ရုရှား လေယာဉ်မှူးတစ်ယောက်ကို ကယ်တင်နိုင်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီးရီးယား နယ်စပ်မှာ ရုရှား စစ်လေယာဉ်ကို တူရကီက ပစ်ချ ခဲ့ပြီးနောက် လေထီးခုန် လွတ်မြောက်ခဲ့တဲ့ လေယာဉ်မှူး တစ်ယောက်ကို ရှာဖွေဖို့အတွက် အထူး တပ်ဖွဲ့တွေ ပါဝင်တဲ့ ၁၂ နာရီကြာ ကယ်ဆယ်ရေး အစီအစဉ်ကို လုပ်ခဲ့ရာမှာ အဲဒီ လေယာဉ်မှူးကို ကယ်တင် နိုင်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။
သူနဲ့အတူ လေထီးခုန် ဆင်းခဲ့တဲ့ တွဲဖက် လေယာဉ်မှူးကတော့ သူပုန်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။
ရုရှား စစ်လေယာဉ်ဟာ တူရကီ လေပိုင်နက်ထဲကို ဝင်ခဲ့တယ်လို့ တူရကီဘက်က ပြောပေမယ့် ရုရှား သမ္မတ ပူတင်ကတော့ လေယာဉ်ဟာ ဆီးရီးယား နယ်နိမိတ်ထဲမှာပဲ ပျံနေခဲ့တာလို့ ဆိုပါတယ်။
ဒီအဖြစ်ကြောင့် တူရကီနဲ့ ရုရှား အကြား တင်းမာမှုတွေ မြင့်တက်နေပြီး၊ တူရကီနဲ့ စစ်ရေး ဆက်ဆံမှု အားလုံးကို ရုရှားဘက်က ဖျက်သိမ်း လိုက်ပါတယ်။ အမေရိကန်၊ အီးယူနဲ့ ကုလသမဂ္ဂ တို့ကတော့ အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ တောင်းဆို ထားပါတယ်။
ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျေ လက်ဗ်ရော့ဗ်က အခုလို ရုရှား လေယာဉ်ကို တူရကီက ပစ်ချတာဟာ ကြိုတင် စီစဉ်ထားတဲ့ တမင် ဆွပေးတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။
မော်စကို အနေနဲ့ အန်ကာရာနဲ့ ဆက်ဆံရေးတွေကို အရေးတကြီး ပြန်သုံးသပ် ရတော့မယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမယ့် ဒီအဖြစ်ကြောင့်တော့ တူရကီနဲ့ စစ်ဖြစ်ဖို့ အထိ မရည်ရွယ်ထားဖူးလို့လည်း သူက ပြောပါတယ်။
မော်စကို မြို့မှာတော့ တူရကီသံရုံး ရှေ့မှာ ဆန့်ကျင် ဆန္ဒပြသူတွေက သံရုံးကို ကျောက်ခဲတွေ၊ ကြက်ဥတွေနဲ့ ပစ်ပေါက် ဆန္ဒပြ ခဲ့ကြပါတယ်။




