ဒုက္ခသည်တွေကို လိုအပ်ရင် လက်ခံမယ်လို့ တူရကီပြော

turkey
ဓာတ်ပုံ ပုံစာ, တူရကီနယ်စပ်မှာ ဒုက္ခသည် ၃ သောင်းကျော်ရှိ

တူရကီအနေနဲ့ ဆီးရီးယားက အလက်ပိုမြို့ တိုက်ပွဲတွင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လိုအပ်ရင် နိုင်ငံတွင်း ဝင်ခွင့်ပေးဖို့ အသင့်အနေအထားရှိတယ်လို့ တူရကီသမ္မတ ရီချက် တေယစ် အာဒိုဝမ်က ပြောပါတယ်။

ဒါပေမယ့် တူရကီဟာ ဆီးရီးယားဘက်ခြမ်းမှာ ရှိနေတဲ့ ဒုက္ခသည်တွေကို အစားအစာနဲ့ အမိုးအကာ အကူအညီတွေ ပေးနေပါတယ်။

တူရကီအနေနဲ့ သူ့နယ်စပ်တံခါးလုံခြုံရေးအတွက် ကြိုးပမ်းနေရသလို တစ်ဘက်မှာလည်း ဒုက္ခသည်တွေကို လက်ခံဖို့ ဥရောပသမဂ္ဂ အီးယူရဲ့ ဖိအားပေးမှု ခံနေရတယ်လို့ အဲဒီနယ်စပ်မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တူရကီဟာ ဆီးရီးယားဒုက္ခသည် ၂ သန်းလောက်ကို လက်ခံထားပြီးသား နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း အလက်ပိုမြို့အနီး အစိုးရတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် လူ ၄၀၀ လောက် သေဆုံးခဲ့ရတယ်လို့ ဆီးရီးယားတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။