IS ကို ချေမှုန်းဖို့ ပြင်သစ်သမ္မတ ကတိပြု

ဓာတ်ပုံ ရင်းမြစ်, AP
သောကြာနေ့ည ပဲရစ် တိုက်ခိုက်မှုကို ကြုံတွေ့ ခဲ့ရပြီးနောက် ပြင်သစ် နိုင်ငံအနေနဲ့ IS အဖွဲ့ကို ချေမှုန်း သွားမယ်လို့ သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က ပါလီမန် ၂ ရပ်ပေါင်း ပူးတွဲ ညီလာခံမှာ ပြောဆို ကတိပြုလိုက်ပါတယ်။
ပြင်သစ်မှာ အရေးပေါ် အခြေအနေ ကြေညာထားမှုကို သုံးလ အထိ ဆက်ထားနိုင်ဖို့ ဥပဒေ တစ်ရပ် တင်သွင်းမယ်လို့လည်း မစ္စတာ ဟော်လန်းဒ်က ပြောပါတယ်။
ပြင်သစ် အနေနဲ့ IS အဖွဲ့ကို ဟန့်တားနိုင်ရုံ မဟုတ်ဘဲ အမြစ်ပြတ်တဲ့ အထိ ချေမှုန်းသွားဖို့ ပိုင်းဖြတ်ပြီး ဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။
သောကြာနေ့ ညက ပဲရစ်မြို့မှာ ဘားဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဂီတဖျော်ဖြေပွဲ ခန်းမ တို့မှာ တိုက်ခိုက် ခံရမှုကြောင့် လူ ၁၂၉ ယောက် သေဆုံး ခဲ့ရပြီး၊ အဲဒီ တိုက်ခိုက်မှုတွေကို IS စစ်သွေးကြွတွေက သူတို့ လုပ်ခဲ့တာလို့ ပြောခဲ့ပါတယ်။
အမေရိကန် သမ္မတ၊ ရုရှား သမ္မတ တွေနဲ့လည်း လာမယ့် ရက်ပိုင်း အတွင်း တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ မစ္စတာ ဟော်လန်းဒ်က ပြောပါတယ်။
လုံခြုံရေး တပ်ဖွဲ့တွေ အတွက် ထောက်ပံ့မှုတွေ ပိုမို ပံ့ပိုးပေးသွားမယ်လို့ ကတိပြုခဲ့သလို၊ IS အဖွဲ့ အပေါ် တိုက်ခိုက်မှုတွကို ပိုမို တိုးမြှင့်နိုင်ဖို့ ချားလ်စ်ဒီဂေါလ် လေယာဉ်တင် သင်္ဘောကိုလည်း ကြာသပတေး နေ့မှာ ပို့လွှတ် သွားမယ်လို့ သူက ပြေပါတယ်။




