ပဲရစ်တိုက်ခိုက်မှု နောက်ကွယ်မှ ကြိုးကိုင်သူ

ဓာတ်ပုံ ရင်းမြစ်, Reuters
ပဲရစ် အကြမ်းဖက် တိုက်ခိုက်မှု ထဲမှာ မသင်္ကာဖွယ် Salah Abdeslam ဟာ ကနေ့ အထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ သူတို့ အကြမ်းဖက် အဖွဲ့ ကို ဦးဆောင် ညွှန်ကြားပေးခဲ့တဲ့ Abdelhamid Abaaoud ကတော့ နို၀င်ဘာ ၁၃ ရက် ပဲရစ်မြို့ မှာ တိုက်ခိုက် ခံရပြီး ၅ ရက် အကြာမှာ ပြင်သစ်ရဲ အဖွဲ့ စီးနင်းတိုက်ခိုက်မှု အတွင်း မှာ သေဆုံးခဲ့ပါတယ်။
Abdelhamid Abaaoud ရဲ့ နောက်ကြောင်း လှုပ်ရှားမှု တွေ ကို ဥရောပ ရဲ တပ်ဖွဲ့၊ ထောက်လှမ်းရေး အဖွဲ့တွေ ကွင်းဆက် လိုက်ကြည့်ရာ မှာ တော့ သူဟာ ဂရိနိုင်ငံ အေသင်မြို့ ကနေ ဘယ်လ်ဂျီယံ မှာ ခြေကုတ် ယူထားတဲ့ အကြမ်းဖက် ဆဲလ် အဖွဲ့ ကို မိုဘိုင်းလ် ဖုန်း က တဆင့် ဆက်သွယ် ညွှန်ကြားတဲ့ အထောက် အထားတွေ အခု မှ ဖေါ်ထုတ် နိုင်ကြပါတယ်။
ဒါ ကို ကြည့်ရင် ဥရောပ နိုင်ငံတွေ အကြား မှာ ထောက်လှမ်းရေး သတင်း အချက်အလက် ပေးပို့ ဖလှယ် ဖို့ အပိုင်း မှာ လစ်ဟာ နေတာ တွေ သွားတွေ့ကြပါတယ်။ တကယ်တော့ ဂရိ ရဲ အဖွဲ့ က Abdelhamid Abaaoud ကို နှစ်ဆန်းပိုင်း ဇန္နဝါရီလ က သူ့လို မော်ရိုကို နိုင်ငံ ကနေ လာရောက် ခိုလှုံ တည်းခိုလေ့ ရှိတဲ့ အေသင်မြို့ရှိ တိုက်ခန်း ကို မသင်္ကာလို့ စီးနင်းရှာဖွေ ခဲ့ပါသေးတယ်။ ဒါပေမဲ့ Abdelhamid Abaaoud ကို မမိလိုက်ပါဘူး။
တကယ် လို့ သာ အဲဒီ အချိန် က သူ့ ကို မိခဲ့ရင် ပဲရစ် အကြမ်းဖက် တိုက်ခိုက်ခံရမှာ မဟုတ်ဘူး လို့ တွက်ဆသူတွေ ရှိပါတယ်။ Abdelhamid Abaaoud နဲ့ တိုက်ခန်း နီးချင်း အဖြစ်နေဖူးသူ ဂရိလူမျိုး ဗာဆီးလိစ် ကက်ဆာနိုစ် က Abaaoud ကို မျက်မှန်းတန်းမိကြောင်း ဘီဘီစီ ကို ပြောပါတယ်။
သူတို့အုပ်စု ဟာ ဆူဆူညံညံ စကားပြောလေ့ ရှိတဲ့ အကြောင်း၊ ဂရိဘာသာ စကားတော့ မပြောကြပါဘူး၊ သူတို့ ဘာသာ စကားပဲ ပြောယင်း လူတွေ ဝင်လိုက် ထွက်လိုက် လုပ်တာ မြင်မိတဲ့ အကြောင်း နဲ့ ရဲက တိုက်ခန်း ကို ဝင်ရောက် စီးနင်းချိန်မှာ တော့ Abaaoud လွတ်မြောက် သွားတာ ကို သူ မမြင်လိုက်ရပုံ ရဲ ကို အစစ်ခံ လိုက်တဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။
ဒါကြောင့်မို့ ဥရောပ ရဲ အဖွဲ့တွေ က အနာဂတ် မှာ တနိုင်ငံ နဲ့ တနိုင်ငံ အကြား ထောက်လှမ်းရေး သတင်း အချက်အလက်တွေ ဘယ်လို ဖလှယ် ကြမယ်၊ အကြမ်းဖက် တိုက်ခိုက်မှု ဆန့်ကျင် တိုက်ဖျက်ရေး မှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမယ် ဆိုတာ ကို ဆွေးနွေးနေကြပြီ။




