ဒုက္ခသည် အခြေအနေ တိုးတက်ဖို့ ကုလတောင်းဆို

ဓာတ်ပုံ ရင်းမြစ်, EPANIKOS ARVANITIDIS
ဒုက္ခသည် အရေး သဘောတူညီမှု တွေ နောက်တပတ် စတင် မသက်ဝင်ခင်မှာ ဂရိနဲ့ တူရကီ က ဒုက္ခသည်တွေ အခြေအနေကို တိုးတက်အောင် လုပ်ဖို့ UNHCR ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ က တောင်းဆို လိုက်ပါတယ်။
ဂရိ ကျွန်းတွေပေါ် ရောက်လာတဲ့ ဒုက္ခသည်တွေကို တူရကီက ပြန်ခေါ်ပေးဖို့ ဥရောပ သမဂ္ဂက တူရကီ အစိုးရနဲ့ မကြာခင်က သဘောတူညီ ခဲ့ပါတယ်။
ဒုက္ခသည်တွေကို ပြန်ပို့တာတွေ မစခင်မှာ လိုအပ်ချက်တွေ အားလုံး ဖြည့်ဆည်း ပေးထားဖို့ ဂရိနဲ့ တူရကီ အစိုးရ တွေကို တောင်းဆို ကြောင်း MELISSA FLEMING က ပြောပါတယ်။
၂ ဘက်စလုံးမှာ လိုအပ်ချက် ကြီးကြီးမားမား ရှိနေတယ်လို့လည်း UNHCR က ပြောပါတယ်။
လက်ဇ်ဘော့ဇ် ကျွန်း ပေါ်မှာ ဒုက္ခသည်တွေ အမိုးအကာမရှိ အိပ်နေကြရပြီး စားစရာ သောက်စရာ အလုံအလောက် မရှိဘူးလို့ ပြောပါတယ်။
ဂရိ ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ ရွှေ့ပြောင်း ဝင်လာသူတွေ ကြား ခိုက်ရန် ဖြစ်မှုတွေ ရှိနေတယ် လို့လည်း UNHCR က ဆိုပါတယ်။
ဆီးရီးယားနဲ့ အာဖဂန် လူမျိုးတွေကြား ရန်ပွဲကြောင့် Chios ကျွန်း ပေါ်မှာ လူ ၃ ယောက် ဆေးရုံ တင်ရတယ် လို့ ဂရိ သတင်းစာ တွေက ရေးပါတယ်။
တူရကီ ကနေ ထောင်နဲ့ချီတဲ့ ဒုက္ခသည် တွေကို ဆီးရီးယား ဘက် ပြန် မောင်းထုတ် နေတယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ပြောပါတယ်။
ဒါဟာ နိုင်ငံတကာ ဥပဒေ တွေကို ချိုးဖောက်ရာ ကျတယ်လို့လည်း Amnesty က ဆိုပါတယ်။
ဇန်နဝါရီ လလယ် ကစပြီး တူရကီ တောင်ပိုင်းမှာ ဆီးရီးယား တွေ တရက်ကို အယောက် တရာ လောက် ပြန်ပို့ ခံနေရတယ်လို့ Amnesty က သုတေသီ တွေက ဆိုပါတယ်။
တူရကီ နိုင်ငံဟာ ဆီးရီးယား ဒုက္ခသည်တွေ အတွက် လုံခြုံတဲ့ နိုင်ငံ မဟုတ်ဘူး လို့လည်း Amnesty က ဆိုပါတယ်။
ဒုက္ခသည်တွေကို သူတို့ သဘော မပါဘဲ ပြန်ပို့ နေတာ မဟုတ်ပါဘူး လို့ တူရကီ အစိုးရက ပယ်ချ ခဲ့ပါတယ်။








