အလံတိုင်ဖျက်ဆီးခံရတဲ့ မြန်မာနဲ့ တရုတ် နယ်စပ် ဆက်ဆံရေး

burma

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, တရုတ်မြန်မာ နယ်စပ်တနေရာမှာ

တရုတ်မြန်မာ နယ်စပ် တလျှောက် နယ်စပ် ဆိုင်ရာ အငြင်းပွားမှုတွေ ဖြေရှင်းဖို့ ရည်ရွယ်ပြီး အတူတကွ ကွင်းဆင်း စစ်ဆေးဖို့ နှစ်နိုင်ငံ အရာရှိတွေ ညှိနှိုင်းနေပါတယ်။

နှစ်ဖက် အရာရှိတွေ ပူးတွဲ စစ်ဆေးမှုကို အခု မတ်လအတွင်း စတင်သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဌာန နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် က ပြည်တွင်း သတင်းမီဒီယာ တခုကို ပြောကြား လိုက်ပါတယ်။

NLD အစိုးရ လက်ထက်မှာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ရင်းနှီး နွေးထွေး လာခဲ့ပေမယ့် တရုတ် မြန်မာ နယ်စပ် တလျှောက်မှာလည်း နယ်မြေဆိုင်ရာ အငြင်းပွားမှုနဲ့ လုံခြုံရေး ပြဿနာတွေ မကြာခဏ ပေါ်ပေါက်နေပါတယ်။

တရုတ် မြန်မာ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တရုတ် မြန်မာ နယ်စပ် မူဆယ်မြို့မှာ လက်နက်ကိုင် အဖွဲ့ ဆယ်ဖွဲ့လောက် လှုပ်ရှားနေ

ချင်းရွှေဟော်မှာ မြန်မာ အလံတိုင် ဖျက်ဆီးခံရမှု

ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော် မြို့မှာ တရုတ် နယ်ခြားစောင့်တပ်က တရုတ် မြန်မာ နယ်စပ်မှာ လွှင့်ထူထားတဲ့ မြန်မာ အလံတိုင်ကို ဖျက်ဆီးမှု ဇန်နဝါရီလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ချင်းရွှေဟော်မြို့ အမှတ်(၂) ရပ်ကွက် နယ်နိမိတ် ကျောက်တိုင် အမှတ် BP- 144/3 နဲ့ BP-144/4 ကြား နှစ်နိုင်ငံ နယ် နိမိတ်မျဉ်းနဲ့ လေးမီတာကျော် အကွာမှာ စိုက်ထူ ထားတဲ့ မြန်မာနိုင်ငံ အလံတိုင်နေရာကို တရုတ် နယ်ခြားစောင့် တပ်က လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင် ထားတဲ့ လူ ၁ဝ ဦး ရောက်ရှိလာပြီး အလံတိုင်ခြေမှာရှိတဲ့ အုတ်ခုံကို ဝင်ရောက် ဖြိုဖျက်ခဲ့ပါတယ်။

အခင်းဖြစ်ပွားတဲ့ နေ့မှာပဲ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး အဖွဲ့က ယူနန်ပြည်နယ် ပြည်ပ ဆက်ဆံ ရေးဌာနဆီကို ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ နယ်စပ်မှာ လွှင့်ထူထားသော မြန်မာ အလံတိုင်ကို တရုတ် နယ်ခြားစောင့်တပ်က လက်နက် အပြည့်အစုံနဲ့ လာရောက် ဖျက်ဆီးလိုက်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကို မြန်မာအစိုးရက ဆင့်ခေါ် ဆွေးနွေးခဲ့ပြီး ကန့်ကွက်ခဲ့ပါတယ်။

မြန်မာ-တရုတ် နယ်စပ် ဒေသ များ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူစာချုပ်ကို တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ရင် ဖြေရှင်းနိုင်ရေး အတွက် ၁၉၉၇ ခုနှစ် မှာ နှစ်နိုင်ငံ လက်မှတ်ရေးထိုး ထားခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ် မြန်မာ

ဓာတ်ပုံ ရင်းမြစ်, STR/AFP/GETTY IMAGES

ဓာတ်ပုံ ပုံစာ, လွန်ခဲ့တဲ့ ခြောက်လ အတွင်း တရုတ် မြန်မာ နယ်စပ်မှာ အငြင်းပွားမှု သုံးကြိမ် ဖြစ်ခဲ့

ဇန်နဝါရီ၂၉ ရက်နေ့က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရုတ်ဘက်က လက်နက် ကိုင်ဆောင်ပြီး နှစ်နိုင်ငံ သဘောတူစာချုပ်ကို ဖောက်ဖျက်ခဲ့တဲ့ အတွက် မြန်မာအစိုးရက ပြင်းပြင်း ထန်ထန် ကန့်ကွက် ကြောင်း၊ နောင်မှာ အလားတူ ကိစ္စရပ်တွေ မဖြစ်ပေါ်စေရေး အတွက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အလေးထားကာ ဆောင်ရွက်ပေးဖို့ တရုတ် အစိုးရ ဆီကို အခင်း ဖြစ်ပွားတဲ့ နေ့တုန်းက စာပေးပို့ ခဲ့တယ်လို့ မြန်မာ အာဏာပိုင်တွေက ပြောပါတယ်။

လက်နက်တွေ ကိုင်ဆောင်ပြီး အလံတိုင်အုတ်ခုံကို လာ ဖျက်ဆီးတာဟာ ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ မြန်မာနဲ့ တရုတ် ချုပ်ဆိုထားတဲ့ မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ သဘောတူ စာချုပ် အပိုဒ်(၁၆)၊ အပိုဒ်ခွဲ(၃)ကို အတိအလင်း ဖောက်ဖျက် ကျူးလွန်ရာ ရောက်တယ်လို့ ကန့်ကွက်စာမှာ ဖော်ပြထားပါတယ်။

ဒီစာချုပ်ပါ အပိုဒ် (၁၆)၊ အပိုဒ်ခွဲ(၃)မှာ ဖော်ပြထားတာက "စာချုပ်ဝင် နှစ်နိုင်ငံ၏ အရာရှိများသည် အခြား စာချုပ်ဝင်နိုင်ငံ၏ ကြိုတင် ခွင့်ပြုချက်ဖြင့် ငြိမ်ဝပ်ပိပြားမှု ပူးတွဲ ထိန်းသိမ်းရန် ကိစ္စများမှ တပါး လက်နက်များ၊ ခဲယမ်းမီးကျောက်များ သို့မဟုတ် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအား သယ်ဆောင်၍ အခြားစာချုပ်ဝင်နိုင်ငံ၏ နယ်မြေ အတွင်းသို့ ဝင်ရောက်ခြင်းမပြုရ" လို့ ဆိုထားပါတယ်။

တရုတ် မြန်မာ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တရုတ်မြန်မာ နယ်စပ် မူဆယ်မြို့မှာ လက်နက်ကိုင် အဖွဲ့တွေ အနက် ပန်းဆေး ပြည်သူ့ စစ် အဖွဲ့ ကို လူသိများ

နယ်နိမိတ် အငြင်းပွားမှု ကိစ္စရပ်တွေထဲမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း မူဆယ်မြို့မှာ ရှိတဲ့ ဆင်ဖြူဈေး တည်ဆောက်နေတာကို တရုတ် နယ်ခြားစောင့်တပ်က လက်နက်ကိုင် တွေ ဝင်ရောက်ပြီး လာရောက် ကန့်ကွက်လို့ ရပ်တန့်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ ၁၉ ရက်ကလည်း ရှမ်းပြည်နယ် ပန်ဆန်း(ကြူကုတ်) မြို့နယ်၊ ဖိုင်ကောင်း ကျေးရွာ အတွင်းမှာ တရုတ် ဘက်က မြန်မာပိုင်နက် အတွင်း မီတာ ၃ဝ ကျော် ကျူးကျော် ပြီး သံကွန်ကရိ တံတိုင်း တည်ဆောက် တဲ့ အတွက် နယ်စပ် အငြင်းပွားမှု ဖြစ်ခဲ့ရ ပါတယ်။

ဒါကြောင့် တရုတ်- မြန်မာ နယ်စပ် အငြင်းပွားမှုတွေဟာ ဇန်နဝါရီလ ၂၉ ရက်က ဖြစ်ပွားခဲ့မှု အပါအဝင် ပြီးခဲ့တဲ့ ခြောက်လ အတွင်း အနည်းဆုံး ၃ ကြိမ်ရှိ သွားပြီ ဖြစ်ပါတယ်။

တရုတ် မြန်မာ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကီလို မီတာ ၂၂ဝဝ ကျော် တရုတ် နဲ့ မြန်မာ ထိစပ်နေ

ဝမ်ယီရဲ့ နယ်စပ်ခရီး

ချင်းရွှေဟော် ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီး သီတင်း သုံးပတ်နီးပါး အကြာမှာ တရုတ် နိုင်ငံတော်ကောင်စီဝင် လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီး လည်း ဖြစ်တဲ့ ဝမ်ယီဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ နယ်စပ်မျဉ်းကြောင်းအတိုင်း တရုတ်-မြန်မာနယ်စပ်ရှိ "တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမှတ် (၁) နယ်ခြားမှတ်တိုင်" ကို လမ်းလျှောက်စစ်ဆေးခဲ့တယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံရုံး ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြ ထားပါတယ်။

၁၉၆၀ ပြည့်နှစ်တွေမှာ ပိုင်းခြား သတ်မှတ်ခဲ့တဲ့ တရုတ်-မြန်မာနယ်စပ် ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက် အိမ်နီးချင်းနိုင်ငံနဲ့ ပိုင်းခြားသတ်မှတ်ခဲ့တဲ့ ပထမဆုံးနယ်စပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရုတ်-မြန်မာ အမှတ်(၁) နယ်ခြားမှတ်တိုင်ဟာ ယူနန်ပြည်နယ် ပေါင်စန်းမြို့ ထိန်ချုံးမြို့မှာ ရှိတာ ဖြစ်ပါတယ်။

ဝမ်ယီနဲ့ အတူ တရုတ်နိုင်ငံတော်ကောင်စီ ဒုတိယအတွင်းရေးမှူးချုပ်၊ ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန နယ်စပ်နဲ့ သမုဒ္ဒရာရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ယူနန်ပြည်နယ် ပြည်ပရေးရာရုံး ဌာနမှူး တို့ လိုက်ပါ ခဲ့ပြီး အဲဒီ ခရီးစဉ် အတွင်း တရုတ်-မြန်မာနယ်ခြားမြစ်၊ နယ်ခြားမှတ်တိုင်၊ နယ်စပ်အဆောက်အအုံ တွေ၊ ရွှေလီ နယ်စပ်ဂိတ်၊ တရုတ်-မြန်မာရေနံ ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းနဲ့ "နှစ်ပြည်တစ်ရွာ" နယ်စပ်ရပ်ကွက်တွေကို သွားရောက် လေ့လာစစ်ဆေးကြည့်ရှုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်

ဓာတ်ပုံ ရင်းမြစ်, chinese embassy yangon facebook

ဓာတ်ပုံ ပုံစာ, တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရီ နယ်ခြားမှတ်တိုင်ကို ဆေးချယ်စဉ်

နိုင်ငံရေး သုံးသပ်ချက်

တရုတ်နဲ့ မြန်မာကြား နယ်စပ် တင်းမာမှု ခြောက်လ အတွင်း သုံးကြိမ် ဖြစ်ပွားခဲ့ပြီးနောက် အခုလို တရုတ် နိုင်ငံခြားရေး ဝန်ကြီးက လာရောက် စစ်ဆေးတာဟာ မြန်မာ အနေနဲ့ သတိထား စောင့်ကြည့် ရမယ့် အနေအထား ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောပါတယ်။

မြန်မာ အရေးနဲ့ ပတ်သက်လို့ တရုတ်က စိတ်၀င်စားမှု ပိုမို မြင့်တက်လျက် ရှိသလို မြန်မာ အရေးကိစ္စတွေမှာ တရုတ်က တက်တက်ကြွကြွ ရှိတဲ့ အပြင် မနှစ် နှစ်ကုန် ပိုင်းတုန်းကလည်း ယူနန် ပြည်နယ် ကွမ်းလုံမှာ မြန်မာ အရေးနဲ့ ပတ်သက်လို့ ပါမောက္ခတွေ၊ လေ့လာသုံးသပ်သူတွေ ပါတဲ့ ဆွေးနွေးပွဲ တရပ် ကျင်းပတာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။

အခုလို မြန်မာကို တရုတ် က အာရုံစိုက်နေချိန်မှာ တရုတ် နိုင်ငံခြားရေး ၀န်ကြီးက နယ်စပ်တလျောက် လာရောက် လေ့လာတာဟာ ထူးခြားတယ်လို့ သူက ပြောပါတယ်။

တရုတ်က မြန်မာ့ ငြိမ်းချမ်းရေးအတွက် ဝိုင်း၀န်းကူညီ ဖော် ဆောင်ပေးနေပေမယ့် အစိုးရ သို့မဟုတ် တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ ဆက်ဆံရေး ချောမွေ့မှု မရှိတဲ့ အပေါ် တရုတ် အနေနဲ့ ဘယ်လို ကိုင်တွယ် လုပ်ဆောင်သင့်သလဲ ဆိုတာကို စဉ်းစားနေပုံရတယ်လို့ သူက ဆိုပါတယ်။

တရုတ် မြန်မာ
ဓာတ်ပုံ ပုံစာ, နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး

ကီလို မီတာ ၂၂ဝဝ ကျော် ရှည်လျားတဲ့ မြန်မာ တရုတ် နယ်စပ် တလျှောက် အငြင်းပွားမှုတွေကြောင့် အခုအခါ နယ်စပ် နယ်နိမိတ် မှတ်တိုင်တွေ ထပ်မံ တိုးချဲ့ စိုက်သွားဖို့ ဆွေးနွေး နေတယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာ ဦးစီးဌာန အကြီးအကဲ က ပြောပါတယ်။

တရုတ် မြန်မာ နယ်စပ် နှစ်နိုင်ငံ အတူတကွ ကွင်းဆင်း စစ်ဆေးမှုတွေကို နောက်ဆုံး အနေနဲ့ ၁၉၉၂ ကနေ ၁၉၉၅ အထိ ပြုလုပ်ခဲ့ဖူးပါတယ်။