တူရကီကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ရုရှား ပြင်ဆင်

ဓာတ်ပုံ ရင်းမြစ်,
ရုရှား ဗုံးကြဲလေယာဉ်ကို တူရကီက ဆီးရီးယား နယ်စပ်မှာ ပစ်ချခဲ့မှုအတွက် ရုရှားက တူရကီအပေါ် ကျယ်ပြန့်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။
ပိတ်ဆို့မှုတွေထဲမှာ နှစ်နိုင်ငံ ပူးပေါင်း ရင်းနှီးထားတဲ့ စီမံကိန်းတွေကို ရပ်တန့်ဖို့ ကိစ္စတွေလည်း ပါဝင်ဖွယ် ရှိတယ်လို့ ရုရှား ဝန်ကြီးချုပ် ဒမီထရီ မစ်ဒီဗေးဒိဗ် က ပြောပါတယ်။
ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့အတွက် မူကြမ်းရေးဆွဲမှုကို လာမယ့် ၂ ရက်အတွင်းမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်တယ် လို့လည်း သူက ပြောပါတယ်။
တူရကီ လေပိုင်နက်ထဲ ဝင်ခဲ့လို့ ရုရှားရဲ့ SU-24 ဗုံးကြဲ လေယာဉ်ကို ပစ်မချမီ သတိပေးခဲ့တယ် ဆိုတဲ့ အသံမှတ်တမ်းကို တူရကီက အစောပိုင်းက ထုတ်ပြန် ခဲ့ပါတယ်။
အဲဒီ အသံမှတ်တမ်းထဲမှာ 'တောင်ဘက်ကို ဦးတည်ချက် ချက်ချင်း ပြောင်းလိုက်ပါ' ဆိုတဲ့ စကားကို ထပ်ခါထပ်ခါ ပြောနေသံကို ကြားရပါတယ်။
ဒါပေမယ့် မော်စကိုကတော့ သူတို့ လေယာဉ်ဟာ ဆီးရီးယား နယ်မြေထဲမှာ ပျံနေစဉ် သတိပေးချက် မရရှိဘဲ ပစ်ချ ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီကိစ္စကြောင့် ဆီးရီးယား အစိုးရကို ထောက်ပံ့တဲ့ ရုရှားနဲ့ ဆီးရီးယား သူပုန်တွေကို ထောက်ခံတဲ့ တူရကီတို့ အကြား တင်းမာမှုတွေ ရုတ်တရက် မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။




