ဥပဒေ လိုက်နာဖို့ တူရကီကို အီးယူ အရာရှိ ပြော

ဓာတ်ပုံ ရင်းမြစ်, AFP
တူရကီ အာဏာသိမ်းဖို့ ကြိုးစားမှု ပေါ်ပေါက် ခဲ့ပြီးနောက် ပထမဆုံး တူရကီကို ရောက်လာတဲ့ ဥရောပ သမဂ္ဂ အဆင့်မြင့် အရာရှိ တစ်ဦးက တူရကီ အနေနဲ့ ဥရောပ စံနှုန်းနဲ့ ကိုက်ညီတဲ့ လူ့အခွင့်အရေး ဥပဒေတွေအတိုင်း လိုက်နာ ဆောင်ရွက် သင့်တယ်လို့ တိုက်တွန်း လိုက်ပါတယ်။
ဥရောပ ကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ Thornbjorn Jagland က အန်ကာရာ မြို့တော်မှာ တူရကီ အစိုးရ ထိပ်ပိုင်း အရာရှိတွေနဲ့ တွေ့ဆုံစဉ် ခုလို ပြောလိုက်တာပါ။
အာဏာသိမ်းဖို့ ကြိုးပမ်းမှု နောက်ကွယ်က လက်သည်တွေကို တူရကီ အနေနဲ့ အရေးယူဖို့ လိုတယ် ဆိုတာကို နားလည်ပေမယ့် ဥပဒေအတိုင်း ဆောင်ရွက်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
ခုချိန်အထိ တူရကီ အစိုးရက အဲဒီ အမှုနဲ့ ဆက်နွယ်တယ်လို့ သံသယရှိတဲ့ လူပေါင်း ၅ သောင်းကျော်ကို ဖမ်းဆီးတာ ဖြုတ်ထုတ်တာတွေ လုပ်ခဲ့ပြီး ဖြစ်ပါတယ်။
အဓိက ကြိုးကိုင်သူလို့ တူရကီ အစိုးရက စွပ်စွဲတဲ့ အမေရိကန်ရောက် ဘာသာရေး ခေါင်းဆောင် Fethullah Gulen ကတော့ အဲဒီ အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ ပါဝင် ပတ်သက်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆို ထားပါတယ်။
တူရကီကို ရောက်နေတဲ့ မစ္စတာ Jagland ကို တူရကီ အရာရှိတွေက အနောက် မဟာမိတ်တွေရဲ့ ထောက်ပံ့မှု လုံလုံလောက်လောက် မရတဲ့အကြောင်း ပြောဆိုနိုင်ခြေ ရှိတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။




