တရုတ်က အက်ပဲလ်စတိုး လျှို့ဝှက်ကုဒ်တွေ ပါဝင်

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်ပြည်က အိုင်ဖုန်းနဲ့ အိုင်ပတ်တွေမှာ အများစု အသုံးပြုကြတဲ့ အက်ပ်စ် Apps အချို့မှာ ဟက်ကာတွေရဲ့ လျှို့ဝှက် ထောက်လှမ်းတဲ့ ကုဒ်တွေ ပါဝင်နေတဲ့ အတွက် အဲဒါတွေကို ဖယ်ထုတ် သွားမယ်လို့ အက်ပဲလ် ကုမ္ပဏီက ပြောပါတယ်။
အဲဒီလို Apps တွေထဲ အန္တရာယ်ရှိတဲ့ လျှို့ဝှက် ကုဒ်တွေ ပါလာမှုဟာ အက်ပဲလ် စတိုးပေါ်မှာ ပထမဆုံးနဲ့ အကြီးဆုံး ဆိုက်ဘာ တိုက်ခိုက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
iOS Apps တွေ ရေးသားရာမှာ သုံးတဲ့ အက်ပဲလ် ဆော့ဖ်ဝဲ တစ်ခုကို ဟက်ကာတွေက အတု ပြုလုပ်ခဲ့ပြီးနောက် အက်ပ်စ်တွေ ရေးတဲ့ ဒဗလော့ဗာတွေကို ဆွဲချ အသုံးပြု စေခဲ့တာပါ။
ဒါကြောင့် အဲဒီ apps တွေကနေ တဆင့် အသုံးပြုသူရဲ့ အချက်အလက်တွေကို ဟက်ကာတွေက ခိုးယူနိုင်သလို၊ ဟက်ကာတွေ ထိန်းချုပ်တဲ့ ဆာဗာတွေဆီလည်း ပေးပို့စေနိုင်တာ ဖြစ်ပါတယ်။
အဲဒီ XcodeGhost လို့ ခေါ်တဲ့ ဆော့ဖ်ဝဲအတုကို သုံးပြီး ဖန်တီးတယ်လို့ သိရတဲ့ Apps တွေကို အက်ပဲလ် စတိုး ကနေ ဖယ်ထုတ် လိုက်ပြီလို့ အက်ပဲလ် ကုမ္ပဏီရဲ့ ပြောခွင့်ရ အမျိုးသမီး Christine Monaghan က ဆိုပါတယ်။
အက်ပဲလ် အက်ပ်စ်တွေ ရေးသားရာမှာ Xcode အမှန်အကန်ကို သုံးဖို့ ဒဗလော့ဗာတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့လည်း သူမက ပြောပါတယ်။




