ဆီးရီးယား အတွက် ကူငွေ ဘီလျံချီ တောင်းခံ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီးရီးယား စစ်ဘေးသင့် ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ ရည်ရွယ်တဲ့ နိုင်ငံတကာ အလှူရှင်များ ညီလာခံကို ကမ္ဘာ့ ခေါင်းဆောင်တွေက လန်ဒန်မြို့မှာ ဖွင့်လှစ်ခဲ့ပြီး စတာလင် ပေါင် ဘီလျံနဲ့ ချီတဲ့ ကူငွေတွေကို အရေးပေါ် တောင်းခံ လိုက်ပါတယ်။
ဆီးရီးယား ဒုက္ခသည်တွေ အတွက် အသက်ကယ် အကူအညီတွေ အရေးတကြီး လိုအပ် နေတယ်လို့ ယူကေ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောပါတယ်။
ဂျာမနီက ဒေါ်လာ ၂.၆ ဘီလျံ ကူညီဖို့ ကတိပေးခဲ့ပြီး ယူကေ ကတော့ ဒေါ်လာ ၁.၇ ဘီလျံ ကူညီမယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဆီးရီယား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဂျီနီဗာမှာ ဗုဒ္ဓဟူးနေ့က ရပ်ဆိုင်းသွားရတဲ့ ကိစ္စနဲ့ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်နေတဲ့ အခြေအနေတွေက ဒီညီလာခံကို အရိပ်ထိုး နေခဲ့ပါတယ်။
ဆီးရီးယား အစိုးရက သူ့ရဲ့ ထိုးစစ်ကို ရုရှားရဲ့ လေကြောင်း ပစ်ကူတွေနဲ့ အလက်ပိုမြို့ မြောက်ပိုင်းမှာ ဆက်လက် ပြုလုပ်နေပါတယ်။
ဗုံးကြဲ တိုက်ခိုက်မှုတွေကနေ ထွက်ပြေးလာတဲ့ ဆီးရီးယား ဒုက္ခသည် ၇ သောင်းလောက် တူရကီဘက်ကို ဦးတည် လာနေတယ်လို့လည်း တူရကီ ဝန်ကြီးချုပ်က ပြောပါတယ်။




