တရုတ်မှာ ၇.၆ ဘီလျံ လိမ်လည်မှု၊ ၂၁ ဦးကို ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Getty
တရုတ် နိုင်ငံမှာ ရင်းနှီး မြှုပ်နှံသူပေါင်း ၉ သိန်းရဲ့ မြှုပ်နှံငွေ ၇.၆ ဘီလျံကို အွန်လိုင်း ဘဏ္ဍာရေး ကုမ္ပဏီ တစ်ခုက လိမ်လည် ရယူခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး လူ ၂၁ ဦးကို တရုတ် အာဏာပိုင်တွေက ဖမ်းဆီး လိုက်ပါတယ်။
Ezubao ဆိုတဲ့ အဲဒီ ကုမ္ပဏီဟာ အွန်လိုင်း ကနေ ငွေချေးတဲ့ အယောင်ဆောင် ကုမ္ပဏီ ဖြစ်တယ်လို့ တရုတ်ပိုင် သတင်းဌာနက ပြောပါတယ်။
အဲဒီ ကုမ္ပဏီက ဝက်ဘ်ဆိုက်ကနေ ကမ်းလှမ်း ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ၉၅ ရာခိုင်နှုန်းကျော်ဟာလည်း အတုအယောင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အန်ဝှီး ပြည်နယ် အခြေစိုက်တဲ့ အဲဒီ ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်း ၂ ယောက်က ဝန်ခံ ထွက်ဆို ခဲ့တာကို တရုတ် ရုပ်သံကနေ ပြသ သွားပါတယ်။
တရုတ်ပြည်မှာ အွန်လိုင်းကနေ ရင်းနှီးမြှုပ်နှံတဲ့ အဲဒီလို အစီအစဉ်တွေဟာ အလျင်အမြန် ကြွယ်ဝလိုတဲ့ လူလတ်တန်းစား အများစုကို ဆွဲဆောင်လေ့ ရှိတယ်လို့ ဆိုပါတယ်။




