ်ဆိုတာ မသိရသေး

ဓာတ်ပုံ ရင်းမြစ်, AFP
ရိုက်တာ သတင်းထောက်တွေကို အမှုဆင်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အင်းစိန်တရားရုံးမှာ ထွက်ဆိုချက်ပေးခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ကို ဘယ်မှာ ချုပ်နှောင်ထားတယ်ဆိုတာ လက်ရှိအချိန်မှာ မသိရသေးဘူးလို့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ ညီဖြစ်သူ ကိုရဲဝင့်နိုင်က ဧပြီလ ၂၉ ရက်နေ့က ပြောပါတယ်။
လတ်တလောကာလအတွင်း မိသားစုဝင်တွေက ဒုရဲမှူးမိုးရန်နိုင်ကို တွေ့ခွင့်ရဖို့ ကြိုးစားပေမယ့် တွေ့ခွင့်မရဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။
နေပြည်တော် ရဲလိုင်းခန်းကနေ နှင်ထုတ်ခံရတဲ့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ အမျိုးသမီးကို ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတွေက တွေ့ဆုံဖို့ ရှိနေတယ်လို့လည်း ကိုရဲဝင့်နိုင်က ဘီဘီစီကို ပြောပါတယ်။
ဒုရဲမှူးမိုးရန်နိုင်ကို တပ်ရင်း ၈ မှာပဲ ချုပ်နှောင်ထားတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ယခင်က မီဒီယာတွေကို ပြောခဲ့တာပါ။
ဒုရဲမှူးမိုးရန်နိုင်အမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ရဲမှူးကြီးမျိုးသူစိုးကို ဘီဘီစီက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။
ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး ရခိုင်ပြည်နယ်က အင်းဒင်ရွာက ရိုဟင်ဂျာ ၁၀ ဦး အသတ်ခံရမှုကို သူတို့ စုံစမ်းနေချိန်ကာလမှာ အခုလို အဖမ်းခံရတာလည်း ဖြစ်ပါတယ်။
ဒုရဲမှူး မိုးရန်နိုင်ဟာ မော်တောမြို့နယ် အင်းဒင်နယ်မြေ ကင်းစခန်း တပ်ရင်း အမှတ် (၈) မှာ ထမ်းဆောင်ခဲ့ပြီး ရိုက်တာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တဲ့အတွက် ရဲတပ်ကြပ်ကြီး ခင်မောင်လင်း အပါအဝင် တခြား ရဲဝန်ထမ်း လေးဦးနဲ့ အတူ ခေါ်ယူ စစ်ဆေး ထိန်းသိမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။




