ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲရှိလို့ အင်တာနက်ပိတ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီဇင်ဘာ ၃၀ ရက် တနင်္ဂနွေ နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် လုံခြုံရေးကို ပိုမို တင်းကျပ်ထားပြီး သိန်းချီတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဖြန့်ချထားပါတယ်။
3G 4G လို မြန်နှုန်းမြင့် မိုဘိုင်းအင်တာနက်ဝန်ဆောင်မှု အသုံးပြုတာတွေကို မဲပေးတာတွေ ပြီးသွားတဲ့ တနင်္ဂနွေနေ့ သန်းခေါင်ယံအထိ တားမြစ်ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။
မတည်ငြိမ်မှုတွေ ဖြစ်စေနိုင်တဲ့ ကောလာဟလ နဲ့ ဝါဒဖြန့် မှုတွေကို တားဆီးဖို့ အခုလို တားမြစ်ထားတာလို့ တယ်လီဖုန်းဆက်သွယ်မှုဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့ သောကြာနေ့က နောက်ဆုံးဖြစ်တဲ့ မဲဆွယ်စည်းရုံးရေး ၁ရ ရက်တာ ကာလအတွင်း အကြမ်းဖက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ရှိတ် ဟာဆီနာဟာ သုံးကြိမ်ဆက်တိုက် အာဏာကို ချုပ်ကိုင်ထားနိုင်ဖို့ ကြိုးစားနေပါတယ်။
သူတို့ကိုထောက်ခံသူတွေ မဲမပေးနိုင်အောင် တားဆီးတဲ့ အနေနဲ့ ဖမ်းဆီးတာတွေ တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ အတိုက်အခံတွေက စွပ်စွဲဝေဖန်ခဲ့ကြပါတယ်။
ဒီလို ဝေဖန် ပြောဆို စွပ်စွဲ ချက်တွေကို လက်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ငြင်းခဲ့ပါတယ်။
BNP ပါတီခေါင်းဆောင်တွေ၊ လှုပ်ရှားသူတွေ အလုပ်သမားတွေ ဖမ်းဆီးထိန်းသိမ်းခံနေကြရတယ်လို့ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ BNPရဲ့ ပူးတွဲ အထွေထွေ အတွင်းရေးမှုး ရာဟူး ကာဘီလ် ရစ်ဇဗီက ပြောပါတယ်။
အဓိက စိန်ခေါ်မှုက လွတ်လပ် မျှတပြီး အများလက်ခံယုံကြည်နိုင်လောက်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အရေးကြီးတယ်လို့လည်း သူက ဆိုပါတယ်။
ဒါ့အပြင် ဒီလို ဖြစ်လာဖို့ ရွေးကောက်ပွဲ ကော်မရှင်ဟာ သမာသမတ်ကျပြီး အနှောင်အဖွဲ့ကင်းတဲ့ အခန်ကဏ္ဍကနေ ပါဝင်ရမှာ ဖြစ်တယ်လို့ အတိုက်အခံ ပါတီ ပူးတွဲ အထွေထွေ အတွင်းရေးမှူးက ထောက်ပြ ထားပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကို အတိုက်အခံ တွေက သပိတ်မှောက် ထားခဲ့ကြပြီး အဲဒီရွေးကောက်ပွဲမှာ မဲလာ ပေးတဲ့သူ နည်းပါးတဲ့ အပြင် အတိုက်အခံ တွေရဲ့ အကြမ်းဖက် အဓိကရုဏ်း တွေကြောင့် အနည်းဆုံး လူ ၂ဝ လောက် သေဆုံး ခဲ့ရပါတယ်။
အဲဒီတုန်းက မဲရုံ ၁၅ဝ ကျော် ကိုလည်း ရပ်ဆိုင်း ထားခဲ့ ရပြီး ဒါကာ မြို့တော်က မဲရုံ တွေမှာ ဗုံး ၂ လုံး လောက် ကွဲ ခဲ့ပါတယ်။
တချို့ နေရာ တွေမှာ ဆိုင် ရသေနတ်နဲ့ ပစ်ခတ် ဟန့်တား ခဲ့ရတယ်လို့ ရဲက ထုတ် ဖော်ပြောကြားခဲ့ဖူးပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကျင်းပဖို့ တရက်အလို အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ နိုင်ငံအနှံ့က မဲရုံ ၃၀ လောက် မီးရှို့ ဖျက်ဆီး ခံခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ အတိုက်အခံ ဘီအန်ပီ ပါတီ နဲ့ တခြား အတိုက်အခံတွေကရွေးကောက်ပွဲဟာ မသမာဘူးလို့ ပြောပြီး အရင် ရွေးကောက်ပွဲကို သပိတ်မှောက်ထားခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီရွေးကောက်ပွဲတုန်းက အာဏာရ အာဝါမီ လိဂ် ပါတီပဲ ဆက်နိုင်ပြီး ၊ ဝန်ကြီးချုပ် Sheikh Hasina ပဲ အာဏာ ဆက်ရနေမှာ ဖြစ်တယ်လို့ လေ့လာ သူတွေက သုံးသပ်ထားခဲ့ကြရာမှာ နိုင်ငံရေး သုတေသီတွေ သုံးသပ်ခဲ့ကြတဲ့ အတိုင်း ဖြစ်လာခဲ့ပါတယ်။