တရုတ် သတင်းစာဆရာမကို ကျန်းမာရေးကြောင့် လွှတ်ပေး

နာမည်ကျော် သတင်းစာဆရာမ မစ္စက် ဂေါင်ယုကို ၂၀၀၇ ခုနှစ်က မြင်ရစဉ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, နာမည်ကျော် သတင်းစာဆရာမ မစ္စက် ဂေါင်ယုကို ၂၀၀၇ ခုနှစ်က မြင်ရစဉ်။

တရုတ် နိုင်ငံမှာ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ထောင်ဒဏ် ချမှတ် ခံထားရတဲ့ သတင်းစာ ဆရာမကို ကျန်းမာရေး အခြေအနေကြောင့် အကျဉ်းထောင် ပြင်ပကနေ ပြစ်ဒဏ် ခံယူခွင့် ပေးလိုက်တယ်လို့ တရုတ် သတင်းဌာနက ပြောပါတယ်။

၇၁ နှစ် အရွယ် ဂေါင်ယုဟာ ပြီးခဲ့တဲ့ ဧပြီလက ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ် ခံခဲ့ရတာ ဖြစ်ပြီး၊ ဒီကနေ့ ကြာသပတေးနေ့မှာတော့ ဘေဂျင်းမြို့ တရားရုံးက သူ့ပြစ်ဒဏ်ကို လျှော့ပေါ့ ပေးခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှု ထင်ရှားတဲ့ ဆုံးဖြတ်ချက်ကိုတော့ မပြောင်းလဲခဲ့ ပေမယ့် ပြစ်ဒဏ်ကို ၇ နှစ်ကနေ ၅ နှစ်အထိ လျှော့ချ ပေးခဲ့ပြီး ပြစ်ဒဏ်ကိုလည်း အကျဉ်းထောင် ပြင်ပကနေ ခံယူခွင့် ပေးခဲ့တာပါ။

သူ့ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့စဉ်က နိုင်ငံတကာက အစိုးရတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ရှုတ်ချ ခဲ့ကြပါတယ်။

ဘီဘီစီက ရရှိတဲ့ သတင်းတွေအရ မစ္စက် ဂေါင်ယု အကျဉ်းထောင်ကနေ ထွက်ခွာ သွားပြီလို့ သိရပါတယ်။