ဆာခါရော့ဗ် လူ့အခွင့်အရေးဆု ဆော်ဒီ ဘလော့ဂါ ရရှိ

ဓာတ်ပုံ ရင်းမြစ်, epa
ဥရောပ ပါလီမန်က နှစ်စဉ် ချီးမြှင့်တဲ့ ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို ဆော်ဒီ အာရေဗျ နိုင်ငံသား ဘလော့ဂါ Raif Badawi က အခုနှစ် အတွက် ရရှိသွားပါတယ်။
မစ္စတာ ဘာဒါဝီဟာ ဘာသာရေးနဲ့ နိုင်ငံရေး ကိစ္စတွေ ဆွေးနွေးတဲ့ Free Saudi Liberals လို့ ခေါ်တဲ့ ဖိုရမ် တစ်ခုကို ထူထောင် ရေးသားသူ ဖြစ်ပါတယ်။
မစ္စတာ ဘာဒါဝီဟာ အစ္စလာမ် စံနှုန်းတွေကို စော်ကားတယ် ဆိုတဲ့ စွဲချက်တွေနဲ့ မနှစ်တုန်းက ထောင်ဒဏ် ၁၀ နှစ်နဲ့ ကြိမ်ဒဏ် အချက် တစ်ထောင် ချမှတ် ခံထား ရသူ ဖြစ်ပါတယ်။
သူ့အပေါ် ချမှတ်တဲ့ အဲဒီ ပြစ်ဒဏ်တွေက နိုင်ငံတကာကို ဒေါသ ထွက်စေခဲ့ပါတယ်။ အဲဒီ ကြိမ်ဒဏ်တွေအနက် အချက် ၅၀ ကို ခံယူခဲ့ရပြီး ဖြစ်ပါတယ်။
ဆော်ဒီ နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် ဥရောပ နိုင်ငံတွေက ဝေဖန်မှုတွေ တိုးလာနေချိန်မှာ အခုလို မစ္စတာ ဘာဒါဝီကို ဆာခါရော့ဗ်ဆု ချီးမြှင့် လိုက်တာ ဖြစ်ပါတယ်။




