၇ ရက်ကြာ ဘင်္ဂလားဒေ့ရှ် ကျောင်းသားဆန္ဒပြပွဲ တိုက်ခိုက်ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာပြုလုပ်နေတဲ့ ကျောင်းသားတွေဦးဆောင်တဲ့ ၇ ရက်ကြာ မြင့်လာပြီဖြစ်တဲ့ ဆန္ဒပြပွဲဟာ တိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံးကျောင်းသား ၂၅ ဦးဟာ ဒဏ်ရာရခဲ့ပါတယ်။

ကျောင်းသားတွေကို အခုလို တိုက်ခိုက်ခံရမှုဟာ ဘယ်သူတွေက လုပ်ဆောင်တယ်ဆိုတာ ရှင်းရှင်းလင်းမသိရဘဲ ဒေသတွင်းမီဒီယာတွေကတော့ အာဏာရအစိုးရနဲ့ ဆက်နွှယ်မှုရှိတဲ့ ကျောင်းသားအုပ်စု တစ်စုကို ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အပြစ်တင် ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်းက ဘတ်စကားအတိုက်ခံရမှုကြောင့် ကျောင်းသား ၂ ဦး သေဆုံးခဲ့ရပြီးနောက်ပိုင်း ယာဉ်နဲ့ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ထောင်နဲ့ချီ ကျောင်းသားတွေဟာ လမ်းပေါ်ထွက်လာခဲ့ပြီး တောင်းဆိုဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။

အစိုးရဟာ ကျောင်းသားဆန္ဒပြပွဲကို တုံ့ပြန်နိုင်ဖို့အတွက် အင်တာနက်လိုင်းတွေကို ဖြတ်တောက်ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။

အစိုးရက ကျောင်းသားတွေကို ဆန္ဒပြပွဲကို စွန့်ခွာပြီး စာသင်ခန်းကိုပြန်ဖို့ ဆော်သြနေချိန်မှာပဲ သယ်ယူပို့ဆောင်ရေးလုပ်ငန်းက လုပ်သားတွေရဲ့ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်နေတာပါ။

သတင်းတွေအရတော့ ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ စနေနေ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံး ၊ ရာဘာကျည်တို့နဲ့ ဖြိုခွင်းခဲ့တယ်လို့ ဆိုပေမယ့် ရဲတပ်ဖွဲ့ကတော့ အဲဒီကိစ္စတွေအပေါ် ငြင်းဆန်ထားပါတယ်။

ဒဏ်ရာရသူအနည်းဆုံး ၁၀ဝ ကျော် ရှိတယ်လို့ မျက်မြင်သက်သေတဦးဖြစ်တဲ့ ဆရာဝန်တဦးကပြောကြောင်း အေအက်ဖ်ပီ သတင်းကလည်း ဖော်ပြပါတယ်။

ဒဏ်ရာရသူတွေထဲက အနည်းငယ်ဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမျိုးမှာ ရှိနေပြီး တချို့ဟာ ရာဘာကျည်ဆံထိမှန် ဒဏ်ရာရထားတာ ဖြစ်တယ်လို့ ဒေါက်တာ အဗ္ဗဒူလ်ရှာဘာက အေအက်ဖ်ပီကို ပြောပါတယ်။

အစိုးရနဲ့ နီးစပ်တဲ့ ကျောင်းသားအဖွဲ့အစည်းဖြစ်တဲ့ ချက်ထရာလိဂ်အဖွဲ့ရဲ့ ဆန္ဒပြသူတွေကို ရိုက်နှက်မှုတွေအတွင်း သတင်းယူနေတဲ့ ဒေသခံ သတင်းထောက်အချို့ပါ ရိုက်နှက်ခံခဲ့ရတယ်လို့ ဒေသခံ သတင်းထောက်တွေက ဘီဘီစီကို ပြောပါတယ်။

သတင်းထောက်တွေရဲ့ ကင်မရာတွေလည်း ဖျက်ဆီးခံခဲ့ရတာပါ။

အမျိုးသမီးသတင်းထောက်တဦးကတော့ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ သူမရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။