ရိုဟင်ဂျာတွေ ပြန်ပို့ရေး မြန်မာအချိန်ဆွဲတယ်လို့ ဟာစီနာ စွပ်စွဲ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ က သူ့နိုင်ငံ နယ်စပ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော်ကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရေးမှာ မြန်မာနိုင်ငံအနေနဲ့ ဆင်ခြေအသစ်တွေ ပြပြီး နှောင့်နှေးအောင် လုပ်နေတယ်လို့ စွပ်စွဲ လိုက်ပါတယ်။

သူ့နိုင်ငံမှာ လူတွေပြည့်နေပြီဖြစ်လို့ မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို တသက်လုံး နေခွင့် ပေးဖို့တော့ မဖြစ်နိုင်ဘူးလို့ မစ္စစ် ဟာစီနာက ဆိုလိုက်ပါတယ်။

လူ ၇ သိန်းဟာ ပြည့်ကျပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။

အဲဒီလူတွေအတွက် အမြဲတမ်းအဆောက်အဦတွေ ဆောက်ပေးဖို့လည်း လက်ခံနိုင်စရာ မရှိဘူးလို့ ရှိတ်ဟာစီနာ က ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ က ရိုက်တာသတင်းဌာန က မေးမြန်းချက်ကို ဖြေကြားရာမှာ အခုလို ပြောကြားလိုက်တာပါ။

လက်တွေ့မှာ ဘာမှ မလုပ်ဘူး

ဝန်ကြီးချုပ် ဟာစီနာ က ပြောကြားရာမှာ မြန်မာနိုင်ငံနဲ့ ဆွေးနွေးလိုက်ရင် မြန်မာဘက်က သဘောမတူတာ ဘာမှ မရှိဘူး။ အကုန်သဘောတူတာချည်းပဲ။ ခက်တာက လက်တွေ့မှာ ဘာမှ မလုပ်ဘူး၊ အကောင်အထည် မဖော်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေကို ဘယ်လိုအခြေအနေကြောင့်မှ ဘင်္ဂလားဒေ့ရှ်မှာ အမြဲတမ်း နေထိုင်ခွင့် တော့ ပြုမှာ မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။

သူ့နိုင်ငံမှာ လူဦးရေ စုစုပေါင်း သန်း ၁၆ဝ ရှိတဲ့ အတွက် နဂိုကတည်းက လူဦးရေထူထပ်ပြီး ကျပ်တည်းနေပြီးသား ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် ဟာစီနာ ကဆိုပါတယ်။ နောက်ထပ် ဝန်ထုပ်ဝန်ပိုးကို ထမ်းဖို့ရာ သူ့နိုင်ငံအနေနဲ့ မတတ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

တနေ့က ကုလသမဂ္ဂမှာ လုပ်ခဲ့တဲ့ ဒုက္ခသည်များအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်မှု အစည်းအဝေးမှာလည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား ဒုက္ခသည်တွေ ပြန်ပို့နိုင်ရေးအတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက သဘောတူညီချက်တွေ ရထားခဲ့ပေမယ့် လက်တွေ့မှာ နယ်စပ်မျဉ်းပေါ်က ဒုက္ခသည် တရာကျော်လောက်သာ ပြန်လာပါသေးတယ်။

ဒုက္ခသည်တွေ ပြန်လာရေးဟာ လုံးဝ အကောင်အထည် မပေါ်သေးပါဘူးလို့ ပြောကြားခဲ့ပါတယ်။

ရန်ဖြစ်မနေချင်

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် မစ္စစ် ဟာစီနာက သူ့အနေနဲ့လည်း ဒီဇင်ဘာမှာ ရွေးကောက်ပွဲ ရှိနေတဲ့ အတွက် မြန်မာနဲ့ ဒုက္ခသည်အရေးမှာ ရန်ဖြစ်မနေချင်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာချုပ်ကိုင်ထားတဲ့ မြန်မာစစ်တပ်တို့ အပေါ်မှာ သည်းခံနိုင်မှု အတိုင်းအတာဟာ တဖြည်းဖြည်း နည်းပါးလာပြီလို့ ဆိုပါတယ်။

မြန်မာအစိုးရ ကတော့ ဒုက္ခသည်တွေကိုပြန်လက်ခံဖို့ စီစဉ်ထားပြီးသား လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့မယ်ဆိုတဲ့ ပထမအသုတ် လူ ၈ဝဝဝ ကျော်စာရင်းထဲက ၄ဝဝဝ ကျော်ကို စိစစ်ပြီး ဖြစ်တဲ့ အတွက် ပို့နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ကို ပြောထားပြီးသားလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့် ရဲစခန်းတွေကို အာဆာ အဖွဲ့က ဝင်တိုက်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံရှာဖွေပြီး နယ်မြေ ရှင်းလင်းမှုအတွင်း ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။