ကျွန်းတုတည်ဆောက်တာကို တရုတ်ကာကွယ် ပြောဆို

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာ နိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံတွေ က ခေါင်းဆောင်တွေ ရဲ့ နှစ်ပတ်လည် အစည်းအဝေး အပြီး ကျင်းပလေ့ ရှိတဲ့ အရှေ့ဖျား ဒေသ ၁၆ နိုင်ငံ အပေါင်း အမေရိကန် နဲ့ ရုရှား တို့ပါ ပါဝင်တဲ့ ထိပ်သီး ညီလာခံ ကို နိုဝင်ဘာ ၂၂ ရက် တနင်္ဂနွေ နေ့ က မလေးရှား နိုင်ငံ မြို့တော် ကွာလာလမ်ပူ မှာ ကျင်းပခဲ့ ပါတယ်။
အဲဒီ့ ညီလာခံမှာ တရုတ် နိုင်ငံက တောင်တရုတ် ပင်လယ် ထဲ အိမ်နီးချင်း နိုင်ငံတွေနဲ့ အကြား ပိုင်ဆိုင် မှု အငြင်းပွား နေတဲ့ ကျွန်းတွေ ပေါ်မှာ တည်ဆောက်ရေး လုပ်ငန်း တွေ ပြုလုပ် နေတဲ့ အပေါ် ကာကွယ် ပြောဆို ခဲ့ ပါတယ်။
အဲဒီ့ တည်ဆောက်မှု တွေဟာ ဒေသတွင်း စစ်ရေး အရ ပြင်ဆင် ဆောက်တည် တာမျိုး မဟုတ်ဘူး လို့ တရုတ် က ဆိုပါတယ်။
ဒါ့အပြင် အခုလို တောင်တရုတ် ပင်လယ်ပြင် အငြင်းပွားရာ နေရာကို အမေရိကန် ကနေ ကင်းထောက် လေယာဉ်တွေ၊ စစ်သင်္ဘော တွေ စေလွှတ် ခဲ့တဲ့ အပြုအမူဟာ နိုင်ငံရေး အရ ကျူးကျော် ရန်စရာ ရောက်တယ် ဆိုပြီး တော့လည်း တရုတ် နိုင်ငံဘက် က စွပ်စွဲ ပြစ်တင် ခဲ့ ပါတယ်။
အာရှ အရှေ့ဖျား ထိပ်သီး ညီလာခံ မှာ တရုတ် ရဲ့ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး လူကျန်မင်း က တရုတ် ပိုင်နက်ကျွန်း တွေ အနား ရေမိုင် ၁၂ မိုင် ထိ နီးကပ် အောင် ပြီး ဒါဟာ တရုတ် ဘက် က ဘယ်လို တုန့်ပြန် မလဲ ဆိုတာ စမ်းသပ်ဖို့ တမင် ရည်ရွယ် ကျူးလွန် တာ ဖြစ်တယ် ဆိုပြီး ဝေဖန် သွားခဲ့ပါတယ်။
တောင်တရုတ် ပင်လယ်ပြင် ဒေသ တစ်ခု လုံးလိုလို ကို တရုတ် က သူ့ရဲ့ ပိုင်နက် အဖြစ် သတ်မှတ် ထားပြီး အရှေ့တောင် အာရှ နိုင်ငံ ၄ နိုင်ငံကလည်း တချို့ အစိတ်အပိုင်း တွေ ဟာ သူတို့ ပိုင်နက် ဖြစ်တယ် ဆိုပြီး အသီးသီး ကြေညာ ထားကြ ပါတယ်။




