တရုတ်မှာ လူ ၃ သိန်းကို အဂတိမှုနဲ့ ပြစ်ဒဏ်ချခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ် နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အတွင်းက အရာရှိပေါင်း ၃၀၀,၀၀၀ နီးပါးကို အကျင့်ပျက် ခြစားမှုတွေနဲ့ ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ တရုတ် ကွန်မြူနစ် ပါတီက ပြောပါတယ်။
အဲဒီ အထဲက အရာရှိ ၂၀၀,၀၀၀ လောက်ကို အပေါ့စား ပြစ်ဒဏ်တွေ ပေးခဲ့ပြီး ၈၀,၀၀၀ လောက်ကိုတော့ ပိုကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ် ခဲ့တယ်လို့ ဆိုပါတယ်။
တရုတ် သမ္မတ ရှီကျင်းပင် လက်ထက်မှာ အမှတ်ယူစရာ လုပ်ဆောင်ချက် အဖြစ် အဂတိမှု တိုက်ဖျက်ရေး အစီအစဉ်ကို ဆောင်ရွက် ခဲ့တာပါ။
အဲဒီလို အကျင့်ပျက် ခြစားမှုနဲ့ ဖမ်းဆီး ထောင်ချ ခံရသူတွေထဲမှာ ထိပ်ပိုင်းက နိုင်ငံရေး သြဇာကြီးသူ အများအပြားလည်း ပါဝင် ခဲ့ပါတယ်။
တချို့ သုံးသပ်သူတွေ ကတော့ ကွန်မြူနစ် ပါတီ အနေနဲ့ သြဇာကြီးထွား လာတဲ့ အရာရှိတွေကို နှိပ်ကွပ်ဖို့ နည်းလမ်း တစ်ခုအဖြစ် အဂတိမှု တိုက်ဖျက်ရေး အစီအစဉ်ကို သုံးနေတာလို့ မှတ်ယူကြပါတယ်။




