ကရင်ပြည်နယ်ထဲက ရွှေကုက္ကိုအိမ်ရာစီမံကိန်းကို ပြည်နယ်အစိုးရထောက်ခံချက်နဲ့ MIC ခွင့်ပြုခဲ့

ဓာတ်ပုံ ရင်းမြစ်, Bertil Lintner
ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲက နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ ရွှေကုက္ကိုမှာ ဆောက်လုပ်နေတဲ့ အိမ်ရာစီမံကိန်းကို ကရင်ပြည်နယ်အစိုးရနဲ့ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီက ကန့်ကွက်ရန်မရှိဘူးဆိုတဲ့ ထောက်ခံချက်နဲ့ တင်ပြတာကို ခွင့်ပြုခဲ့တာလို့ ပြည်ထောင်စု ရင်းနှီးမြှုပ်နှံှံမှုကော်မရှင်က ပြောလိုက်တာ ဖြစ်ပါတယ်။
'ဒီစီမံကိန်းကို ကျွန်မတို့ဆီ တင်ကတည်းက ကရင်ပြည်နယ် ဝန်ကြီးချုပ် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီး ကန့်ကွက်ရန်မရှိဆိုတဲ့ ထောက်ခံချက်နဲ့ တင်ပြလာခဲ့တာပါ၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကတော့ ပြည်နယ်က တင်ပြတဲ့အတိုင်းပဲ ဆက်လက်ခွင့်ပြုခဲ့တာပါ' လို့ MIC အတွင်းရေးမှူး ဒေါ်မြစန္ဒာက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bertil Lintner
တရုတ်ဖက်စပ် Myanmar Yatai International Holding Group ကုမ္ပဏီက သူရဲ့ မြေဧက ၆၂ ဧကထဲက ၂၅.၅ ဧက ပေါ်မှာ အဆင်မြင့် villa အိမ်ယာတည်ဆောက်ပြီး ပြန်လည်ငှားရမ်းတဲ့ လုပ်ငန်းလုပ်ကိုင်ဖို့ တင်ပြခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ကိုင်ခွင့် ချပေးခဲ့တာ ဖြစ်ပါတယ်။
စီမံကိန်းကို တရုတ်အင်ဂျင်နီယာတွေက ဦးဆောင်ဆောက်လုပ်နေပြီး စီမံကိန်းဧရိယာထဲမှာတော့ တရုတ်စာနဲ့ ရေးထားတဲ့ အဆင့်မြင့် ဇိမ်ခံ ရေကူးကန် ပါတဲ့ လုံးချင်းအိမ်ရာတွေ၊ ဟိုတယ်တွေ၊ ကာဆီနို လောင်းကစားရုံတွေအပြင် တရုတ်စာ ဆိုင်းဘုတ်နဲ့ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ စားသောက်ဆိုင်တွေ နဲ့ တရုတ် အနံ့အသက် ဝေနေတဲ့ မြို့တစ်မြို့လို ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bertil Lintner
ဒီအိမ်ရာစီမံကိန်းမှာ Myanmar Yatai International Holding Group ကုမ္ပဏီက ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ ၂၂.၅ သန်း ပမာဏ ရင်းနှီးမြှုပ်နှံမှု ပြုထားပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့က အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းက စီမံကိန်းမှာ ကရင် နယ်ခြားစောင့်တပ်က ဗိုလ်မှူး စောချစ်သူ ကိုယ်တိုင် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားပြီး ၂၀၁၇ ခုနှစ်ကတည်း မြေကွက်ရိုက် ဆောက်လုပ်နေခဲ့တာ လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bertil Lintner
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဒီစီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လကတည်းက ကုမ္ပဏီကို အနှစ် ၃၀ ခွင့်ပြုချက်နဲ့ လုပ်ကိုင်ခွင့် ချထားပေးခဲ့ပါတယ်။
ရွှေကုက္ကို ဒေသခံတွေကတော့ ဒီဆောက်လုပ်ရေး နယ်မြေကို တရုတ်တန်းနဲ့ ခိုင်းနှိုင်း ပြောဆိုနေကြပြီး တချို့ အဆောက်အဦးတွေမှာ လက်နက် ကိုင်ထားတဲ့ လုံခြုံရေးအစောင့်တွေ၊ တရုတ်လူမျိုးတွေ အများကြီး တွေ့ခဲ့ရတယ်လို့ အဲ့ဒီနေရာကို ရောက်ခဲ့တဲ့ နိုင်ငံခြားသား သတင်းစာဆရာက ပြောပါတယ်။








