အကျဉ်းထောင်မှ နိုင်ငံရေးအာဏာသို့ - ဒေါ်အောင်ဆန်းစုကြည်၊ မင်ဒဲလားနဲ့ တခြားသူများ
ဒီမိုကရေစီအတွက် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ပြီး ၁၅ နှစ်ကြာ အကျဉ်းချ ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအာဏာ ရယူဖို့ အသင့်စောင့်နေပြီ ဖြစ်ပါတယ်။
သူမရဲ့ အန်အယ်လ်ဒီပါတီဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရရှိခဲ့ပြီး တစ်ပါတီတည်းနဲ့ မြန်မာနိုင်ငံရဲ့ အစိုးရသစ် ဖွဲ့နိုင်ဖို့ သေချာနေပြီ ဖြစ်ပါတယ်။ လက်ရှိအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် တားမြစ်ထားပေမယ့် အန်အယ်လ်ဒီ အနိုင်ရလို့ အစိုးရဖွဲ့နိုင်ရင် သမ္မတအထက်မှာ သူရှိမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဖြစ်လာရင် ဘယ်လို ပုံစံနဲ့ ဦးဆောင်မယ်ဆိုတာ မသိရသေးပါဘူး။
ဒီမိုကရေစီရေး တိုက်ပွဲဝင်ရာမှာ အောင်မြင်ခဲ့ပြီး အာဏာရရှိခဲ့သူတွေရဲ့ သမိုင်းဖြစ်စဉ်တွေထဲက ခေါင်းဆောင် ၆ ဦးကို ဥပမာအနေနဲ့ တင်ပြလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AP
ဂန္ဒီ - ကျနော့်ရဲ့စိတ်ကို ခင်ဗျား ဘယ်တော့မှ ချုပ်နှောင်လို့မရ
နာမည်ရင်း Mohandas Karamchand Gandhi ဖြစ်ပေမယ့် နိုင်ငံ့ခေါင်းဆောင် ဖခင်ကြီးလို့ လူသိများတဲ့ မဟတ္တမ ဂန္ဒီ ဟာ ဗြိတိသျှလက်အောက်က အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရဖို့ နဲ့ ဆင်းရဲနွမ်းပါးတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရာမှာ စွမ်းရည် အင်မတန် ထက်မြက်သူ တစ်ဦးဖြစ်ပါတယ်။
ဂန္ဒီ ဟာ ဗြိတိသျှတွေ ဖမ်းဆီးတာ အကြိမ်ကြိမ်ခံခဲ့ရပြီး သူပြန်မလွတ်မြောက်ခင်မှာ သူ့ဇနီးဖြစ်သူဟာ အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ပါတယ်။
သူ့ရဲ့ လွတ်လပ်ရေးတိုက်ပွဲဟာ နောက်ဆုံးမှာ အောင်မြင်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံ တလုံးတစည်းတည်း ဖြစ်ရေးဆိုတဲ့ သူ့မျှော်မှန်းချက်နဲ့ ဝေးခဲ့ရပါတယ်။ ဟိန္ဒူနဲ့ မွတ်စလင် ဘာသာရေး ကွဲပြားမှုတွေကြောင့် အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ ကွဲခဲ့ရပါတယ်။
ဒီလို ဘာသာရေးမတူ ကွဲလွဲမှုတွေကြောင့် အပြန်အလှန် သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၁၀ သန်းလောက်ဟာ ကစဉ့်ကလျားနဲ့ နေရာအပြောင်းအရွှေ့တွေ လုပ်ခဲ့ကြပါတယ်။
ဒိနောက်ပိုင်း အိန္ဒိယမှာ ကျန်ရစ်တဲ့ မွတ်စလင်တွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးခဲ့တာကြောင့် ဂန္ဒီအပေါ် မကျေနပ်သူတွေ များလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံလွတ်လပ်ရေး ရပြီး လအနည်းငယ်အတွင်းမှာတော့ ဟိန္ဒူအစွန်းယောက်တစ်ဦးက ပစ်ခတ်လုပ်ကြံခဲ့တဲ့အတွက် မဟတ္တမ ဂန္ဒီ သေဆုံးခဲ့ရပါတယ်။
သူ့ရဲ့ ဈာပနအခမ်းအနား ကျင်းပရာ လမ်းတလျောက်မှာ အိန္ဒိယ ပြည်သူပေါင်း တစ်သန်းခန့် တန်းစီ တက်ရောက်ခဲ့ကြပြီး ကမ္ဘာတဝန်းရှိ နိုင်ငံတွေကလည်း အိန္ဒိယ လွတ်လပ်ရေးဖခင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးခေါင်းဆောင် တစ်ဦး သေဆုံးခဲ့မှုအပေါ် ဝမ်းနည်းကြေကွဲ ဖြစ်ခဲ့ကြပါတယ်။ သူ့အိပ်မက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံပေါင်းစည်းရေး ကိုတော့ သူမြင်တွေ့ မသွားခဲ့ရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, AP
ရောဘတ် မူဂါဘီ - ကျနော့်ကို ဘုရားသခင်ကပဲ ဖယ်ရှားနိုင်မယ်
ဘရင်ဂျီဘာသာရေးဂိုဏ်းဝင် ကျောင်းဆရာဟောင်းတစ်ဦးဖြစ်တဲ့ ရောဘတ် မူဂါဘီ ဟာ တချိန်က ရိုဒီးရှားလို့ ခေါ်ဝေါ်ခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံမှာ လူဖြူလူနည်းစု အုပ်ချုပ်မှုကို ဖြုတ်ချဖို့ အာဖရိက ပြောက်ကျားစစ်မှာ ပါဝင်ခဲ့ပြီး ၁၉၆၄ ခုနှစ်မှာ ရိုဒီးရှန်းအစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းတာခံရကာ ၁၀ နှစ်ကြာ အကျဉ်းထောင်ထဲမှာ နေခဲ့ရပါတယ်။
အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး စတင်ရရှိချိန် ၁၉၈၀ ခုနှစ်မှာတော့ မစ္စတာ မူဂါဘီဟာ တော်လှန်ရေးသူရဲကောင်း အဖြစ်နဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း အာဖရိကရှိ တခြားခေါင်းဆောင်တွေက သူ့ကို ဝေဖန်ဖို့ ငြင်းဆန်ခဲ့ကြတာ ဖြစ်ပါတယ်။
ဝေဖန်သူတွေက သူဟာ ဇင်ဘာဘွေနိုင်ငံကို ဖျက်ဆီးနေသူလို့ စွပ်စွဲပြောဆိုကြပါတယ်။ မူဂါဘီကတော့ ဇင်ဘာတွေဟာ ဘယ်တော့မှ စီးပွားရေး ချွတ်ခြုံကျတဲ့ နိုင်ငံဖြစ်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ နိုင်ငံတွင်းမှာတော့ မတန်တဆ ငွေကြေးဖောင်းပွမှုတွေ ဖြစ်နေပြီး ၂၀၀၈ ခုနှစ်မှာ ၁၀၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ မူဂါဘီဟာ အခုအချိန်အထိ ဇင်ဘာဘွေ သမ္မတအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AP
ကိုရာဇွန် အကွီနို - လူထု စွမ်းအား
Maria Corazon Sumulong Cojuangco (Cory Aquino) ကိုရာဇွန် အကွီနိုဟာ ချမ်းသာတဲ့ ဖိလစ်ပိုင် မိသားစုက ပေါက်ဖွားလာတာဖြစ်ပြီး အောင်မြင်နေတဲ့ နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ဘန်နီနို အကွီနိုနဲ့ လက်ထပ်ခဲ့ပါတယ်။ ဘန်နီနိုဟာ ဖိလစ်ပိုင်နိုင်ငံမှာ မြို့တော်ဝန်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ အထက်လွှတ်တော်အမတ် စတဲ့နေရာတွေမှာ အရွေးခံရတဲ့ အသက်အငယ်ဆုံး နိုင်ငံရေးသမားဖြစ်ပါတယ်။
ဖိလစ်ပိုင် သမ္မတ မာကို့စ်က စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ၁၉၇၃ ခုနှစ်မှာ မစ္စတာ အကွီနို ဖမ်းဆီးခံရပြီး၊ နောက် ၁၀ နှစ်အကြာမှာ ပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်မှာ လုပ်ကြံ သတ်ဖြတ်ခံရပါတယ်။
ဒါကြောင့် ကိုရာဇွန် အကွီနိုက ခင်ပွန်းဖြစ်သူ ဘန်နီနို အကွီနိုရဲ့ ဈာပန အခမ်းအနား တက်ရောက်လာကြတဲ့ တစ်သန်းကျော် လူအုပ်ကြီးကို ဦးဆောင်ပြီး သမ္မတ မားကို့စ် ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အတိုက်အခံတွေနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းစွာကန့်ကွက် လှုပ်ရှားမှုအဖြစ် လူထုလှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ မစ္စ အကွီနို အနိုင်ရရှိပြီး သမ္မတ တင်မြှောက်ခံရပါတယ်။ သမ္မတဟောင်း မားကို့စ်ကတော့ တိုင်းပြည်က ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။
သမ္မတဟောင်း မားကို့စ်အပေါ် သစ္စာစောင့်သိသူတွေနဲ့ မကျေနပ်တဲ့ စစ်တပ်အရာရှိတွေက အစိုးရသစ်အပေါ် အာဏာသိမ်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့မှုတွေ ရှိခဲ့ပေမယ့် မစ္စ အကွီနိုဟာ သမ္မတအဖြစ် အုပ်ချုပ်နေစဉ်အတွင်း ပုဂ္ဂိုလ်ရေးအရ ထင်ရှားကျော်ကြားသူ ဖြစ်ပါတယ်။
၁၉၉၂ ခုနှစ်မှာ မစ္စ အကွီနို သမ္မတရာထူးက ဆင်းပေးခဲ့ပေမယ့် နိုင်ငံရေးမှာ ဆက်လက် ပါဝင်လှုပ်ရှားခဲ့ပြီး ၂၀၀၁ ခုနှစ်၊ သမ္မတ ဂျိုးဆက်ဖ် အက်ထရာဒါကို ဖြုတ်ချပြီး ဂလိုရီယို အာရိုယိုကို အစားထိုးဖို့ စည်းရုံးလှုပ်ရှားခဲ့မှုမှာ အဓိက နေရာက ပါဝင်ခဲ့ပါတယ်။
၁၉၈၆ ခုနှစ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းခံရသလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ရပ်တည်ကာကွယ်ပေးခဲ့တာကြောင့် ဆုတွေ ချီးမြှင့်ခံရသူလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဘနာဇီယာ ဘူတို - သေရမှာ မကြောက်
ဘနာဇီယာ ဘူတိုရဲ့ ဖခင်ဖြစ်သူ ဇူလ်ဖီကာ အလီဘူတိုဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ပါကစ္စတန်နိုင်ငံရဲ့ သမ္မတ နဲ့ ဝန်ကြီးချုပ် ဖြစ်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက် ၁၉၇၉ ခုနှစ်မှာတော့ မစ္စတာ အလီဘူတိုဟာ ကြိုးပေးကွပ်မျက်တာ ခံခဲ့ရပါတယ်။ ဘနာဇီယာရဲ့ မောင်နှစ်ဦးဟာလည်း နိုင်ငံရေးလှုပ်ရှားမှုအတွင်းမှာ သေဆုံးခဲ့ကြပါတယ်။
ဘနာဇီယာ ဟာ သူ့ဖခင်ခြေရာနင်းပြီး နိုင်ငံရေးထဲ ခြေစုံပစ် ဝင်ရောက်ခဲ့ပါတယ်။ သူ့ဖခင် မသေခင်မှာတော့ အဖမ်းခံရပြီး နေအိမ်အကျယ်ချုပ် ၅ နှစ် ချထားခံခဲ့ရပါတယ်။
ဒိနောက် ကျန်းမာရေး ဆေးကုသဖို့အတွက် အကျဉ်းကျနေရာက ပြန်လွတ်မြောက်ပြီး တဲ့နောက်မှာတော့ ဗိုလ်ချုပ်ကြီး မိုဟာမက် ဇီယာ အူဟတ် ဦးဆောင်တဲ့ စစ်အစိုးရကို လန်ဒန်မြို့ကနေ ပြည်ပ နိုင်ငံရေးလှုပ်ရှားမှု စတင်လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ပါကစ္စတန်ကို ပြန်လာခဲ့ပြီး လူထု စည်းရုံးဟောပြောပွဲတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ဇီယာ လေယာဉ်ပျံပေါ်မှာ ပေါက်ကွဲမှုဖြစ် သေဆုံးခဲ့ပြီးနောက်ပိုင်း ၁၉၈၈ ခုနှစ်မှာ ဘနာဇီယာ ဘူတို ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ သူမဟာ ၁၉၈၈ မှာတစ်ကြိမ်၊ ၁၉၉၃ ခုနှစ်မှာတစ်ကြိမ်၊ ဝန်ကြီးချုပ် ၂ ကြိမ်ဖြစ်ခဲ့ပြီး ၂ ကြိမ်စလုံးမှာ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ သမ္မတက ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။
ဒိနောက်ပိုင်း ပြည်ပမှာ ၈ နှစ်နေထိုင်ခဲ့ပြီး နောက်ထပ်စစ်တပ် အမာခံ ဗိုလ်ချုပ်ကြီး ပါဗက်ဇ် မူရှာရတ်ဖ် က လာဘ်စားမှု ကိစ္စတွေနဲ့ ပတ်သက်ပြီး လွတ်ငြိမ်းခွင့်ပေးတဲ့အတွက် ၂၀၀၇ ခုနှစ်မှာ ပါကစ္စတန်ကို ပြန်လာခဲ့ပါတယ်။ စစ်အစိုးရနဲ့ ညှိနိုႈင်းခဲ့မှုအပေါ် ပါကစ္စတန်ရှိ လူတချို့က သစ္စာဖောက်အဖြစ် ရှုမြင်ခဲ့ကြပါတယ်။
၂၀၀၇ ခုနှစ်မှာတော့ နောက်ထပ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တစ်လအလိုမှာ ဘနာဇီယာ ဘူတိုဟာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ် ဖောက်ခွဲတာ ခံရပြီး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
Lech Walesa - ကျနော့်တာဝန် ပြီးဆုံးပါပြီ
Lech Walesa ဟာ ၁၉၈၀ ခုနှစ် သင်္ဘောကျင်း သပိတ်မှောက်မှုကြီးအတွင်းမှာ ကွန်မြူနစ် အစိုးရကို ယှဉ်ပြိုင်စိမ်ခေါ်ခဲ့တဲ့ ပိုလန်နိုင်ငံ သွေးစည်းခိုင်မာမှုအဖွဲ့ရဲ့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေး လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်ပြီး ဆိုဗီယက်အုပ်စု ပြိုကွဲစေခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုကြီးရဲ့ အဓိကရ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။
အလုပ်သမားအရေး သပိတ်မှောက်မှုတွေမှာ ခေါင်းဆောင်ခဲ့တဲ့အတွက် အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီလို ဖမ်းဆီးမှုတွေကို ကြောက်လန့် တုန်လှုပ်မိသလားလို့ သူ့ကို မေးတဲ့အခါ ကျနော်က ကံတရားကို ယုံတယ်၊ ဘုရားသခင်ကိုပဲ ကြောက်တာပါ၊ တခါတလေတော့လည်း ကျနော့် ဇနီးကိုပေါ့လို့ Lech Walesa က ဖြေကြားခဲ့ပါတယ်။
Lech Walesa ဟာ ၁၉၈၃ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြီး ပိုလန်နိုင်ငံ တစ်ပါတီ ကွန်မြူနစ် စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းတဲ့ ၁၉၉၀ ခုနှစ်မှာ ပထမဆုံး သမ္မတ ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ ထိပ်တိုက်ရင်ဆိုင် ပြောဆိုတတ်တဲ့ အပြုအမူကြောင့် ထောက်ခံသူတွေနဲ့ ကွာဟာမှုတွေ ရှိခဲ့ပြီး ပါးပါးနပ်နပ်မရှိသူလို့ စွပ်စွဲပြောဆိုခံခဲ့ရပါတယ်။
၁၉၉၅ ခုနှစ်မှာတော့ သမ္မတ ဒုတိယသက်တမ်း အရွေးခံရာမှာ ကွန်မြူနစ်ပါတီဝင်ဟောင်း တစ်ဦးကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် Lech Walesa ဟာ ကွန်မြူနစ် ဆန့်ကျင် တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၀၄ ခုနှစ်မှာ ပိုလန်နိုင်ငံ နိုင်ငံတကာလေဆိပ်ကို သူ့အမည်နဲ့ ဂုဏ်ပြု ခေါ်ဝေါ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နယ်လ်ဆင် မင်ဒဲလား - နိုင်ငံ့ဖခင်ကြီး
မွေးချင်း ၁၃ ယောက်ရှိတဲ့ နယ်လ်ဆင် မင်ဒဲလားဟာ ငယ်စဉ်ကျောင်းသားဘဝမှာ ကတည်းက လုံ့လဝီရိယရှိ ကြိုးစားသူ တစ်ဦးဖြစ်ပေမယ့် ၁၉၄၀ ခုနှစ်မှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ဖို့ လှုပ်ရှားခဲ့တဲ့အတွက် တက္ကသိုလ်က အထုတ်ခံခဲ့ရပါတယ်။
လူမျိုးအလိုက် နိုင်ငံရေး၊ လူမှုရေး အခွင့်အလမ်းတွေကို တခြားစီ ခွဲခြားထားပြီး လူဖြူတွေသာ မဲပေးနိုင်ခွင့်ရှိတဲ့ တောင်အာဖရိကရဲ့လူမျိုးရေးခွဲခြားတဲ့ နိုင်ငံရေး စနစ်ကို ဆန့်ကျင်ပြီး မြေအောက် တော်လှန်ရေးကာလမှာ တောင်အာဖရိက အမျိုးသားကွန်ဂရက်ကို မင်ဒဲလား က ဦးဆောင်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၅၆ ခုနှစ်မှာ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွဲချက်တင် အဖမ်းခံရပါတယ်။ ၅ နှစ်ကြာ အမှုကို ကြားနာစစ်ဆေးခဲ့ပြီးနောက် သူ့ကို တရားသေ လွှတ်ပေးလိုက်ပေမယ့် ၁၉၆၄ ခုနှစ်မှာ အဖျက်လုပ်ငန်း လုပ်ဆောင်တယ်ဆိုပြီး စွပ်စွဲခံရကာ ထောင်တသက်တကျွန်း ချမှတ်ခံခဲ့ရပါတယ်။
တောင်အာဖရိကရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရော်ဘင်ကျွန်းမှာ ၁၈ နှစ် အပါအဝင် အကျဉ်းထောင်ထဲမှာ ၂၇ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ ထောင်ထဲနေရစဉ် ကာလအတွင်း အစားထိုးကုသလို့မရအောင် မျက်စိအမြင်အာရုံ ထိခိုက်ပျက်စီးခဲ့ပြီး တီဘီအဆုတ်နာ ရောဂါလည်း ကူးစက်ခံစားခဲ့ရပါတယ်။
၁၉၉၀ ခုနှစ်မှာတော့ နယ်လ်ဆင် မင်ဒဲလား ထောင်က လွှတ်မြောက်ခဲ့ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပေးအပ်တာ ခံခဲ့ရပြီး ၁၉၉၄ ခုနှစ်မှာ တောင်အာဖရိကရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထောက်ခံအားပေးခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ လေးစားမှုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူဟာ လူဖြူတွေရဲ့ အဓိက အားကစားအဖြစ် သတ်မှတ်ခံရတဲ့ Springboks အမျိုးသား rugby ဘောလုံးအသင်းကိုလည်း အားပေးကြဖို့ တောင်အာဖရိက လူမည်းတွေကို တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။
၁၉၉၉ ခုနှစ်မှာတော့ နယ်လ်ဆင် မင်ဒဲလားဟာ သမ္မတရာထူးက ဆင်းပေးခဲ့ပြီး နိုင်ငံရေးမှ အနားယူကာ ၂၀၁၃ ခုနှစ် အသက် ၉၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပါတယ်။
တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့မှာ သမ္မတ မင်ဒဲလားရဲ့ ရုပ်အလောင်းကို ကြည့်ရှုသူပေါင်း အနည်းဆုံး တစ်သိန်းခန့်ရှိပြီး အများပြည်သူအတွက် ဖွင့်လှစ်ပေးထားတဲ့ အာဖရိက နိုင်ငံ့ခေါင်းဆောင်ကြီးရဲ့ အောက်မေ့ဖွယ် အခမ်းအနားကို လူထောင်ပေါင်းများစွာ တက်ရောက် ဂါရ၀ပြုခဲ့ကြပါတယ်။








