အိန္ဒိယသမုဒ္ဒရာ ကျွန်းစုမှာ လေယာဉ်အပိုင်းအစ တခု တွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, AFP
အိန္ဒိယ သမုဒ္ဒရာ ရဲ့ Reunion ကျွန်းစုပေါ်ကို ပင်လယ်ရေနဲ့ မျောပါ ရောက်လာတဲ့ လေယာဉ်အပျက်အစီး အပိုင်းအစ တခုဟာ ပျောက်ဆုံးနေတဲ့ မလေးရှား ခရီးသည်တင် လေယာဉ်ရဲ့ အပိုင်းအစတွေလားဆိုတာကို ပြင်သစ် သယ်ယူပို့ဆောင်ရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေက စစ်ဆေးနေပါတယ်။
အဲဒီ အပျက်အစီး အပိုင်းအစဟာ ပျောက်ဆုံးနေတဲ့ လေယာဉ်နဲ့ မော်ဒယ်လ် ချင်းတူတဲ့ Boeing 777 အမျိုးအစား လေယာဉ်တစင်းရဲ့ တောင်ပံ အစိပ်အပိုင်းဖြစ်တယ်ဆိုတာ အဲဒီ အပျက်အစီး ဓါတ်ပုံကို တွေ့ခဲ့ရတဲ့ စုံစမ်းစစ်ဆေးသူတွေက အတော်လေး သေချာသလောက်ပဲလို့ အမေရိကန် သတင်းရပ်ကွက်က ပြောပါတယ်။
ပြင်သစ် ကျွမ်းကျင်သူတွေကတော့ သေချာပေါက်ပြောဖို့ အချိန်စောသေးတယ်လို့ ဆိုပါတယ်။
Boeing 777 အမျိုးအစား လေယာဉ်တွေထဲမှာ မလေးရှား ခရီးသည်တင် လေယာဉ် အမှတ် MH370 တစင်းပဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလေယာဉ်ပေါ်မှာ လူ ၂၃၉ဦး ပါသွားပါတယ်။




