ဟန်ဂေရီရဲကဆန္ဒပြဒုက္ခသည်တွေကိုမျက်ရည်ယိုဗုံးနဲ့ပစ်

ဓာတ်ပုံ ရင်းမြစ်, AFP
ဥရောပ မြောက်ပိုင်းမှာ သွားရောက် ခိုလှုံဖို့ အတွက် ဟန်ဂေရီ နိုင်ငံရဲ့ ပိုင်နက်ကို ဖြတ်သန်း သွားဖို့ ကြိုးစား နေသူ ရွှေ့ပြောင်း ဒုက္ခသည် တွေကို ဟန်ဂေရီ ရဲတွေက မျက်ရည်ယို ဗုံးတွေ မီးသတ်ပိုက် တွေနဲ့ ဖြိုခွဲခဲ့တာနဲ့ ပတ်သက်လို့ ဆားဘီးယားနဲ့ ကုလသမဂ္ဂက ပြင်းပြင်း ထန်ထန် ဝေဖန် လိုက်ပါတယ်။
ဆားဘီယား ဝန်ကြီးချုပ် အလက်ဇန္ဒား ဗူးချစ်ချ် က အိမ်နီးချင်း ဟန်ဂေရီနိုင်ငံနဲ့ ဆက်ဆံရေး မပျက်ချင်တဲ့အတွက် စွပ်စွဲပြောတာမျိုး မလုပ်လိုပေမယ့် ဆားဘီးယား ပိုင်နက်ဘက်ကို ဟန်ဂေရီ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ လှမ်းပစ်ခဲ့တာ ဟာ ဥရောပသား မဆန်တဲ့ လုပ်ရပ်ဖြစ်ပြီး ရက်စက်ရာ ကျလွန်းတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ရွှေ့ပြောင်းဒုက္ခသည် တွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်လို့ သူအကြီးအကျယ် တုန်လှုပ် သွားခဲ့ ရတယ်လို့ ပြောပါတယ်။
ဒါပေမယ့်် ဟန်ဂေရီ အစိုးရ ကတော့ သူတို့ လုပ်ရပ်ကို ကာကွယ် ပြောဆို သွားခဲ့ပြီး ရွှေ့ပြောင်းဒုက္ခသည်တွေ နယ်စပ် သံဆူးကြိုးကို ဖောက်ဝင်ဖို့ ကြိုးစားစဉ် ဟန်ဂေရီ ရဲအရာရှိ ၃၀လောက် ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။
တခါ ဗုဒ္ဓဟူးနေ့တုန်းက ခရိုအေးရှားနိုင်ငံထဲကို ရွှေ့ပြောင်းဒုက္ခသည် တထောင့်နှစ်ရာလောက် ဖြတ်ကျော် ဝင်လာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက ပြောပါတယ်။




