တရုတ် လုပ်ငန်းရှင်ကြီး တစ်ဦး ပျောက်ဆုံးနေ

မစ္စတာ ဂေါင် ဂွမ်ချန်းကို တရုတ်ပြည်ရဲ့ Warren Buffett လို့ ရည်ညွှန်းလေ့ ရှိ။

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, မစ္စတာ ဂေါင် ဂွမ်ချန်းကို တရုတ်ပြည်ရဲ့ Warren Buffett လို့ ရည်ညွှန်းလေ့ ရှိ။

တရုတ် နိုင်ငံက အချမ်းသာဆုံး လုပ်ငန်းရှင်တွေက တစ်ဦး ဖြစ်တဲ့ ဂေါင် ဂွမ်ချန်း Guo Guangchang ဆိုသူ ပျောက်ဆုံး နေတယ် ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။

မစ္စတာ ဂေါင်ရဲ့ ကုမ္ပဏီ ဖြစ်တဲ့ Fosun International ဖိုဆန် ကုမ္ပဏီ ဝန်ထမ်းတွေက သူတို့ သူဌေးကို ကြာသပတေး နေ့က စပြီး အဆက်အသွယ် လုပ်လို့ မရခဲ့တာလို့ ကေဇင် Caixin ဘဏ္ဍာရေး မဂ္ဂဇင်းက ဆိုပါတယ်။

ဖိုဆန် ကုမ္ပဏီဟာ တရုတ် နိုင်ငံက ပုဂ္ဂလိကပိုင် ကော်ပိုရေးရှင်းတွေထဲက အကြီးဆုံး တစ်ခု ဖြစ်ပါတယ်။ မစ္စတာ ဂေါင် ပျောက်ဆုံးနေတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ပြီးနောက် ဖိုဆန် ကုမ္ပဏီက ဟောင်ကောင်မှာ သူတို့ရဲ့ ရှယ်ယာ ရောင်းဝယ်မှုတွေကို ရပ်ထား လိုက်ပါတယ်။

တရုတ် နိုင်ငံရဲ့ ဝါရင်း ဘက်ဖတ် Warren Buffett လို့ သမုတ်ကြတဲ့ မစ္စတာ ဂေါင်ဟာ တရုတ် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံထားရတာ ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ထွက်ပေါ် နေပါတယ်။

မစ္စတာ ဂေါင်ကို ရဲတွေနဲ့ အတူ ရှန်ဟိုင်းမှာ နောက်ဆုံး မြင်လိုက်ရတယ်လို့ ဆိုရှယ် မီဒီယာ မက်ဆေ့ချ် တွေကို ကိုးကားပြီး ကေဇင် Caixin မဂ္ဂဇင်းက ပြောပါတယ်။

မစ္စတာ ဂေါင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အကျင့်ပျက် ခြစားမှု တစ်ခုနဲ့ ပတ်သက် ခဲ့ဖူးပါတယ်။ သူနဲ့ ပတ်သက်တဲ့ သတင်း အသေးစိတ်ကို ဖိုဆန် ကုမ္ပဏီက နောက်ပိုင်းမှာ အသေးစိတ် ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

မစ္စတာ ဂေါင်ရဲ့ လုပ်ငန်းတွေဟာ ကမ္ဘာအနှံ့မှာ ရှိပြီး ဖော့စ် မဂ္ဂဇင်းရဲ့ ခန့်မှန်းချက်အရ သူ့ ပိုင်ဆိုင်မှု စုစုပေါင်းဟာ ဒေါ်လာ ၇ ဘီလျံ ရှိတယ်လို့ ဆိုပါတယ်။