မြောက်ကိုရီးယားက တာလတ်ပစ် ဒုံးနှစ်ခု ပစ်လွှတ်လိုက်

ဓာတ်ပုံ ရင်းမြစ်, Reuters
နျူကလီးယား ထိပ်ဖူးနဲ့ မစ်ဆိုင်းဒုံးတွေ နောက်ထပ် စမ်းသပ် ပစ်လွှတ်ဖို့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်မ် ဂျုန်အန်းက အမိန့်ပေးခဲ့အပြီး ရက်ပိုင်း အတွင်းမှာပဲ နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းနားက ပင်လယ်ပြင်ထဲကို တာလတ်ပစ် ဒုံးကျည်နှစ်ခု မြောက်ကိုရီးယား အစိုးရက ပစ်လွှတ်လိုက်တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။
ဒေသတွင်း တင်းမာမှုတွေ တိုးပွားမလာအောင် ရှောင်ကြဉ်ဖို့ မြောက်ကိုရီးယားအစိုးရကို အမေရိကန်က တုန့်ပြန်တောင်းဆိုလိုက်ပါတယ်။
ဇန္နဝါရီလတုန်းက စတုတ္ထမြောက် နျူကလီးယား စမ်းသပ်မှုကို မြောက်ကိုရီးယား လုပ်ခဲ့အပြီး ကိုရီးယား ကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေပါတယ်။
အခုလမှာတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနဲ့ အမေရိကန်က မြောက်ကိုရီးယား အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုသစ်တွေ လုပ်မယ်လို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။




