အန်ကာရာ ဗုံးခွဲမှု၊ ဆီးရီးယားထဲက ကာ့ဒ်တွေကို စွပ်စွဲ

ဓာတ်ပုံ ရင်းမြစ်, Getty
တူရကီနိုင်ငံ၊ အန်ကာရာ မြို့မှာ ၂၈ ဦး သေဆုံးခဲ့ရတဲ့ ဗုံးခွဲ တိုက်ခိုက်မှုဟာ ဆီးရီးယား အခြေစိုက် ကာဒစ်ရှ် ပြည်သူ့စစ် YPG တွေရဲ့ လက်ချက် ဖြစ်တယ်လို့ တူရကီ ဝန်ကြီးချုပ် အာမတ် ဒဝူတိုလူ က ပြောပါတယ်။
အဲဒီ ကာဒ့် တိုက်ခိုက်ရေးသမား တွေကို တူရကီထဲက မတရားအသင်း ကြေညာထားတဲ့ ကာ့ဒ် အလုပ်သမား ပါတီ PKK က ကူညီခဲ့တယ်လို့ အာမတ် ဒဝူတိုလူက ပြောပါတယ်။ ဒါပေမယ့် YPG ကတော့ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုပါတယ်။
စစ်သားတွေ တင်လာတဲ့ ယာဉ်တန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အဲဒီ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး လူ ၁၄ ဦးကို ဖမ်းဆီး ထားတယ်လို့ တူရကီက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေပိုင်းက အန်ကာရာမြို့မှာ တူရကီ စစ်ယာဉ်တန်း တစ်ခု အစိုးရ အဆောက်အအုံတွေ အနီး ဖြတ်သွားစဉ် တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပြီး ၂၈ ဦး သေဆုံးကာ ၆၁ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
သေဆုံးသူတွေ ထဲက ၂၆ ယောက်က စစ်သားတွေ ဖြစ်ပြီး အသုဘ အခမ်းအနားတွေကို ကြာသပတေးနေ့မှာ လုပ်မယ်လို့ မစ္စတာ ဒဝူတိုလူက ပြောပါတယ်။
တချိန်တည်းမှာပဲ တူရကီ အရှေ့တောင်ပိုင်းမှာလည်း နောက်ထပ် တူရကီ စစ်ယာဉ်တန်း တစ်ခု ထပ်မံ တိုက်ခိုက် ခံရလို့ အနည်းဆုံး စစ်သား ၆ ဦး သေဆုံး သွားပါတယ်။




