တူရကီက သတိမပေးခဲ့ဟု ရုရှားလေယာဉ်မှူး ပြော

ဓာတ်ပုံ ရင်းမြစ်, epa
တူရကီက ပစ်ချခဲ့တဲ့ ရုရှား စစ်လေယာဉ်ရဲ့ အသက်ရှင် ကျန်ရစ်တဲ့ လေယာဉ်မှူးက တူရကီဘက်က ပစ်မချမီ သတိပေးခဲ့တာမျိုး မရှိဘူးလို့ ပြောလိုက်ပါတယ်။
သူ့လေယာဉ်ဟာ တူရကီ လေပိုင်နက်ထဲကို ဘယ်လိုနည်းနဲ့မှ မဝင်ခဲ့ဘူးလို့လည်း လေယာဉ်မှူး ကွန်စတန်တင် မူရက်ခ်တင် Konstantin Murakhtin က ရုရှား တီဗီနဲ့ တွေ့ဆုံရာမှာ ပြောဆို သွားပါတယ်။
ကပ္ပတိန် မူရက်ခ်တင်ကို ကယ်တင်ဖို့ အထူး တပ်ဖွဲ့တွေ ပါဝင်တဲ့ ၁၂ နာရီကြာ ကယ်ဆယ်ရေး အစီအစဉ်ကို လုပ်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။
သူနဲ့အတူ လေထီးခုန် ဆင်းခဲ့တဲ့ တွဲဖက် လေယာဉ်မှူးကတော့ သူပုန်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအဖြစ်ကြောင့် တူရကီနဲ့ ရုရှား အကြား တင်းမာမှုတွေ မြင့်တက်နေပြီး၊ တူရကီနဲ့ စစ်ရေး ဆက်ဆံမှု အားလုံးကို ရုရှားဘက်က ဖျက်သိမ်း လိုက်ပါတယ်။ အမေရိကန်၊ အီးယူနဲ့ ကုလသမဂ္ဂ တို့ကတော့ အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ တောင်းဆို ထားပါတယ်။
သမ္မတ ပူတင်က ဒီအဖြစ်ဟာ နောက်ကျောကနေ ဓားနဲ့ ထိုးတဲ့ လုပ်ရပ်ပဲလို့ ပြောဆိုခဲ့ပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံရမယ်လို့လည်း သတိပေးခဲ့ပါတယ်။
မော်စကို မြို့မှာလည်း တူရကီသံရုံး ရှေ့မှာ ဆန့်ကျင် ဆန္ဒပြသူတွေက သံရုံးကို ကျောက်ခဲတွေ၊ ကြက်ဥတွေနဲ့ ပစ်ပေါက် ဆန္ဒပြ ခဲ့ကြပါတယ်။




