လုံခြုံရေးကြောင့် ဘောလုံးပွဲ ဖျက်လိုက်ရ

ဓာတ်ပုံ ရင်းမြစ်, ap
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားအပြီး ဥရောပ နိုင်ငံတွေမှာ သတိအနေအထား တပ်လှန့် ထားရာမှာ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့မှာ အင်္ဂါနေ့ညက ကျင်းပမယ့် ဂျာမနီနဲ့ နယ်သာလန် နိုင်ငံတကာ ချစ်ကြည်ရေး ဘောလုံးပွဲကို လုံခြုံရေး စိုးရိမ်ရတာကြောင့် မကျင်းပ ဖြစ်ပဲ ရွှေ့ဆိုင်းလိုက်ပါတယ်။
ဘောလုံးပွဲ မစခင် မိနစ် ၉၀ အလိုလောက်မှာ ပွဲမကျင်းပဖြစ်တော့ဘူး ဆိုတာကို ထုတ်ဖော် ကြေညာလိုက်တာပါ။
ဗုံးဖောက်ဖို့ ခြိမ်းခြောက်မှုကြောင့် အခုလို ပွဲ ရွှေ့ဆိုင်းလိုက်တာလို့ ရဲတွေက ပြောပါတယ်။
လောလောဆယ်မှာတော့ ဘာဖေါက်ခွဲရေး ပစ္စည်းမှ မတွေ့သေးသလို ဖမ်းဆီး ထိန်းသိမ်းမှုတွေလည်း မရှိသေးဘူးလို့ ဂျာမနီ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့က Wembley ဘောလုံးကွင်းကြီးမှာ ကျင်းပတဲ့ အင်္ဂလန်နဲ့ ပြင်သစ် ပွဲမှာတော့ ပဲရစ်မြို့ အကြမ်းဖက် တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူ ၁၂၉ဉီးအတွက် ဝမ်းနည်းကြေကွဲတဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်သင်းစလုံးက ဘောလုံးသမားတွေ လက်ချင်း ချိတ်ပြီး တမိနစ် တိတ်ဆိတ်စွာ နေခဲ့ကြပါတယ်။
ဘောလုံးပွဲ မစခင်မှာ ပြင်သစ် နိုင်ငံတော် သီချင်းကို နှစ်ဘက်စလုံးက ဘောလုံးပရိသတ်တွေက အတူ သံပြိုင် သီဆိုခဲ့ကြပါတယ်။




