ပါကစ္စတန် ဆွန်နီအဖွဲ့ ခေါင်းဆောင်ကို ရဲက ပစ်သတ်

ဓာတ်ပုံ ရင်းမြစ်, AFP
ပါကစ္စတန် နိုင်ငံမှာ ပိတ်ပင်ထားတဲ့ ဆွန်နီ စစ်သွေးကြွ အဖွဲ့ဖြစ်တဲ့ Lashkar-e-Jhangvi အဖွဲ့ရဲ့ ခေါင်းဆောင် Malik Ishaq ကို ထွက်ပြေးဖို့ ကြိုးစားစဉ် ပစ်သတ် လိုက်တယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောပါတယ်။
Ishaq ကို ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ပန်ဂျပ် ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ ယာဉ်တန်းနဲ့ ခေါ်ဆောင်လာစဉ် သူ့ကို ထောက်ခံသူတွေက သူလွတ်မြောက်ဖို့ အတွက် ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပါတယ်။
အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု အတွင်း Ishaq နဲ့အတူ သူ့သား ၂ ယောက်နဲ့ စစ်သွေးကြွ ၁၁ ယောက် သေဆုံး ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
Lashkar-e-Jhangvi အဖွဲ့ဟာ အခု နှစ်အနည်းငယ် အတွင်းမှာ ရှီးယား မွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှု အများစုအတွက် နောက်ကွယ်က ကြိုးကိုင်တဲ့ အဖွဲ့ ဖြစ်ပါတယ်။




